Sunday, May 22, 2016

လူကောင်းလူတော်လား ၊ လူတော်လူကောင်းလား။ (ယူနီကုဒ်)

လူကောင်းလူတော်လား ၊ လူတော်လူကောင်းလား။
 တခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး၊ မောင့်ကျက်သရေ ခေါင်းပေါင်း၊ မြန်မာတိုက်ပုံနဲ့ တောင်ရှည်ပုဆိုးတို့ကို ကုလားဖြူတို့ရဲ့ ရှူးဖိနပ်ကြိးနဲ့ ပေးစားပြီး ပွဲတက်ဝတ်စုံ ဖြစ်အောင်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းက၊ ဆိုရှယ်လစ်နိုင်ငံတော်ကြီးကို တည်ဆောက်ရာမှာ လူတော်လူကောင်းတွေ မလိုဘူး။ တော်ပြီး မကောင်းရင် အလကားဘဲ။
ကျုပ်တို့လိုတာက လူကောင်း လူတော်တွေ၊ လူကောင်းဖြစ်ဖို့ ကပထမ၊ လူကောင်းတွေ မတော်ရင် တော်အောင် သင်ပေးလို့ရတယ် တဲ့။ 
စကားလုံးတွေ အတိအကျတော့ မမှတ်မိတော့ပါ၊
အဓိပ္ပါယ်ကတော့ အဲဒီအတိုင်းပါဘဲ။
 ဖိုးသုညတို့ အဲဒါကို ဘဝင်မကျခဲ့တာ အခုထိဘဲ။
 လူတော်လူကောင်း ဆိုတာ၊ တော်ပြီးမှကောင်းတာလို့ ဘယ်ကျေးဇူးရှင်က သံတော်ဦး သွားတင်တယ်မသိ။ ဖိုးသုညရဲ့ ဘိန်းစေ့လောက် (နှမ်းစေ့ထက်သေးတယ်လေ) ပညာနဲ့ ဆင်ခြင်မိတာကတော့။ အဲဒီသူမှာ (လူတော်လူကောင်း) ဂုဏ်ပုဒ် ၂ခုရှိတယ်၊ တော်လဲတော်တယ် ကောင်းလဲကောင်းတယ်။
တော်ပြီးမှကောင်းတာလဲမဟုတ်၊ ကောင်းပြီးမှတော်တာလဲမဟုတ်၊ ဘယ်ဂုဏ်ပုဒ်ကို ရှေ့ကထားထား အတူတူဘဲ။
လူကောင်းလူတော် = လူတော်လူကောင်းဘဲ။
 ဥပမာပြောရရင်ဗျာ၊ ဘုန်းတော်အနန္တ ဉာဏ်တော် အနန္တ နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား လို့ဆိုတာနဲ့ ဘဲ မြတ်စွာဘုရားက ဘုန်းတန်ခိုးအာနုဘော်တွေ ပြည်စုံပြီးနောက်မှ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတယ်လို့ ပြောကြမလား။ သန်မာထွားကြိုင်းသူ ဆိုတာ သန်မာပြီးမှ ထွားကြိုင်းလာတာလား။ 
စိတ်ကောင်းစေတနာရှိသူ ဆိုတာ စိတ်ကောင်းအရင်ရှိလို့ စေတနာကနောက်မှ ရှိလာတာလား။ ဂုဏ်ပုဒ်ဆိုတာ တခုထက်ပိုလာရင် တညီတညာထဲ ထပ်တူပြု ရေးလို့ရတာမှ မဟုတ်တာလေ။ အရှေ့အနောက် တန်းစီရေးရတာဘဲ၊ အဲဒါကို အရှေ့ကလာတဲ့ ဂုဏ်ပုဒ်က အရင်ဖြစ်တယ်လို့ဆိုပြီး ပြောင်းပြန်လှန်ပစ်လိုက်တော့ အဲဒီအသုံးအနှုံး ကြီးက ယနေ့အထိ စာအုပ်စာပေတွေထဲမှာ တရားဝင်။ အဲဒီမတိုင်ခင်ကတော့ လူတော်လူကောင်း လို့ဘဲ သုံးခဲ့ကြတာ မှတ်သားဖူးပါကြောင်း။ 
ကျွန်တော် တွေးတာမှားနေရင်လဲ ထောက်ပြကြပါဗျာ၊ မြန်မာစာက နဂိုထဲက ခပ်ညံ့ညံ့ရယ်။
 ဖိုးသုညပါ။

No comments:

Post a Comment