တရုပ်ဖြူ၊ တရုပ်နီနဲ့ COVID-19
တရုပ်သမ္မတနိုင်ငံ ROC (Republic of China) ဆိုတာ ချင် မင်းဆက်ရဲ့နောက်ဆုံးဧကရာဇ်
ပုရီကို ၁၉၁၂ ခုမှာတော်လှန်ပြီး စဖွဲ့တဲ့အစိုးရပါ။ နောက်ပိုင်းမှာ ကိုမင်တန်ပါတီက အနိုင်ရအုပ်ချုပ်ပါတယ်။
ကွန်မြူနစ်ဝါဒ လက်ခံသူတွေက ၁၉၂၁ ဇူလိုင်၂၃ မှာ တရုပ်ကွန်မြူနစ်ပါတီကို ရှန်ဟိုင်းမြို့မှာ
စတင်ထူထောင်ပါတယ်။
နောက်ပိုင်းကိုမင်တန်နဲ့ ကွန်မြူနစ်တွေကွဲပြီး ပြည်တွင်းစစ်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ခေတ္တငြိမ်းချမ်းရေးယူပြီး ဂျပန်ကိုပြန်တိုက်ပေမယ့် ပြီးတာနဲ့ စစ်ပြန်ဖြစ်ကြပါတယ်။
ထုံးစံအတိုင်းကွန်မြူနစ်ဘက်က ဆိုဗီယက်၊ ကိုမင်တန်ဘက်က အမေရိကန်ပါကြပါတယ်။
ကိုမင်တန်ကိုထောက်ပံ့ဖို့ အမေရိကန်က လီဒိုလမ်းမကြီးဖေါက်လို့ မြန်မာပြည် မြောက်ဖျားမှာတောင်
လမ်းပွင့်သွားပါတယ်။
၁၉၄၅ မှာ
ကုလသမဂ္ဂဖွဲ့တော့ ဗီတိုအာဏာရှိ လုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ဝင် ၅ နိုင်ငံမှာ ROC ပါပါတယ်။
၁၉၄၉ မှာ ကွန်မြူနစ်တွေ စစ်နိုင်တော့ ကိုမင်တန်အစိုးရ ထိုင်ဝမ်ကိုပြေးပြီး
အမေရိကန်အကူအညီနဲ့ အဝေးရောက် တရုပ် အစိုးရ (တရုပ်ဖြူ) လုပ်နေခဲ့ပါတယ်။
ကွန်မြူနစ်တွေက ဟောင်ကောင်၊ မကာအိုနဲ့ ထိုင်ဝမ်ကျွန်းတွေကလွဲပြီး တနိုင်ငံလုံးကိုသိမ်းထားပြီးလို့ ကွန်မြုနစ်နိုင်ငံ PRC (Peoples' Republic of China) ကို ၁၉၄၉ အောက်တိုဘာတရက်မှာကြေငြာပါတယ်။ (တရုပ်နီ)
စစချင်းမှာ ROC ကိုလက်ခံထားတဲ့နိုင်ငံတွေက PRC ကို အသိမှတ်မပြုဘဲ ကွန်မြူနစ်နဲ့ဆိုရှယ်လစ်နိုင်ငံ တချို့ကသာ အသိမှတ်ပြုပါတယ်။
နောက်ပိုင်းမှာ PRC ကို
အသိမှတ်ပြုတဲ့ နိုင်ငံတွေများလာပါတယ်။
၁၉၆၁ မှာ အမေရိကန်ရဲ့မဟာမိတ် ယူကေနဲ့ ပြင်သစ်တို့ကပါ PRC ကို အသိမှတ်ပြုလိုက်ပါတယ်။
၁၉၇၁ ခုအောက်တိုဘာ ၂၅ ရက်မှာလုပ်တဲ့ အထွေထွေညီလာခံ General
Assembly Resolution 2758 မှာတော့ ကုလသမဂ္ဂ အဖွဲ့ဝင် သုံးပုံ၂ ပုံ သဘောတူလို့ PRC ကအဖွဲ့ဝင်ဖြစ်လာပါတယ်။ ROC နေရာကိုဝင်တာဖြစ်လို့
လုံခြုံရေးကောင်းစီ အမြဲတန်းအဖွဲ့ဝင်နိုင်ငံဖြစ်သွားပါတယ်။ ROC ကို အဖွဲ့ဝင် နိုင်ငံ အဖြစ် အသိအမှတ်မပြုတော့ပါ။
PRC က ထိုင်ဝမ်ဟာ ကွဲထွက်နေတဲ့ တရုပ်ပြည်ရဲ့အစိပ်ပိုင်းတခုအနေနဲ့ သဘောထားပြီး လွတ်လပ်တဲ့ အချုပ်အချာအာဏာပိုင်နိုင်ငံအနေနဲ့ အသိမှတ်မပြုပါ။
တရုပ်တပြည်ထဲဆိုတဲ့မူအရ PRC. ကိုလက်ခံတဲ့နိုင်ငံတွေက ROC ကိုအချုပ်အချာအားဏာပိုင် နိုင်ငံတခုအနေနဲ့ အသိအမှတ်မပြုရတော့ပါဘူး။ ROC နဲ့ သံတမန် အဆက်သွယ် ရပ်ရပါတယ်။
ROC ကလည်းသူသာ တရုပ်ပြည်ရဲ့ အစိုးရဖြစ်တယ်။ တချိန်ချိန်မှာ ပြည်မကြီးကို ပြန်အုပ်ချုပ်မယ်လို့ပြောတာကို မလျှော့ပါ။
ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေအနေအရ ၁၉၇၉ မှာတော့ အမေရိကန်သမတ ဂျင်မီကာတာတရုပ်ပြည်ကို တရားဝင်သွားလည်ပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်လိုက်ပါတယ်။
ထုံးစံအတိုင်း အမေရိကန်နိုင်ငံမှာ
ထိုင်ဝမ် ROC သံရုံးတွေ မထားရတော့ပါ။
ဒီတော့ စက်မှုထွန်းကားသလိုစိုက်ပျိုးရေးနည်းပညာတိုးတက်တဲ့ ထိုင်ဝမ်နဲ့ ဆက်ဆံဖို့ သံအမတ်နဲ့ သံရုံးအစား
တခြားဆက်ဆံရေးနည်းလမ်းထူထောင်ရပါတယ်။
Taipei Economic and Cultural Office, Taipei
Representative Office,
Taipei Economic and Cultural Representative
Office စသည်ဖြင့် ထိုင်ပေ စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ဝန်ရုံးတွေကို သံရုံးအစားဖွင့်ပြီး ဆက်ဆံရေးလမ်းဖွင့်ပြပါတယ်။
အဲဒီရုံးတွေက သံရုံးလုပ်တဲ့အလုပ်တွေကို အကန့်သတ်နဲ့လုပ်ပေးပါတယ်။
မြန်မာပြည်မှာလည်း ၂၀၁၆ မှာရုံးဖွင့်ပါတယ်။
အခုအချိန်မှာ ROC ကိုအချုပ်အချာအာဏာပိုင်နိုင်ငံလို့
အသိမှတ်ပြုပြီး သံရုံးအဆင့်
ဆက်ဆံတာ လက်တင် အမေရိက, တောင် အမေရိကနဲ့ အာဖရိက နိုင်ငံပေါင်းဆယ့်ငါးနိုင်ငံ
ရှိပါတယ်။
နိုင်ငံအများစုက
PRC ကို အသိမှတ်ပြုပြီး ROC နဲ့
လည်း ထိုင်ပေ စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ဝန်ရုံးတွေက
ဖွင့်ကာဆက်ဆံရေးထားရှိပါတယ်။
တချို့ အရှေ့အုပ်စုနိုင်ငံတွေကတော့
ထိုင်ဝမ်နဲ့ အဆက်ဆံမရှိပါ။
တရုပ်တပြည်ထဲ မူဝါဒ ( One China principle)
တရုပ်တပြည်ထဲ
မူဝါဒ ( One China principle) ဆိုတာ
တရုပ်နီတွေက ထိုင်ဝမ်ကို နှိမ်ထားတာလားလို့မြင်စရာဖြစ်နေပါတယ်။
၁၉၉၂
နှစ်မှာ ဟောင်ကောင်မှာ PRC ကိုယ်စားလှယ်တွေနဲ့
ROC ကကိုမင်တန်တွေ သဘောတူညီမှု တချို့ရခဲ့တယ်ဆိုပါတယ်။
အဲဒီ “1992 Consensus.” မှာ နှစ်ဘက်လုံးက တရုပ် China ဆိုတာ တနိုင်ငံတည်းပဲရှိတယ် လို့ လက်ခံသဘောတူပါတယ်။
ထိုင်ဝမ်ကျွန်းက အဲဒီတရုပ်ပြည်ရဲ့ အစိပ်အပိုင်းတခုလို့ လက်ခံတယ်ဆိုပါတယ်။
နှစ်ဘက်သဘောတူညီမှုမရတာကတော့
ဘယ် အစိုးရတအဲဒီ တခုတည်းသော တရုပ်ပြည်ကို ကိုယ်စားပြုလဲဆိုပဲဖြစ်ပါတယ်။ နှစ်ဘက်လုံးက
သူတို့အစိုးရသည်သာ အဲဒီတခုတည်းသောတရုပ်ပြည်ရဲ့ တရားဝင် အစိုးရလို့ ဆိုနေကြတာပါ။
အမေရိကန်အပါအဝင်ကမ္ဘာ့နိုင်ငံအများစုကလည်းအဲဒီ တရုပ်တနိုင်ငံတည်းမူကို လက်ခံကြပါတယ်။
ဒီလို့နဲ့
နှစ်နိုင်ငံအုပ်ချုပ်သူတွေ အဆင့်ဆင့်ပြောင်းလာကြတော့ ရန်သူဟောင်း တရုပ်ကွန်မြူနစ်နဲ့
ကိုမင်တန်ခေါင်းဆောင်တွေက လက်တွေ့ကျတဲ့ ဆက်ဆံရေးကို ထူထောင်လာကြပါတယ်။
တရုပ်တပြည်ထဲ
မူဝါဒ ကို လက်ခံထားပြီး ဘယ်သူက တရားဝင်အစိုးရဆိုတဲ့ သဘောကွဲလွဲမှုကို ဘေးချိတ်ပြီး
စီးပွားရေး လူမှုရေးဆက်ဆံမှုတွေတိုးတက်လာပါတယ်။
နှစ်နိုင်ငံ
နိုင်ငံသားတွေ အပြန်အလှန် သွားရောက်လည်ပတ်ခွင့်တွေရလာပြီး ထိုင်ဝမ်လုပ်ငန်းအတော်များများ
တရုပ်ပြည်မကြီးမှာ စက်ရုံတွေတည် ပစ္စည်းတွေထုတ်ပါတယ်။
ပထမ
တော့ ဟောင်ကောင်ကတဆင့်သွားလာကြရာကနေ နောက်ပိုင်းမှာ တရုပ်နှစ်ကူးတွေမှာ စင်းလုံးငှားလေယာဉ်တွေ
ပြေးဆွဲခွင့်ပေးပြီး၊ ၂၀၀၄ ခု ဇူလိုင် ၄ ရက်မှာ နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းပျံသန်းမှုတွေ ပြန်စနိုင်ကြပါတယ်၊။
တရုပ်တပြည်ထဲ
မူဝါဒကို ဆက်လက် လက်ခံထားလေတော့ နှစ်နိုင်ငံနိုင်ငံသားတွေ ပြည်မကြီးနဲ့ ထိုင်ဝမ်ကို
အပြန် အလှန် သွားရောက်ကြတဲ့ အခါ နိုင်ငံကူးလက်မှတ် Passport မသုံးရပါဘူး။ အစိုးရနှစ်ခု ပေမယ့် နိုင်ငံတခုတည်းလို့
လက်ခံထားလို့ပါ။ နိုင်ငံနှစ်ခုကူးတာမဟုတ်ဘဲ ပြည်တွင်းခရီးသွားတာလိုဖြစ်နေတဲ့အတွက် နှစ်ဘက်လုံးက ပါစ့်ပို့အစား
ခရီးသွားပါမစ်တွေ ထုတ်ပေးပါတယ်။
နိုင်ငံရေး
သဘောကွဲလွဲမှု ကိုဘေးချိန်ပြီး အပြန်အလှန် တရားဝင် ဆက်သွယ်ရေးရုံးတွေပါဖွင့်ကာ ဆက်ဆံရေးတွေ
တိုးတက်လာခဲ့ရာမှာ တရုပ်ပြည်မကြီးဟာ ထိုင်ဝမ်အတွက်
အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအထိဖြစ်လာပါတယ်။
ထိုင်ဝမ်လက်ရှိသမတ
Tsai Ing-wen က ထိုင်ဝမ်ရဲ့ လွတ်လပ်တဲ့ တည်ရှိမှုကို အလေးပေးတဲ့ သူဖြစ်ပြီး သူ့ရဲ့
DPP ပါတီ က လွှတ်တော်မှာ အများစုနေရာရထားပါတယ်။ ပြည်မကြီးနဲ့ ပိုပြီး ရင်းနှီးတဲ့ ကိုမင်တန်တွေ
သမတရွေးကောက်ပွဲနဲ့ လွှတ်တော်နေရာအများစုမှပါရှုံးနေချိန် ထိုင်ဝမ်နဲ့
ပြည်မကြီးကြားဆက်ဆံရေး ပြန်လည်တင်းမားလာပါတယ်။ အဲဒီအချိန်မှာ ဝူဟန်းကစတဲ့ COVID-19 ဗိုင်းရပ်စ်က
တခါဝင်နှောက်တာပါ။
PRC, ROC နဲ့ COVID-19
ဝူဟန်းကစတဲ့ COVID -19 ဗိုင်းရပ်စ် ပြည်မကြီးမှာ စတင်ပြန့်ပွားပြီး
မကြာမီ ထိုင်ဝမ်ကိုလည်းရောက်လာပါတယ်။
PRC
အစိုရရဲ့ နေ့စဉ်ထုတ်ပြန်တဲ့
ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေ စာရင်းမှာ သူ့ရဲ့ပြည်နယ်တွေ ရယ်
တစ်နိုင်ငံ စနစ်နှစ်ခုနဲ့အုပ်ချုပ်တဲ့ ဟောင်ကောင်နဲ့ မကာအိုရယ်သာမက သူ့ဟာသူ သီးသန့်အစိုးရနဲ့
အုပ်ချုပ်တဲ့ ထိုင်ဝမ်က လူနာစာရင်းကိုပါ တရုပ်ပြည်စာရင်းထဲ ထည့်ဖေါ်ပြပါတယ်၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်တာကြောင့် ကုလသမဂ္ဂမှာ လိုပဲ ထိုင်ဝမ်ကို သီးခြာနေရာမပေးဘဲ
တရုပ်ပြည်စာရင်းထဲထည့်ပါတယ်။
ဒီလိုနဲ့
ရောဂါပြန့်ပွားမှုတွေများလာလို့ လေကြောင်းလိုင်းတချို့ကတရုပ်ပြည်ခရီးစဉ်တွေကို
လျှော့တာ နားတာလုပ်သလို တရုပ်နိုင်ငံသားတွေအေပေါ် နိုင်ငံတချို့က ခရီးသွားကန့်သတ်မှုတွေလုပ်ပါတယ်။
အဲဒီအခါမှာ
လွတ်လက်စွာတည်ရှိတဲ့ ထိုင်ဝမ်က တရုပ်တနိုင်ငံတည်းမူဝါဒရဲ့ အောက်ပြန်ရောက်ပြီး
ဟောင်ကောင်၊ မကာအိုတို့နဲ့ တန်းတည်းထားပြီး ဆက်ဆံတာကိုခံရပြန်ပါတယ်။
လက်ရှိအချိန်ထိ
ထိုင်ဝမ်မှာ COVID-19 ပိုးကူးစက်ခံရသူ ၁၈ ယောက်သာရှိသေးပြီး စင်္ကာပူ၊
ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေမှာထက်ပိုနည်းပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီတရက်နေ့က COVID-19 ကူးစက်မှုကြောင့် တရုပ်ပြည်မကြီးးနဲ့ လေကြောင်းသွားလာရေးတွေကိုခေတ္တ ပိတ်လိုက်တဲ့ ဗီယက်နမ်နဲ့ အီတလီတို့က ထိုင်ဝမ်ကလာတဲ့
လေယာဉ်ကိုပါအဆင်းမခံလိုပြသနာဖြစ်ရပါတယ်။ နောက်ပိုင်းမှာ ဗီယက်နမ်ကထိုင်ဝမ်ကို ကန့်သတ်စာရင်းကပယ်ဖျက်ပေးခဲ့ပေမယ့်
အီတလီကတော့ မပြောင်းပါ။
တခါ ပြီးခဲ့တဲ့
ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ဖိလစ်ပိုင်က တရုပ်နိုင်ငံသားတွေနဲ့ အတူ ထိုင်ဝမ် နိုင်ငံသားတွေကိုပါ
ပြည်ဝင်ခွင့်ပိတ်လိုက်ချိန်မှာတော့ ထိုင်ဝမ် အစိုးရ ဒေါသူပုန်ထပါတော့တယ်။ နှစ်နိုင်ငံအပြန်အလှန်
ငြင်းခုန်ကြအပြီး အဲဒီလိုပိတ်ပင်တာကိုမရုပ်သိမ်းလျင် ဖိလစ်ပိုင် စိးပွားရေးနဲ့ နိုင်ငံသားတွေအပေါ်
ပိတ်ပင်မှုတွေလုပ်ပြီးလက်တုန့်ပြန်မယ်လို့ ထိုင်ဝမ်က ခြိမ်းခြောက်ပါတယ်။ ဒီလို့နဲ့
ဖေဖေါ်ဝါရီ ၁၄ ရက်မှာတော့ဖိလစ်ပိုင်က အဲဒီကန့်သတ်ချက်ကို ရုတ်သိမ်းပေးခဲ့ပါတယ်။
Airasia, Malaysia Airlines, တို့လို တချို့လေကြောင်းလိုင်းတွေက COVID-19 အခြေအနေကြောင့်
ခရီးစဉ်ပြောင်းတာ ငွေပြန်အမ်းတာတွေအတွက် စဉ်းကမ်းတွေမှာ
ထိုင်ဝမ်ကို ဟောင်ကောင်၊ မကာအိုတို့နဲ့ တတန်းထဲထားရှိသလို့၊ တချို့နိုင်ငံတွေက ကျန်းမားရေးဌာနတွေက
ပြည်ပခရီးပြန်လာပြီး ဖျားနာသူများအတွက် စစ်ဆေး
ကန့်သတ်မှုတွေကို လည်းအဲဒီလိုပဲ ထိုင်ဝမ်ကို ဟောင်ကောင်၊ မကာအိုတို့နဲ့ တတန်းထဲထားတာတွေရှိနေပါတယ်။
COVID-19
ရောဂါပြန့်ပွားမှုရဲ့
ဒီလိုဂယက်ရိုက်ခတ်မှုတွေက အမျိုးသားရေးစိတ်ပိုပြင်းထန်တဲ့ လက်ရှိထိုင်ဝမ်အစိုးရကို
လွတ်လပ်ရေးကြေငြာဖို့ တွန်းအားတရပ်ဖြစ်စေမလား။ အဲလိုကြေငြာလျင် ပြည်မကြီးက ဘယ်လိုတုန့်ပြန်မလဲဆိုတာကတော့……
ဖိုးသုည
16-02-20
https://focustaiwan.tw/politics/202002110004