Saturday, November 21, 2020

သမတဆက်လုပ်နိုင်ဖို့ ဒေါ်နယ်ထရမ့်ရဲ့ ယူအက်စ်အေ ဒီမိုကရေစီစနစ်နဲ့ ဥပဒေကို လက်တလုံးခြားလုပ်နည်း

သမတဆက်လုပ်နိုင်ဖို့ ဒေါ်နယ်ထရမ့်ရဲ့ ယူအက်စ်အေ ဒီမိုကရေစီစနစ်နဲ့  ဥပဒေကို လက်တလုံးခြားလုပ်နည်း

ယူအက်စ်အေရဲ့  ၄၅ ယောက်မြောက် သမတ ဒေါ်နယ်ဂျေထရမ့်ဆိုတာ နှယ်နှယ်ရရမဟုတ်၊ အမေရိကန်သမတသမိုင်းမှာ တခါမှ မရှိဘူးသေးတာတွေ အများကြီးလုပ်ခဲ့သူဖြစ်ပါတယ်။

ဒေါ်လာဘီလီယံနဲ့ချီပြီးချမ်းသာပါလျက် တနှစ်ကိုဒေါ်လာ ၇၅၀ သာအခွန်ဆောင်ပြီးတချို့နှစ်တွေမှာ လုံးဝအခွန် မဆောင်ရအောင် ဥပဒေကို လှည့်နိုင်သူပါ။

၂၀၂၀ နိုဝင်ဘာ သမတရွေးကောက်ပွဲမှာ ရှုံးပေမယ့် အရှုံးကိုလက်မခံဘဲ အိမ်ဖြူတော်မှာဆက်နေလို့ရဖို့ နည်းမျိုးစုံနဲ့ ကစားနေပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်ကတည်းက သူမဲရှုံးလျင် မဲမသမာမှုတွေရှိတယ်လို့ စွပ်စွဲဖို့ပြင်ဆင်ခဲ့ပြီး ရွေးကောက်ပွဲပြီးတာနဲ့ စွပ်စွဲတာ တရားစွဲတာတွေစခဲ့ပါတယ်။ ဒါပေမယ့် ခိုင်လုံတဲ့အထောက်အထားတွေမပြနိုင်လို့ အမှုတွေကို တရားရုံးတွေကလက်မခံဘဲငြင်းပယ်တာ ခံရပါတယ်။



လက်မလျှော့နိုင်သေးတဲ့ထရမ့် မဲပြန်ရေခိုင်းဖို့ကြိုးစားပေမယ့် ရလာဒ်ပြောင်းဖို့မဖြစ်နိုင်အောင် မဲကွာဟချက်များတဲ့အပြင် စားရိတ်တင်ရတာလည်းကြီးတာကြောင့် ဂျော်ဂျီယာနဲ့ ဝစ်ကွန်စင်ပြည်နယ်တစိတ်တဒေသမှာပဲမဲပြန်ရေခဲ့ပါတယ်။ ဂျော်ဂျီယာမှပြည်ရေလည်းသူရှုံးတာပါပဲ။ ဝစ်ကွန်စင်ပြည်နယ်တခုလုံး မဲပြန်ရေချင်လျင် စားရိတ် ဒေါ်လာ ၇.၈ သန်းပေးရမှာဖြစ်လို့ သူရှုံးတဲ့ ခရိုင်နှစ်ခုကိုပဲ ဒေါ်လာ သုံးသန်းပေးပြီး ပြန်ရေနေပါတယ်၊။ အဲဒီမှာထရမ့်ရဲ့လူတချို့က မဲပြန်ရေတာကိုအနှောက်အယှက်ပေးတာတွေရှိတယ်လို့ ထရမ့်ကိုထောက်ခံတဲ့ Fox News   ကရေးပါတယ်။ 




 

 ၂၀၂၀ အမေရိကန်သမတရွေးကောက်ပွဲရလာဒ်

လက်မလျှော့နိုင်တဲ့ ထရမ့် အိမ်ဖြူတော်မှာဆက်နေလို့ရအောင် ဘာတွေထပ်လုပ်နေလဲ

၁. သူလက်လွတ်သွားတဲ့ ပြည်နယ်တွေနဲ့ ရှုံးတဲ့ ခရိုင်တွေက မဲရလာဒ်တွေကို အတည်မပြုအောင် နှောင့်နှေးအောင် နည်းမျိုးစုံနဲ့လုပ်နေပါတယ်။

၂. အဲဒီပြည်နယ်တွေထဲက သူ့ပါတီကကြီးစိုးတဲ့  ဥပဒေပြုအမတ်ရှိတဲ့ ပြည်နယ်တွေမှာ မဲရလာဒ်တွေပြောင်းပြန်ဖြစ်အောင် ကျိုးစားပါတယ်။

၃. အဲဒီပြည်နယ်တွေက ဥပဒေပြုအမတ်တွေကိုစည်းရုံးပြီး ပြည်နယ်ကိုယ်စားလှယ် Electors တွေ သမတရွေးဖို့မဲပေးတဲအခါ မဲဆန္ဒရှင် ဆန္ဒနဲ့ဆန့်ကျင်ပြီး သူ့ကိုပဲမဲပေးဖို့ဖိအားပေးပါတယ်။

သူဒီလို့ကြံနေရတဲ့ အကြောင်းကတော့ အမေရိကန်သမတရွေးတဲ့အခါ တကယ် အပြီးသတ်မဲပေးတာကို Electors  ခေါ်ပြည်နယ်ကိုယ်စားပြုကိုယ်စားလှယ်တွေကမဲပေးရတဲ့  Electoral College ခေါ်တဲ့စနစ်ကြောင့်ပါ။

 ဒီတော့ ထရမ့်ရဲ့ဆင်ကြံနောက်ကွယ်ကိုပြန်ကြည့်ဖို့ အမေရိကန်သမတရွေးကောက်ပုံကိုအရင်လေ့လာရပါမယ်၊

အမေရိကန်သမတရွေးကောက်ပုံ

အမေရိကန်သမတကို ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်တယ်လို့ ဆိုပေမယ့်ကြားမှာ တဆင့်ခံထားပါတယ်။

Electors ဆိုတဲ့ပြည်နယ်ကိုယ်စားပြုမဲပေးသူတွေပါ၊

အမေရိကန်အခြေခံဥပဒေအရ အထွေထွေရွေးကောက်ပွဲအပြီးမှာ သမတနဲ့ဒုသမတအတွက် မဲဆန္ဒရှင်တွေရဲ့မဲတွေကို တနိုင်ငံတခုလုံးအတွက် ပေါင်းပြီး အရှုံးအနိုင်တွက်တာမဟုတ်ပါ။

ပြည်နယ်တခုချင်းစီ ရေတွက်ပါတယ်။

ပြည်နယ်အလိုက် ဘယ်သမတလောင်းက ထောက်ခံသူအများဆုံးရတယ်ဆိုတာကိုအတည်ပြုပါတယ်။ 

အဲဒီပြည်နယ်တွေတိုင်းက သမတကိုတိုက်ရိုက်မဲပေးနိုင်တဲ့ Electors ဆိုတဲ့ ပြည်နယ်ကိုယ်စားပြုမဲပေးသူတွေ အချိုးကျ ရထားပါတယ်။

တနိုင်ငံလုံးကအဲဒီ Electors တွေက သမတနဲ့ ဒုသမတကို တိုက်ရိုက် မဲပေးပြီး အဲဒီမဲရလာဒ်ကို ကွန်ဂရက်မှာရေတွက်ကာ အနိုင်ရသူကိုသမတနဲ့ ဒုသမတ အဖြစ်ကြေညာတာပါ။

အဲဒီစနစ် ကို Electoral College လို့ခေါ်ပါတယ်။

အမေရိကန်သမတရွေးကောက်ပုံအဆင့်ဆင့် 


Electoral College နဲ့ electors 

ပြည်နယ်တိုင်း ဆီးနိတ်လွှတ်တော် ကိုယ်စားလှယ် ၂ ယောက် နဲ့ လူဦးရေအလိုက် ရထားတဲ့ အောက်လွှတ်တော် အမတ်အရေအတွက် စုစုပေါင်း (ကွန်ဂရက် လွှတ်တော် ၂ ရပ် ရဲ့ကိုယ်စားလှယ် စုစုပေါင်း) အရေအတွက် အတိုင်း  electors  ခေါ်  ပြည်နယ်ကိုယ်စားပြုမဲပေးသူအရေအတွက် ခွဲတမ်းရပါတယ်။

ဒါကြောင့် လူဦးရေ သန်း ၃၀၀ ရှိတဲ့ တနိုင်ငံလုံးမှာ သန်း တစ်ရာကျော်ကမဲပေးပေမဲ့ နောက်ဆုံးမှာ စုစုပေါင်း ရှိတဲ့ electors ၅၃၈ ယောက်ရဲ့မဲအများစု ၂၇၀ နဲ့ အထက်ရသူသမတလောင်းကို သမတ အဖြစ်အတည်ပြုပါတယ်။

ပြည်နယ်အလိုက် electors ခွဲတမ်း


ဒါဖြင့်မဲဆန္ဒရှင်တွေရဲ့မဲတွေက သမတရွေးဖို့ဘယ်လိုအကျိုးသက်ရောက်မလဲ၊ Electors တွေကိုဘယ်လိုရွေးလဲ

အဲဒီ elector တွေကိုရွေးပုံရွေးနည်းနဲ့ တာဝန်တွေက တော့ ပြည်နယ်ဥပဒေအလိုက်နည်းနည်းကွဲပါတယ်။

ပြည်နယ်တိုင်းမှာ ရွေးကောက်ပွဲမတိုင်မီ သမတလောင်းတွေက သူတို့အတွက် electors  တွေကိုကြိုတင်ရွေးထားပါတယ်။ အဲဒီလိုကြိုရွေးထားတဲ့ ကိုယ်စားလှယ် အစုကို slate လို့ခေါ်ပါတယ်။ သူတို့ပါတီကနေရွေးကြတာပါ။

Electoral College စနစ်မှာ ပြည်နယ်အများစုက  “winner-take-all”  လို့ခေါ်တဲ့စနစ်ကိုကျင့်သုံးပါတယ်။ သမတရွေးကောက်ပွဲအတွက် ပြည်နယ်အတွင်းက မဲဆန္ဒရှင်တွေပေးတဲ့မဲ ( popular vote) တွေကို ရေတွက်အတည်ပြုပြီးနောက် ဘယ်သမတလောင်းက အဲဒီပြည်နယ်မှာအနိုင်ရတယ်လို့ အတည်ပြုပြီးချိန်မှာတော့ သူ့အတွက်ရွေးထားတဲ့ electors အုပ်စု slate က အဲဒီပြည်နယ်ကိုယ်စားမဲပေးမယ့် electors တွေဖြစ်သွားပါတယ်။ အဲဒီလို electors တွေကို ပြည်နယ်ကိုယ်စားပြုမဲပေးဖို့ရွေးလိုက်တဲ့အခါ သူတို့က ကြိုတင်ကတိရှိထားတဲ့အတိုင်းသူတို့ပါတီရဲ့ သမတလောင်းကိုပဲမဲပေးပါတယ်။ ဒါကြောင့် ပြည်နယ်အတွင်းမှာ မဲအများစုရတဲ့ သမတလောင်းက တပြည်နယ်လုံးစာ  electors  တွေရဲ့မဲအားလုံးကိုရသွားပါတယ်။


ဥပမာ. နောက်ဆုံးမဲပြန်ရေတဲ့ဂျော်ဂျီယာပြည်နယ် ကိုယ်စားလှယ်ခွဲတန်းက ၁၆ မဲ၊

ပြည်သူက မဲပေးတာ ဂျိုးဘိုင်ဒင်က  ၄၉.၅%  နဲ့ ထရမ့် ၄၉.၃ % ။ ဂျိုးဘိုင်ဒင်က မဲတစ်သောင်းနှစ်ထောင်ကျော်ကပ်ပြီး အသာရတယ်။ 

ဒါကို ပြည်နယ်က ရွေးကောက်ပွဲကိုယ်စားလှယ်တွေက အတည်ပြုလက်မှတ်ထိုးတယ်။

ဒီတော့ ဂျော်ဂျီယာမှာ ဘိုင်ဒင်နိုင်သွားလို့ သူရွေးထားတဲ့ ဒီမိုကရက်  electors ၁၆ ယောက် အုပ်စု (slate) က ပြည်နယ်တခုလုံးအတွက် ကိုယ်စားမဲပေးခွင့်ရသွားပါတယ်။  သူတို့က  လာမယ့် ဒီဇင်ဘာ ၁၄ ရက်မှာ electors တွေ မဲပေးတဲ့အခါ ပြည်နယ်မဲဆန္ဒရှင် အများစုသဘောအတိုင်း ၁၆ မဲလုံးကို ဘိုင်ဒင်ကိုပေးပါတယ်။

၄၉.၅%  နဲ့ ၄၉.၃ % ရှိလို့ ဆိုပြီး ၉ မဲ  ၇ မဲ မပေးပါ။

ဂျော်ဂျီယာပြည်နယ်  ၂၀၂၀ သမတရွေးကောက်ပွဲ မဲပြန်ရေတွက်ပြီး ရလာဒ်



Maine and Nebraska ပြည်နယ် ၂ခုမှာကတော့ မဲပေးပြည်သူအချိုးကျ ကိုယ်စားလှယ်ခွဲတမ်းပေးပါတယ်။

ဒါကြောင့် မဲဆန္ဒရှင်တွေရဲ့အနည်းအများကိုလိုက်လို့ ပြည်နယ်က ဘယ်သမတလောင်းကိုမဲပေးမလဲဆိုတာကို ဆုံးဖြတ်သလိုဖြစ်သွားပါတယ်။ 

safe harbor deadline 



electors တွေကသမတကိုဘယ်လိုမဲပေးကြလဲ

ဘယ်  electors အစုက ပြည်နယ်ကိုယ်စားမဲပေးမယ်လို့ အတည်ပြုပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှုးက  အရင်ကတည်းက ရွေးထားတဲ့ သမတလောင်းတွေရဲ့ electors စာရင်း၊ သမတလောင်း ၂ ယောက်ပြည်နယ်အတွင်းရတဲ့ မဲအရေအတွက်၊ ပြည်နယ်က သူတို့ကိုယ်စားမဲပေးဖို့အတည်ပြုပေးလိုက်တဲ့ electors စာရင်းတွေကို Certificate of Ascertainment အဖြစ်ပြုစုကာတစ်စောင်ကို အမျိုးသားမော်ကွန်းဌာန National Archives and Records Administration (NARA) ကိုတင်ပါတယ်။

ရွေးကောက်ပွဲပြီးနောက်လာတဲ့ဒီဇင်ဘာ ဒုတိယ ဗုဒ္ဓဟူးမတိုင်မီတနင်္လာနေ့မှာ ပြည်နယ်အလိုက် ရွေးထားတဲ့ electors တွေက ပြည်နယ်အတွင်း သတ်မှတ်တဲ့နေရာမှာ ဆုံကြပြီး  သမတနဲ့ ဒုသမတတို့ သီးသန့်မဲလက်မှတ်တွေနဲ့မဲပေးပါတယ်။ အဲဒီမဲတွေကို State’s Certificate of Vote မှာ မှတ်တမ်းတင်ပြီး ကွန်ဂရက်ကိုပို့ရတာပါ။ ရွေးကောက်ပွဲပြီး ရောက်လာတဲ့ ဇန္နဝါရီလ ၆ ရက်မှာ လုပ်တဲ့ ပူးတွဲကွန်ဂရက်မှာ တနိုင်ငံလုံးက State’s Certificate of Vote  မဲတွေကိုရေတွက်ပြီးအများစုရတဲ့ သူကိုသမတ နဲ့ ဒုသမတအဖြစ်တရားဝင်ကြေညာတာပါ။

အဲဒီ electors တွေက ဆိုင်ရာ ပြည်နယ်ဥပဒေအတိုင်း  သူတို့ကိုယ်စားပြုတဲ့ပြည်နယ်အတွက် ပြည်နယ်ထဲမှာ မဲဆန္ဒရှင် အများစုရွေးချယ်တဲ့ အနိုင်ရတဲ့ သမတလောင်း (သူတို့အုပ်စုကိုရွေးထားတဲ့ သမတလောင်း) ကိုပဲမဲပေးကြလေ့ရှိပါတယ်။ ဒါပေမယ့် အခြေခံဥပဒေမှာ သူတို့က ပြည်သူပေးတဲ့ မဲ ( popular vote ) ကိုဆန့်ကျင်ပြီးတခြားသမတလောင်းကို မဲမပေးရဘူးလို့တာမြစ်ထားတာမရှိပါဘူး။ အဲဒါကြောင့် ဖေါက်ပြီး ပြိုင်ဘက် သမတလောင်းကို မဲပေးတာတွေလည်းရှိတယ်ဆိုပါတယ်။ "faithless electors" လို့ခေါ်ပါတယ် တချို့ပြည်နယ်တွေမှာ အဲဒီ "faithless electors" ကိုဒါဏ်တပ် တာ သို့မဟုတ် elector အဖြစ်ကနေဖယ်ရှားပြီး လူစားထိုးတာတို့လုပ်လို့ရတဲ့ဥပဒေတွေပြဌာန်းထားပါတယ်။

၂၀၁၆ ရွေးကောက်ပွဲမှာ ဟာဝိုင်အီ၊ တက္ကဆက်၊ ဝါရှင်တန်ပြည်နယ်တွေမှာ faithless electors တွေက သူတို့ ပါတီကမဟုတ်တဲ့ သမတလောင်းနဲ့ ဒုသမတလောင်း တွေကိုမဲပေးခဲ့ကြပါတယ်။


ထရမ့်ရဲ့ဥပဒေကို လက်တလုံးခြားလုပ်တဲ့ အကွက်များ

တရားစွဲ၊ မဲပြန်ရေနည်းတွေမအောင်မြင်တော့တဲ့အခါ 

 ၁။ ရှုံးတဲ့ ခရိုင်မဲတွေကိုအတည်မပြု ထည့်မတွက်ဘဲ ချန်တဲ့နည်း။

အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်တခုချင်းစီက မဲရလာဒ်ကို အတည်ပြု လက်မှတ်မထိုးခင် ကောင်တီခရိုင်တခုချင်းစီက ပါတီကိုယ်စားလှယ်တွေက သူတို့ကောင်တီမဲရလာဒ်ကိုလက်မှတ်ထိုးအတည်ပြု certify လုပ်ရပါတယ်။ အဲလိုအတည်ပြုပြီးတဲ့ ခရိုင်မဲတွေကိုပြည်နယ်က ပြန်ပေါင်းပြီး ပြည်နယ်မဲရလာဒ်ကို အတည်ပြုပေးရတာပါ။

အကြိတ်အနယ်ပြိုင်ပြီး ထရမ့်လက်လွတ်ခဲ့တဲ့ပြည်နယ်တွေမှာ လူဦးရေထူထပ်တဲ့ ကောင်တီတချို့ကပဲဂျိုးကိုမဲပိုပေးတာပါ။ အဲဒီကောင်တီရလာဒ်ကို ဖယ်လိုက်လျင် ကျန်တဲ့ မဲတွေနဲ့ဆို ထရမ့်ကသာပါတယ်။ ဒီဗျူဟာကိုသူကသုံးပါတယ်။

သူတို့ ရလာဒ်ကို ဘယ်လိုပြောင်းကြမလဲ ။

ဥပမာ မီချီဂန်ပြည်နယ် ဝိန်းကောင်တီမှာ ထရမ့်ပါတီကိုယ်စားလှယ်က မဲရလာဒ်ကိုအတည်ပြုလက်မှတ်ထိုးပြီးမှ  အတည်မပြုပါလို့ ပြန်ငြင်းပါတယ်။ ခြိမ်းခြောက်ခံရလို့ လက်မှတ်ထိုးခဲ့တာလို့ဆိုပါတယ်။ သူတို့အဲလိုမပြောင်းခင် ထရမ့်ကခေါ်တွေ့ခဲ့ပါတယ်။

မီချီဂန်မှာ ဘိုင်ဒင်က မဲတသိန်းခွဲကျော်နဲ့ သာပေမယ့် ဝိန်းကောင်တီတခုထဲမှာ မဲ နှစ်သိန်းခွဲနီးပါး အသာရတာပါ၊ အဲဒီကောင်တီမဲကိုအတည်မပြုဘဲကျန်ကောင်တီမဲတွေနဲ့ပဲဆုံးဖြတ်လျင် ထရမ့်က မဲကိုးသောင်းအသာရသလိုဖြစ်သွားပါတယ်။

ဒီတော့ ပြည်သူအများစုမဲကို ဂျိူးက ရပေမယ့် ဝိန်းကောင်တီ မဲရလာဒ်ကို အတည်မပြုဘဲ ကျန်မဲတွေနဲ့ ပြည်နယ်ကဥပဒေပြုအမတ်တွေကပြည်နယ် မဲရလာဒ်ကို အတည်ပြုမယ်၊ ဒါဆို မီထချီဂန်မှာထရမ့်နိုင်လို့ သူ့  elector ပြည်နယ်မဲကိုယ်စားလှယ် တွေကမဲပေးလျင် ထရမ့်က ၁၆ မဲလုံးရသွားပါမယ်။

ဒါဟာ ပြည်နယ် ဥပဒေပြုအမတ်တွေက လက်တလုံးခြားလုပ်ပြီး ပြည်သူအများစုဆန္ဒကိုဆန့်ကျင်ပြီး မဲပေးတဲ့ သဘောပါ။

ဒီလိုလုပ်ဖို့ ထရမ့်က အဲဒီပြည်နယ်က သူ့ရီပါဘလစ်ကန် အမတ်တွေနဲ့ညှိနေတယ်ဆိုပါတယ်။

ဒီလိုပဲ ပန်ဆယ်ဗေးနီးယားနဲ့ ဝစ်ကွန်စင် ပြည်နယ်တွေမှာ ကောင်တီ တစ်ခု နှစ်ခုကမဲတွေကို ပြသနာရှာပြီး အတည်မပြုအောင်လုပ်၊ အဲဒီပြည်နယ်ဥပဒေပြုအမတ်တွေကို ထရမ့်ကိုမဲပေးဖို့ ကိုယ်စားလှယ်တွေကိုဖိအားပေးခိုင်းနိုင်လျင် ထရမ့် က ၄၆ မဲ + ၂၃၂ = ၂၇၈ မဲ နဲ့ သမတဖြစ်သွားမှာပါ။

ဒီကိစ္စကို လွယ်လွယ်နဲ့ တော့ လုပ်လို့မရပါ။ သူ့ပါတီထဲက ဥပဒေပြုအမတ်တိုင်းသူ့ကိုထောက်ခံတာမဟုတ်သလို၊ သူ့လုပ်ရပ်က ပြည်နယ်မဲဆန္ဒရှင်တွေကို စော်ကားသလိုဖြစ်နေလို့ အမတ်တွေပုံရိပ်ကိုထိခိုက်ပါတယ်။

မီချီဂန်ပြည်နယ် မဲရရှိမှုနဲ့ ဝိန်းကောင်တီမဲရရှိမှူ

၂ electors တွေကို ပုံမှန်အတိုင်းရွေးလို့မရအောင် မဲရလာဒ်ကိုသတ်မှတ်ရက်အထိ အတည်မပြုနိုင်အောင်ဆွဲထားပြီး သူ့ပါတီအမတ်အများစုပါတဲ့ပြည်နယ်အမတ်တွေက ထရမ့်ကိုမဲပေးမယ့် electors အစုကို ရွေးပြီး မဲပေးခိုင်းဖို့ပါ။

ဒီနည်းကိုအခြေခံဥပဒေဘောင်ဝင်တယ်မဝင်ဘူး သဘောထားကွဲလွဲနေကြတာတွေရှိပါတယ်။ အကယ်၍ ပြည်နယ်ထဲက ရီပါဘလစ်ကန်အများစုပါတဲ့ အမတ်တွေက ဒီလိုလုပ်ခဲ့လျင်လည်း ပြည်နယ်အုပ်ချုပ်ရေးမှူက သူ့လုပ်ပိုင်ခွင်ထဲကနေ  electors တွေ ရွေးပြီး ဘိုင်ဒင်ကိုမဲပေခိုင်းမယ်။ electors နှစ်ဖွဲ့ကွဲတော့ ဘယ်အဖွဲ့မဲကိုလက်ခံမယ်လို့ ကွန်ဂရက်က ကြားဝင်ဆုံးဖြတ်ရတယ်ဆိုပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးအမေရိကန်ရွေးကောက်ပွဲသမိုင်းမှာမဖြစ်ဖူးသေးပါ။ 

အမှန်ကတော့ electors စာရင်းတင်တာကိုအမတ်တွေကလုပ်ရတာမဟုတ်ဘဲ ပြည်နယ်အုပ်ချုပ်ရေးမှုးကသာလုပ်ရတာဖြစ်ပါတယ်။

နောက်ဆုံးသတင်းတွေအရ ထရမ့်က သောကြာနေ့က အိမ်ဖြူတော်ကိုခေါ်တွေ့ဆွေးနွေးခဲ့တဲ့ မီချီဂန်က ရီပါဘလစ်ကန်အမတ်တွေက ထရမ့်ဖြစ်စေချင်သလိုလုပ်မှာမဟုတ်ဘဲ ပြည်နယ်ထဲက မဲဆန္ဒရှင် အများစုမဲပေးတဲ့အတိုင်း ရလာဒ်ကိုအတည်ပြုပေးပြီး electors တွေကိုလည်း လုပ်ထုံးအစဉ်အလာအတိုင်းရွေးမှာပါလို့ဆိုပါတယ်။ ဒီတော့ မီချီဂန်က ဘိုင်ဒင်ကို ၁၆ မဲပေးတော့မှာပါ။ ပန်ဆယ်ဘေးနီးယားက ရီပါဘလစ်ကန်အမတ်တွေကလည်းဒီလေသံအတိုင်းပဲပြောထားလေတော့ ထရမ့်အနေနဲ့ နောက်ဆုံးကျဉ်ဆံကိုမပစ်လိုက်ရဘဲဆုံးရှုံးတော့မှာပါ။

မီချီဂန် ဆီးနိတ်အမတ် သမတထရမ့်နဲ့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာထုတ်ပြန်


 ဘယ်သူသမတ နဲ့ဒုသမတဖြစ်မယ်ဆိုတာဘယ်တော့မှ တရားဝင် အတည်ဖြစ်မလဲ 

၂၀၂၁ ခုဇန္နဝါရီလ ၆ ရက်မှာခေါ်ယူမယ့် ပူးတွဲကွန်ဂရက် အစည်းအဝေးမှာ ပြည်နယ်အားလုံးက electors တွေပေးတဲ့မဲတွေအားလုံးကိုရေတွက်ပါမယ်။ အဲဒီမှာ မဲအများစုရတဲ့ သမတနဲ့ ဒုသမတ တို့ကိုကြေညာပေးပြီးနောက်မှာ အတည်ဖြစ်ပါပြီ၊ ကျမ်းကျိန်လို့ရပါပြီ။ 

အဲလိုမဲအနိုင်မရလဲ အိမ်ဖြူတော်ကဆင်းမပေးခဲ့သော်။

ဘယ်လိုပဲဖြစ်ဖြစ် electors မဲအများစုကိုဂျိုးဘိုင်ဒင်ကပဲရမှာဖြစ်လို့ ထရမ့်ကလွှဲပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ဂျိုးဘိုင်ဒင်က ၂၀၂၁ ဇန္နဝါရီလ ၂၀ ရက်နေ့ မှာသမတအဖြစ်ကျမ်းကျိန်ပြီး အိမ်ဖြူတော်ကိုရောက်လာမှာပါ။

ထရမ့်ကြီး  အိမ်ဖြူတော်မှာ ဆက်ရှိနေသေးလျင်တော့ နိုင်ငံတော်ပိုင်ပစ္စည်းတွေကို တရားမဝင် သုံးစွဲတယ်ဆိုပြီး လုံခြုံရေးနဲ့ စစ်တပ်ကထရမ့်ကို ဥပဒေအတိုင်းအရေးယူခံရမှာဖြစ်တယ်လို့ လေ့လာမိကြောင်းပါ၊

ဖိုးသုည

၂၀-၁၁-၂၀၂၀ 
https://share-knwge.blogspot.com/2020/11/blog-post.html