ပြည်ပရောက်မြန်မာနိုင်ငံသားများ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်ကြိုတင်မဲပေးကြမယ်။
ကမ္ဘာအနှံ့မှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မနက်ဖြန် ၂၀၂၀ခုအောက်တိုဘာတစ်ရက်နေ့ကစပြီး ကြိုတင်မဲပေးကြတော့မယ်။
ပြည်တွင်းမဲရုံတွေမှာမဲပေးပုံနဲ့ ပြည်ပ မြန်မာနိုင်ငံသံရုံးတွေမှာမဲပေးတာ လုပ်ပုံခြင်းနည်းနည်းကွဲပါမယ်။
ပြည်ပရောက်ကြိုတင်မဲပေးခြင်းအကြောင်းကျနော်ရှာဖွေထားပြီး နားလည်သလောက် ပြန်မျှဝေပါမယ်။
မဲပေးကြမယ် ဘယ်လိုပေးရမှာလဲ ဘာတွေကိုသိထား၊ သတိထားရမှာလဲ
မဲဘယ်နှစ်ခုပေးရမှာလဲ
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး မြန်မာနိုင်ငံသားတိုင်း လွှတ်တော်သုံးရပ်အတွက် မိမိနေထိုင်ရာ မဲဆန္ဒနယ်ကို ကိုယ်စားပြုဖို့ ကိုယ်စားလှယ်တဦးစီ၊ စုစုပေါင်း သုံးဦးကိုရွေးချယ်မဲပေးရပါမယ်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အတွက်ကိုယ်စားလှယ်တဦး
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အတွက်ကိုယ်စားလှယ်တဦး
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အတွက်ကိုယ်စားလှယ်တဦး
တို့ပါ
မြန်မာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေကတော့ ဆိုင်ရာတိုင်းရင်းသားကိုယ်စားလှယ်ကိုပါရွေးပေးရလို့ မဲလေးခုပေးရပါမယ်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ( တိုင်းရင်းသားလူမျိုး ) မဲဆန္ဒနယ် အတွက်ကိုယ်စားလှယ်တဦး
အတွက်ပါမဲပေးရမှာဖြစ်လို့ လေးဦးကိုရွေးရပါမယ်။
ပြည်ပကိုမဲလက်မှတ်တွေ ဘယ်လိုရောက်လာမလဲ
ပြည်ပရောက်မဲပေးခွင့်ရှိသူမြန်မာနိုင်ငံသားများက သတ်မှတ်ကာလအတွင်း ဆိုင်ရာသံရုံးများမှ တဆင့်ပုံစံ ၁၅ ဖြည့်ပြီးလျှောက်ထားသည့်မဲလက်မှတ်များကို ဆိုင်ရာ မဲဆန္ဒနယ်အဖွဲ့ခွဲများက မဲဆန္ဒရှင်စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဆိုင်ရာပုံစံများတွင်ဖြည့်သွင်းကာ မဲလက်မှတ်များကို ပြင်ဆင်ပါတယ်။
လျှောက်ထားသူတယောက်ချင်းစီအတွက် လွှတ်တော်အလိုက် #မဲလက်မှတ်တိုင်းနောက်ကျောမှာ_ဆိုင်ရာမဲဆန္ဒနယ်အဖွဲ့ခွဲတံဆိပ်ကိုထုနှိပ်ပြီး_ထုတ်ပေးသူတာဝန်ခံက_အမည်ရေးသွင်းလက်မှတ်ထိုးရပါတယ်။
အဲဒီလက်မှတ်တခုချင်းကို #ဆိုင်ရာမဲဆန္ဒနယ်နဲ့_မဲဆန္ဒနယ်အမှတ်တို့ကိုသာဖေါ်ပြထားတဲ့_စာအိတ်ငယ်တအိတ်ချင်းစီမှာထည့်ပြီး အဲဒီစာအိတ်ငယ်တွေကို #မဲဆန္ဒရှင်တယောက်ချင်းစီအတွက်စုပြီး_စာအိတ်ကြီးထဲထည့်ပါတယ်။
အဲဒီစာအိတ်ကြီးပေါ်မှာတော့ မဲဆန္ဒရှင်ရဲ့အမည်၊ မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်အမည်တို့ကို ရေးသားထားပြီး ပိတ်ပြီးမှ ပြည်ပမှာ မဲပေးမည့်သံရုံးအထိ အဆင့်ဆင့်ပို့ပါတယ်။
သံရုံးက လက်ခံရရှိတဲ့ မဲလက်မှတ်စာအိတ်တွေကိုသေချာစစ်ဆေး စာရင်းပြုစုပြီး မဲပေးမည့်နေ့မှာ ထုတ်ပေးမှာပါ။ မဲလက်မှတ်များအောက်ခြေမှာ မဲရုံမှူးလက်မှတ်နဲ့ အမည် ဖြည့်သွင်းလက်မှတ်ထိုးရန် မလိုဘူးလို့ဆိုထားပါတယ်။
မဲပေးသည့်နေ့တွင်
မဲဆန္ဒရှင်က သံရုံးမှ စီစဉ်ပေးသည့်နေ့နှင့်အချိန်တွင် မဲပေးရမည့်နေရာသို့ မိမိမှတ်ပုံတင် / ပါစ် ပို့ ( သံရုံးကသတ်မှတ်ထားသော စိစစ်ရေးအထောက်အထား) ပြပြီး မဲလက်မှတ်ထုတ်ယူရမှာပါ၊
ကိုဗစ်ကာကွယ်ရေး သတ်မှတ်ချက်များကိုလိုက်နာရပါမယ်။
သံရုံးမှ မဲလက်မှတ်ထုတ်ပေးသူက မဲဆန္ဒရှင်စာရင်းမှာပါလျင် သတ်မှတ်ပုံစံ (ပူးတွဲခ) မှာ လက်မှတ်ထိုးစေပြီး သူ့အမည်ပါ စာအိတ်ကြီးကိုဖေါက်ပြီး အထဲက မဲလက်မှတ် တခုစီထည့်ထားတဲ့ စာအိတ်ငယ်များနဲ့အထဲက မဲလက်မှတ်များကို ထုတ်ပေးပါမယ်။
မဲလက်မှတ်မှာ ဘာတွေကိုစစ်ဆေးရမလဲ
နောက်ကျောမှာ လက်မှတ်ထုတ်ပေးသော ကော်မရှင်အဖွဲ့ခွဲ တံဆိပ်နှင့် ထုတ်ပေးသူ အမည်+ လက်မှတ်။
အစွန်းအထင်း၊ အမှတ်အသားအစုတ်အပြဲ ရှိမရှိ၊
မဲလက်မှတ်များအောက်ခြေမှာ မဲရုံမှူးလက်မှတ်နဲ့အမည်များကို ဖြည့်သွင်းလက်မှတ်ထိုးရန်မလိုပါ။
စာအိတ်ငယ်ပေါ်မှာ ရေးထားတဲ့ ဆိုင်ရာမဲဆန္ဒနယ်နဲ့ မဲဆန္ဒနယ်အမှတ်တို့ကိုက မိမိမဲပေးမည့်မဲဆန္ဒနယ်နဲ့ မဲဆန္ဒနယ်အမှတ်တို့ဟုတ်မဟုတ် ၊
လွှတ်တော် သုံးရပ် (သို့) လေးရပ်လုံးအတွက် လက်မှတ် စုံမစုံ၊
စာအိတ်ပေါ်မှာရေးထားတဲ့ " လွှတ်တော်" အမျိုးအစားနဲ့ အထဲက မဲလက်အပေါ်ဆုံးမှာ ပုံနှိပ်ထားတဲ့ လွှတ်တော်အမျိုးအစား ကိုက်ညီမှုရှိ၊ မရှိ။ ဥပမာ " အမျိုးသားလွှတ်တော်ကိုယ်စားလှယ်" စာအိတ်အတွင်းမှ မဲလက်မှတ်သည်လည်း " အမျိုးသားလွှတ်တော်ကိုယ်စားလှယ်" ကိုရွေးချယ်ပေးရမည့် မဲလက်မှတ်ဖြစ်ရမှာပါ။
စတာတွေကို စစ်ပြီး သတ်မှတ်ပုံစံမှာ လက်မှတ်ရေးထိုးထုတ်ယူပါ။
ဘယ်လိုမဲပေးကြမလဲ
သတ်မှတ်ပေးထားတဲ့ လျှို့ဝှက်မဲပေးသည့်နေရာတွင် စာအိတ်ငယ်များအတွင်းမှ မဲလက်မှတ်များကိုထုတ်ယူပါ။
မဲလက်မှတ်နှင့် စာအိတ်တွေကို လွှတ်တော် တခုချင်းအလိုက်ခွဲခြားပြီး ပြန်ထည့်ရတာဖြစ်လို့ စာအိတ်နဲ့ မဲလက်မှတ်မလွဲစေရန် တခါထုတ်လျင် စာအိတ်တအိတ်ထဲက မဲလက်မှတ် တစောင်ကိုသာထုတ်တာကောင်းပါတယ်။
ကိုယ်မဲပေးလိုသူ ကိုယ်စားလှယ် အမည်နဲ့ ပါတီတံဆိပ် ယာဘက် ကွက်လပ်အလယ်မှာ #ပေးထားသောဘောပင်နဲ့_ အမှန်ခြစ်တခုကိုသိသာအောင်ခြစ်ပါ။ သံရုံးများမှာ အမှတ်ခြစ်တံဆိပ်တုံးမရှိနိုင်ပါ။
ပြီးလျင် သေချာပြန်ခေါက်ပြီး ဆိုင်ရာ စာအိတ်ထဲပြန်ထည့်ပိတ်ပါ။ ( ဘာနဲ့ပိတ်ရမယ်ဆိုတာသံရုံးကညွှန်ကြားမယ်ထင်ပါတယ်။ )
ပြီးလျင်နောက်စာအိတ်တလုံးကိုဖွင့်ပြီး မဲလက်မှတ်ကိုထုတ်ကာ မဲပေး ၊ စာအိတ်ထဲပြန်ထည့်ပိတ်ပါ။
ဒီအတိုင်း မဲလက်မှတ်အားလုံးမဲပေးပြီး ဆိုင်ရာ စာအိတ်တွေထဲ သေချာထည့်ပိတ်ပြီးပါက အဆိုပါပိတ်ထားတဲ့ စာအိတ်များကို သတ်မှတ်ပေးထားသော မဲပုံးထဲကိုထည့်ပေးရပါမယ်။
စာအိတ်တလုံးချင်းစီကို လွှတ်တော် အလိုက် သတ်မှတ်ထားတဲ့ ပုံးတခုစီထဲကို ခွဲထည့်ရမလား အားလုံးကိုစုပြီး တပုံးထဲကို ထည့်ရမလားဆိုတာကိုတော့ သံရုံးကပြောပြမှာပါ။
update ။ စင်္ကာပူမှာ စပေးကြတာ မဲစာအိတ်တွေကိုကော်ကပ်ပြီ ပုံးတခုထဲကိုစုထည့်ရတယ်လို့ပြောပါတယ်။ ဘရူနိုင်းမှာလည်း ပုံးတပုံးထဲလို့ပြောပါတယ်။
စာအိတ်တအိတ်ချင်းစီကို လွှတ်တော် အလိုက် သတ်မှတ်ထားတဲ့ ပုံးတခုစီထဲကို ခွဲထည့်ရလျင် စာအိတ်ကို ပုံးထဲမထည့်မီ မဲလက်မှတ်ပါလွှတ်တော် အမည်နဲ့ ထည့်မည့်ပုံးပါ လွှတ်တော်အမည် မှန် မမှန်ပြန်စစ်ပါ။
ပြီးလျင် မဲပေးပြီးကြောင်းလက်သန်းမှင်တို့ပြီး ထွက်လို့ရပါပြီ။
ဘာတွေသတိထားရမလဲ
ကြိုတင်ပြင်ဆင်ခြင်း
ဆိုင်ရာသံရုံး၏ ကြေငြာချက်များကို မျက်ခြေမပြတ်ပါစေနဲ့
မိမိမဲပေးရမည့် နေ့ရက် အချိန်နာရီများကိုသေချာ ရေးမှတ်ထားပါ , ဖုန်းထဲမှာ reminder ထည့်ထားပါ။
ယူလာရမည့် အထောက်အထား များ( မှတ်ပုံတင်၊ ပါစ်ပို့) ကိုကြိုတင်လေ့လာပြင်ဆင်စုစည်းထားပါ.
လုံလောက်သောအချိန် ကြိုတင်ပြီးသွားပါ။
အိမ်ရှင်နိုင်ငံမှ သတ်မှတ်ထားသော စည်းကမ်းများကို လေးစားလိုက်နာပါ ( အထူးသဖြင့် ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များ)
လက်မှာ အရက်ပျံ ၊ ဟန်းဂျယ် များကပ်ပြီး မှင်စွန်းထင်းတာမဖြစ်အောင် သုတ်ဖို့ တစ်သျှူးများများဆောင်သွားပါ.
နှာခေါင်းစည်း မမေ့ပါနဲ့ ။ စောင့်ရချိန် ကြာလျင် အဆင်ပြေစေရန် အဆာပြေမုန့်၊ ရေ ၊ လိုအပ်တဲ့ဆေးများဆောင်သွားပါ။
မဲလက်မှတ် ကိုစစ်ခြင်း
စာအိတ်ကြီးပေါ်မှာ မိမိအမည် မြို့နယ် ၊ မဲဆန္ဒနယ် အမည် နဲ့ အမှတ်တို့ မှန်မမှန်စစ်ပါ။
မဲလက်မှတ် အရေအတွက်မှန်မမှန်စစ်ပါ။
လက်မှန်နောက်ကျောတွင် လက်မှတ်ထုတ်ပေးသော ကော်မရှင်အဖွဲ့ခွဲ တံဆိပ်နှင့် ထုတ်ပေးသူ အမည်+ လက်မှတ် ပါမပါ၊
အစွန်းအထင်း၊ အစုတ်အပြဲ ရှိမရှိ၊ သေချာစစ်ပါ။
စာအိတ်ငယ်များပေါ်တွင်ရိုက်နှိပ်ထားသော မဲဆန္ဒနယ် အမည် နဲ့ အမှတ်တို့ မှန်မမှန်စစ်ပါ။
စာအိတ်ပါ လွှတ်တော်အမည်နဲ့ အထဲကမဲလက်မှတ် မှန်၊ မမှန်စစ်ပါ၊
အမှားအယွင်းတစုံတရာရှိပါက ဆိုင်ရာသံရုံးတာဝန်ရှိသူကိုသတင်းပို့ အကူအညီယူပါ။
မဲပေးစဉ်
ပယ်မဲမဖြစ်အောင် ဘယ်လိုမဲတွေ ပယ်မဲဖြစ်တယ်ဆိုတာကိုလေ့လာပြီးရှောင်ကျဉ်ပါ။
မဲလက်မှတ်နှင့် စာအိတ်မှားမထည့်မိအောင် တစောင်ပြီးမှ မဲလက်မှတ်ထုတ်၊ မဲပေး၊ ပြန်ထည့်၊ ပိတ်ပြီး နောက်တအိတ်ကိုဖွင့်ပါ။
မဲလက်မှတ်အားလုံးကို မဲပေးပါ။
မဲလက်မှတ်ထည့်ထားသော စာအိတ်အားလုံးကို သတ်မှတ်မဲပုံးများထဲ သေချာထည့်ခဲ့ပါ။
မဲလက်မှတ်ကိုမကိုင်မီ မိမိလက်က အရက်ပျံ ဟန်းဂျယ် စိုမနေစေရန် သတိပြုပါ စိုနေလျင် သုတ်ရန် တစ်သျှူးဆောင်ထားပါ။
အရက်ပျံစိုနေသောလက်နှင့် မှင်ကိုထိကိုင်မိလျင်မှင်ပျံ့နိုင်ပါတယ်။ နောက်ကျောကတံဆိပ်ကို လက်စိုနဲ့ထိလည်းမှင်ပျံ့ပါမယ်။
တခါသုံးလက်အိတ်စွပ်ထားလျင် မှင်စိုနေလည်းမသိနိုင်လို့ ပိုသတိထားပါ လိုလျင်တစ်သျှူးနဲ့ အရင်သုတ်ပါ ။
ပယ်မဲနမူနာများ
ရှောင်ရန်
သံရုံး ( မဲပေးရန် သတ်မှတ်ထားသည့်နေရာ) ပရဝုဏ်အတွင်းနှင့် သံရုံးမှ ကိုက် (၅၀၀) အတွင်း
မဲဆွယ်ခြင်း၊
မဲပေးခြင်းကို ဟန့်တားနှောက်ယှက်ခြင်း
နိုင်ငံရေး ပါတီ တံဆိပ်၊ ရင်ထိုး၊ ခေါင်းစည်း၊ အင်္ကျီများ ဝတ်ဆင်လာခြင်း မပြုလုပ်ရပါ။
ကိုးကား
အစိုးရ၏ခွင့်ပြုချက်ဖြင့်နိုင်ငံပြင်ပတွေရောက်နေသူများ ကြိုတင်ဆ္ဒမဲပေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ
No comments:
Post a Comment