Wednesday, December 30, 2020

စိတ်ဝင်စားစရာ အမေရိကန်သမတရွေးကောက်ပွဲနှင့် ရီပါဘလစ်ကန် သမတကြီး ဒေါ်နယ်ထရမ့်

စိတ်ဝင်စားစရာ အမေရိကန်သမတရွေးကောက်ပွဲနှင့် ရီပါဘလစ်ကန် သမတကြီး ဒေါ်နယ်ထရမ့် 

ပြီးခဲ့တဲ့ပိုစ်မှာ https://share-knwge.blogspot.com/2020/11/blog-post.html အမေရိကန်သမတရွေးကောက်ပွဲမှာ electors ဆိုတဲ့ပြည်နယ်မဲပေးကိုယ်စားလှယ်တွေကို ဘယ်လိုရွေးတယ်၊ သူတို့က သမတလောင်းတွေကို ဘယ်လိုမဲပေးပြီး ရွေးတယ်ဆိုတာကိုရေးခဲ့ပါတယ်။ 
အဲဒါတွေက သမားရိုးကျ လုပ်ထုံးလုပ်နည်းပါ၊။ 
ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲလို ပြသနာတွေများလာတဲ့အခါ ပုံမှန်မဟုတ်တဲ့ လုပ်နည်းတချို့ကို ထည့်သွင်းဆောင်ရွက်တာတွေရှိပါတယ်။ 
 

ထရမ့်ရဲ့ရီပါဘလစ်ကန် အပေါင်းအပါများရဲ့ ပံပိုးမှု။

၁။ အကြိတ်အနယ်လုရတဲ့ပြည်နယ်လေးခုက Electoral college မဲတွေက အခြေခံဥပဒေနဲ့ မညီလို့ ထည့်မတွက်ဖို့ ပြည်ထောင်စုတရားရုံးချုပ်ကိုလျှောက်ခြင်း

အကြိတ်အနယ်လုရတဲ့ ပြည်နယ်လေးခု ( ပင်ဆယ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ ဝစ်ကွန်ဆင်နဲ့ မီချီဂန်) က Electoral college မဲတွေက အခြေခံဥပဒေနဲ့ မညီလို့ ထည့်မတွက်ဖို့ ပြည်ထောင်စုတရားရုံးချုပ်ကို တက်ကဆက် ပြည်နယ် ရှေ့နေချုပ် Ken Paxton က ၈-၁၂-၂၀၂၀ နေ့က လျှောက်ထားပါတယ်။ ဒါကို အဲဒီပြည်နယ်က ရီပါဘလစ်ကန် ဆီးနိတ်အမတ် Chip Roy ကတော့ ဒီလိုကန့်ကွက်တာကို လက်မခံပါဘူး။ 
ထရမ့်ကတော့ ဒါက တိုက်ကွက်ကြီးတခုပဲလို့ဆိုပြီး သူကိုယ်တိုင် တရားလို လုပ်ခွင့်ပါ တင်လိုက်ပါသေးတယ်။ 
အဲဒီပြည်နယ်လေးခုမှာ ကိုဗစ် ၁၉ အကြောင်းပြုပြီး ရွေးကောက်ပွဲမတိုင်မီ ပြည်နယ်ရွေးကောက်ပွဲဥပဒေတချို့ကို ပြင်ဆင်ခဲ့ပါတယ်။  အဲဒီလိုလုပ်တာက အုပ်ချုပ်ရေးအရာရှိတွေနဲ့ ဥပဒေပြုအမတ်တွေကို ဖိအားပေးလုပ်တာဖြစ်ပြီး အခြေခံဥပဒေနဲ့ မညီလို့ ရလာတဲ့ ရလာဒ်နဲ့ ရွေးထားတဲ့ electors တွေ Electoral college မဲတွေကို လက်မခံဖို့ ပြည်ထောင်စုတရားရုံးချုပ်ကိုလျှောက်တာပါ။ 

တက္ကဆက်ပြည်နယ်ရဲ့ကန့်ကွက်မှုကို  တခြားရီပါဘလစ်ကန် ကြီးစိုးတဲ့ပြည်နယ်တွေက ရှေ့နေချုပ်တွေ နဲ့အတူ ကွန်ဂရက်အမတ် ၁၀၆ ယောက်ကလည်း ထောက်ခံလက်မှတ်ထိုးပါတယ်။ 

ဒီလုပ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ Electoral college မဲပေးစနစ်ကိုဖျက်ဆီးတာဖြစ်တယ်လို့
ပင်ဆယ်ဗေးနီးယားနဲ့  စွပ်စွဲခံပြည်နယ်တွေက ပြန်လည်တုန့်ပြန်ကန့်ကွက်ပါတယ်။ သူတို့ လေးပြည်နယ်ကို တခြားပြည်နယ် ၂၂ခုကထောက်ခံပါတယ်။

တက္ကဆက်က သူများပြည်နယ်ရွေးကောက်ပွဲရလာဒ်ကိုကန့်ကွက်ခွင့်ရှိသလား

အမေရိကန်က ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပြီး ပြည်နယ်အတွင်း ကျင်းပတဲ့ရွေးကောက်ပွဲရလာဒ်နဲ့ ပြသနာတွေကို ပြည်နယ်အတွင်းမှာပဲဖြေရှင်းခွင့်အပြည့်ပေးထားပါတယ်။ တခြားပြည်နယ်တွေမပြောနဲ့ ပြည်ထောင်စုတရားရုံးချုပ်ကတောင် ဝင်ရောက်စွက်ဖက်လေ့မရှိပါ။ 
အခုတရားစွဲတဲ့ ရှေ့နေချုပ် Ken Paxton ကတော့  အဲဒီပြည်နယ်လေးခုက အခြေခံဥပဒေကိုချိုးဖေါက်ပြီး ရွေးကောက်ပွဲဥပဒေကိုပြင်ခဲ့လို့မဲရလာဒ်တွေပြောင်းကုန်တယ်၊ 

ဒီရလာဒ်ကြောင့် တခြားပြည်နယ်က အမေရိကန်နိုင်ငံသားတွေကိုပါ ထိခိုက်လို့ ကန့်ကွက်ခွင့်ရှိတယ်လို့ဆိုပါတယ်။ 

ပြသနာတခုကို  တရားရုံးအဆင့်ဆင့်ကနေ မတင်ဘဲ တရားရုံးချုပ်ကို တိုက်ရိုက်တင်ဖို့ သူသုံးခဲ့တာကတော့ ပြည်နယ်အချင်းချင်းကြား အငြင်းပွားတဲ့ အမှုတွေမှာ တရားရုံးချုပ်ကိုဦးတိုက်လျှောက်တဲ့ "original jurisdiction" လုပ်ထုံးကိုသုံးတာပါ။ ဒါမျိုးက မြေ၊ ရေခွဲဝေရေးပြဿနာမျိုးမှာ လုပ်လေ့ရှိတာဖြစ်ပြီး တခြားပြည်နယ်တခုရဲ့ရွေးကောက်ပွဲရလာဒ်ကို နယ်ကျော်ပြီး ကန့်ကွက်တာမျိုးအတွက်မဟုတ်ဘူးဆိုပါတယ်။ 

တရားရုံးချုပ်က ဘာလုပ်နိုင်သလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်မလဲ

အကယ်၍ တရားရုံးချုပ်က အမှုကိုလက်ခံကြားနာပြီးလျင် 

  • Paxton လျှောက်ထားတာ မှန်တယ်ဆိုပြီး တင်ပြထားတဲ့ ပြည်နယ်လေးခုကမဲရလာဒ်တွေကို အတည်မပြုဖို့ ဆိုင်းငံ့ခိုင်းနိုင်ပါတယ်။ 

  • အဲဒီမှာမဲပေးတာတွေကို ပြည်လည်စစ်ဆေးတာတွေ ပြန်လည်ရေတွက်တာတွေလုပ်ခိုင်းပြီး ရလာဒ်အသစ်အတိုင်း အတည်ပြုခိုင်းနိုင်ပါတယ်။ 
  • ဒါမှမဟုတ် ပြည်နယ်ရွေးကော်ရွေးထားတဲ့  ပြည်နယ်ကိုယ်စားမဲပေးသူ  electors အစား  ပြည်နယ်ထဲက အမတ်တွေက electors တွေကိုခန့်ပြီး၊ မဲပေးခိုင်းပါမယ်။ သူတို့ကထရမ့်ကိုမဲပေးသူတွေကိုရွေးမှာပါ။ 
  • ဒါမှမှဟုတ် ရွေးကောက်ပွဲကိုကွန်ဂရက်အမတ်တွေလက်ထဲကို လုံးဝလွှဲအပ်ကာ အမတ်တွေက မဲပေးပြီး သမတကိုရွေးဖို့ပါ။   ဒီလိုလုပ်လျင်  ရီပါဘလစ်ကန်အများစု ဖြစ်တာကြောင့် ထရမ့်သမတဖြစ်နိုင်ပါတယ်။ 

သို့သော် 

ထရမ့်ကိုယ်တိုင်ရွေးထားပေးထဲ့ တရားသူကြီးသုံးယောက်အပါဝင် ရီပါလစ်ကန်သမတတွေ ရွေးထားတဲ့တရားသူကြီး ၆ ယောက်,နဲ့ ဒီမိုကရက်တွေတင်ထားတဲ့တရားသူကြီး က သုံးယောက်ပဲရှိတဲ့ တရားရုံးချုပ်က ထရမ့်ထင်သလို မျက်နှာမလိုက်ဘဲ ဥပဒေကိုပဲကြည့်ပြီး အဲဒီလိုတရားစွဲဖို့လျှောက်ထားတာက ဥပဒေကြောင်းအရ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘူးဆိုပြီး တရားရုံးချုပ်မှာ ကြားနာဖို့တောင်လက်မခံဘဲ ၁၁-၁၂-၂၀၂၀ သောကြာနေ့ မှာ ပယ်ချလိုက်ပါတယ်။ 

ထရမ့်ရဲ့ တိုက်ကွက်အကြီးကြီးလည်းပျက်သွားပါတယ်။ 


 ရီပါဘလစ်ကန်တွေရဲ့ မဆုတ်မနစ်ဇွဲ 


ဒီလိုနဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပြည်နယ်အာလုံးရဲ့ electors  တွေသတ်မှတ်နေရာတွေမှာမဲပေးကြပါတယ်။ မူလကအတည်ပြုထားတဲ့အတိုင်းမဲထည့်ကြတော့ ဘိုင်ဒင်က ၃၀၆ မဲ၊ ထရမ့်က ၂၃၂ မဲရပါတယ်။ ဒါပေမယ့် ပြသနာဖြစ်နေတဲ့ ပြည်နယ်တွေက ရီပါဘလစ်ကန်ပါတီအမတ်တွေက သူတို့ စွဲဆိုထားတဲ့ တရားတဘောင်ကိစ္စတွေမကုန်သေးဘူး. သူတို့နိုင်လျင်  သူတို့ electors တွေက ထရမ့်ကိုမဲပေးမှာဖြစ်တယ်၊ ဒါကြောင့်  ၁၄ ရက်နေ့ တရားဝင် electors တွေမဲပေးတဲ့အခါ သူတို့ရဲ့ electors တွေက ထရမ့်ကို စင်ပြိုင်မဲပေးမယ်။ အရံအနေနဲ့သိမ်းထားရမယ်။  အတကယ်လို့ တရားနိုင်လျင် သူတို့မဲတွေကို အခုတရားဝင်ပေးထားတဲ့ ဘိုင်ဒင်အနိုင်ရတဲ့မဲတွေနဲ့ ပြန်လဲမယ်ဆိုပြီး မဲပေးထားတယ်ဆိုပါတယ်။ 


နောက်ဆုံးတိုက်ကွက်  (သို့) Electoral college စနစ်နဲ့ ပေးတဲ့မဲတွေကို ပူးတွဲကွန်ဂရက်က လက်ခံအတည်ပြုရန်ငြင်းဆိုခြင်း။ 

Electoral college စနစ်အရ ပြည်နယ်အလိုက်ရွေးထားတဲ့ ကိုယ်စားလှယ် electors တွေက သမတလောင်းတွေကို မဲပေးပြီးတဲ့အခါ  ပြည်နယ်ထဲက မဲဆန္ဒရှင်တွေပေးတဲ့ မဲစာရင်းရလာဒ်၊ elector မဲပေးသူကိုယ်စားလှယ်စာရင်း၊ နဲ့ သူတို့မဲတွေကို ရွေးကောက်ပွဲပြီးရောက်လာတဲ့ ဇန္နဝါရီလ ရဲ့ ဒုတိယ ဗုဒ္ဓဟူးနေ့ ( ၂၀၂၁ ဇ္နဝါရီ ၆ ရက်) မှာပြုလုပ်တဲ့ပူးတွဲကွန်ဂရက်  (အောက်လွှတ်တော်နဲ့ ဆီးနိတ်လွှတ်တော် ၂ ရပ်ပေါင်း) မှာဖွင့်ဖေါက်ရေတွက်ပါတယ်။ 
ရတဲ့မဲတွေမှာ ၂၇၀ ရတဲ့ သမတလောင်းနဲ့ ဒုသမတလောင်းတို့ကို  လာမည့်သက်တန်းအတွက် သတမတနဲ့ ဒုသမတ တွေအဖြစ်ကြေငြာပြီးအတည်ပြုရပါတယ်။ 
အဲဒီအချိန်မှာ လွှတ်တော်တရပ်ရပ်က ကိုယ်စားလှယ်တွေက ပြည်နယ်တခုခုက Electoral college မဲတွေကိုဖြစ်စေ မဲတခုချင်းကိုဖြစ်စေ ကန့်ကွက်လို့ရပါတယ်။
ဒီလိုကန့်ကွက်တဲ့အခါ ကန့်ကွက်သူအမတ်က သူကိုယ်စားပြုမထားတဲ့တခြားပြည်နယ်ရဲ့ Electoral college မဲတွေကိုလည်းကန့်ကွက်နိုင်ပါတယ်၊ 
အရှုံးကိုလက်မခံနိုင်တဲ့ သတမကြီးထရမ့်ရဲ့ နောင်ဆုံးတိုက်ကွက်ကတော့ အဲဒီမှာပါ။  ဥပမာ အလာဘားမားပြည်နယ် ရီပါဘလစ်ကန်အမတ် က ဂျော်ဂျီယာနဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ် မဲရလာဒ်တွေကိုကန့်ကွက်မယ်လို့ ထုတ်ပြောထားပြီးပါပြီ။ ဒီလိုကန့်ကွက်တာဟာ ရူးသွပ်မှူတခုသာဖြစ်တယ်လို့ ယူတာပြည်နယ် ရီပါဘလစ်ကန် ဆီးနိတ် အမတ် Mitt Romney ကဆိုပါတယ်။

ဒီလိုကန့်ကွက်တဲ့အခါ ကန့်ကွက်တိုင်း အရေးယူ လက်ခံပေးတာတော့မဟုတ်ပါ။ 
စာရေးပြီး ကန့်ကွက်ရမှာဖြစ်ပြီး အနည်းဆုံး အောက်လွှတ်တော်အမတ်တယောက်နဲ့ ဆီးနိတ်အမတ်တယောက် လက်မှတ်ထိုးပြီးမှ ကန့်ကွက်လို့ရပါတယ်။ 
 Missouri  ပြည်နယ် Republican  ဆီးနိတ်အမတ် Josh Hawley က အဲလိုကန့်ကွက်မယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ လူသိရှင်ကြားထုတ်ပြောလိုက်ပါတယ်။ သူတို့ရီပါဘလစ်ကန်ပါတီထဲမှာလည်း ဒီလိုလုပ်တာ ကို ထောက်ခံသူရှိသလို သဘောမကျသူ ဝေဘန်သူတွေလည်းရှိပါတယ်။
 

ကန့်ကွက်မှု တရားဝင်လျင် ကွန်ဂရက်ကဘာလုပ်ကြမလဲ 

အဲလို စနစ်တကျ ကန့်ကွက်လာလျင်တော့ပူးတွဲ ကွန်ဂရက်ခေတ္တနားပြီး လွှတ်တော် ၂ ရပ်သီးသန့်စီ ပြန်ဆွေးနွေးပါမယ်။ အဲလိုဆွေးနွေးတဲ့အခါ ဆွေးနွေးသူအမတ်တယောက်ကို ၅ မိနစ်ထက်မပိုရဘဲ၊ ပြည်နယ်တခုကိုကန့်ကွက်မှုအတွက်စုစုပေါင်း ၂ နာရီ သာအချိန်ပေးပါတယ်။ 
လွှတ်တော်တရပ်စီမှာ သီးခြားစီဆွေးနွေးအပြီးမှာတော့ အဲဒီကန့်ကွက်မှုကို လက်ခံ မခံ မဲခွဲပါတယ်။  လွတ်တော် ၂ ရပ်လုံးက ကန့်ကွက်မှုကို လက်ခံလျင်တော့ ကန့်ကွက်ခံပြည်နယ် ကို Electoral college မဲရေတွက်မှုကနေထုတ်ပယ်လိုက်ပါမယ်။ အဲဒီအခါ စုစုပေါင်း Electoral college မဲတွေလည်းလျော့သွားလို့  သမတနဲ့ ဒုသမတဖြစ်ဖို့ အနည်းဆုံးလိုအပ်တဲ့ မဲအရေအတွက် လည်း ၂၇၀ ကနေအချိုးကျ လျော့သွားမှာဖြစ်ပါတယ်။ 
ဥပမာ လောလောဆယ် ပစ်မှတ်ထားတဲ့ပင်ဆယ်ဗေးနီးယား Electoral college မဲတွေကိုပယ်လိုက်လျင် စုစုပေါင်း ၅၃၈ ကနေ ၅၁၈ မဲပဲကျန်လို့  မဲ၂၆၀ ရတဲ့သူက သမတဖြစ်ပါမယ်။ 
 လက်တွေ့မှာတော့ အဲလိုကန့်ကွက်မှုတွေကိုလွှတ်တော်၂ ရပ်လုံးကသဘောတူလက်ခံဖို့ဆိုတာအတော်ကိုမဖြစ်နိုင်တဲ့ကိစ္စပါ။ 
ကန့်ကွက်သူတွေကလည်း နိုင်ငံရေးကစားကွက်အနေနဲ့သာလုပ်ကြတာလို့ဆိုပါတယ်။ 
အောက်လွှတ်တော်မှာ ဒီမိုကရက်က အများစုဖြစ်လို့ ဘယ်လိုပဲဖြစ်ဖြစ် ကန့်ကွက်သူဘက်ကရှုံးမှာပါ။  ဆီးနိတ်မှာ လက်ရှိအထိက ရီပါဘလစ်ကန် အများစုပါ။ ဒါပေမယ့် ဆီးနိတ် ရီပါလစ်ကန်
လူများစုခေါင်းဆောင် Mitch McConnell က သူ့လူတွေကို အဲလိုမကန့်ကွက်ဖို့  ပြောထားပြီးပြီဆိုပါတယ်။
ဆီးနိတ်က လက်ခံလျင်တောင် အောက်လွှတ်တော်က လက်မခံလျင်ကန့်ကွက်မှုအထမမြောက်ပါ။ 
 ၂၀၁၆ တုန်းက ထရမ့်ရတဲ့ electoral college မဲတချို့ကို ဒီလို ပူးတွဲကွန်ဂရက်မှာ ကန့်ကွက်မှုတွေရှိပါတယ်။ 
ကန့်ကွက်သူတွေက တဦးချင်းအနေနဲ့သာကန့်ကွက်ပြီး လက်တွဲမည့်သူမရှိလို့  မအောင်မြင်ခဲ့ပါ၊ အဲဒီတုန်းက ထရမ့်ကိုကန့်ကွက်မှု အထမမြောက်ကြောင်းကြေညာသူကတော့ အခုသမတလောင်း ဂျိုးဘိုင်ဒင်ပါ။ 


ထရမ့်နဲ့ လက်တွဲဖြုတ်လာကြတဲ့ ရီပါဘလစ်ကန်အမတ်များကြောင့်မျှော်လင့်ချက်ပျက်

ဆီးနိတ်လွှတ်တော် လူများစုခေါင်းဆောင်  ရီပါဘလစ်ကန်အမ် Mitch McConnell က electoral college  မဲတွေပေးပြီးနောက်နေ့  ဒီဇင် ဘာ ၁၅ ရက်နေ့မှာ ဂျိုးဘိုင်ဒင်ကို အနိုင်ရသမတအဖြစ်တရားဝင် အသိအမှတ်ပြုကာ သူ့ရဲ့ ရီပါဘလစ်ကန် အမတ်တွေကို လည်း သူ့လိုပဲ အရှိတရားကိုလက်ခံဖို့နဲ့ ဇန္နဝါရီလ ၆ ရက်နေ့ electoral  college မဲတွေကိုရေတွက်တဲ့အခါ မကန့်ကွက်ဖို့ ပြောလိုက်ပါတယ်။ 
ထရမ့်အတွက်တော့ အရှိုက်ကိုအထိုးခံလိုက်ရတာပါ။ 
 ဇန္နဝါရီလ ၆ ရက်မှာ ထရမ့်ရဲ့ရဲဘော်တွေက သူရှုံးတဲ့ ပြည်နယ်တချို့ရဲ့ electoral college မဲတွေကိုဘယ်လိုပဲ ကန့်ကွက်နိုင်ပါစေ နောက်ဆုံးမဲပြန်ခွဲကြတဲ့အခါ ဆီးနိတ်မှာလည်း Mitch McConnell သဘောထားနဲ့ တိုက်တွန်းချက်ကြောင့် အောင်မြင်ဖို့မရှိတော့ပါဘူး။ 


လက်မလျှော့နိုင်တဲ့ထရမ့် 

ထရမ့်ကတော့ လက်မလျှော့ပါ။ ဇန္နဝါရီ လ ၆ ရက်မှာ လူထုဆန္ဒပြပွဲအကြီးလုပ်ဖို့ဆော်သြထားပါတယ်။ ဆူပူခိုက်ရန်ဖြစ်ပွားမှုတွေပါရှိနိုင်ပါတယ်။

 အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲရလာဒ်ကို ဇန္နဝါရီ ၂၀ အထိ အတည်မပြုခဲ့သော် 

ဒါကတော့ မဖြစ်နိုင်တဲ့အကြောင်းအရာတခုကို ဖြစ်ခဲ့သည်ရှိသော်လို့ တွေးပြီး လေ့လာတဲ့သဘောပါ။ 
တရားတဘောင်တွေဆက်ဖြစ်လို့ ၊ တရားရုံးချုပ်က ကြားဝင်လာလို့၊ ကွန်ဂရက် က သဘောတူညီမှုမရလို့ စသည်ဖြင့် အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲရလာဒ်ကို ဇန္နဝါရီ ၂၀ အထိ အတည်မပြုခဲ့သော် 
ထရမ့်ကတော့ ရာထူးမှာ ဆက်နေလို့မရတော့ပါ။ 
ယာယီသမတတယောက်ကို ကွန်ဂရက်က တင်မြှောက်ရပါမယ်။ 
လက်ရှိအနေအထားအရ အောက်လွှတ်တော်ခေါင်းဆောင် နန်စီပလိုစီ ဖြစ်ရမယ်ဆိုပါတယ်။ 
ရွေးကောက်ပွဲရလာဒ်ကို နောက်ဆုံး တရားဝင် အတည်ပြုလို့ သမတအသစ်တရားဝင် ကျမ်းကျိန်တဲ့ သူက အထိတာဝန်ယူရပါမယ်။

စစ်အုပ်ချုပ်ရေး  Martial Law  ကြေညာပြီး ရွေးကောက်ပွဲပြန်လုပ်ဖို့အကြံ

ဒီအကြံကိုတော့ ထရမ့်ကလွတ်ငြိမ်းချမ်းသာခွင့်ပေးလို့လွတ်လာတဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်း မိုက်ကယ် ဖလင်းနဲ့ တချို့ရီပါဘလစ်ကန်အမတ်တွေရဲ့အကြံပါ။ 
မာရှယ်လောထုတ်လိုက်တော့ ဇန္နဝါရီ လ ၆ ရက်မှာခေါ်ရမယ့် ကွန်ဂရက်တရားမဝင်ဖြစ်သွားပြီး electoral college မဲတွေကိုရေတွက်အတည်ပြုလို့မရဖြစ်သွားတယ်။  စစ်တပ်က ဦးဆောင်ပြီးပြည်နယ်တွေမှာရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတာမျိုးပါ။
အမရိကန်သမိုင်းမှာ ပြည်တွင်းစစ်ကာကတကြိမ်ပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ မာရှယ်လောထုတ်ဖို့ သမတ လင်ကွန်းက ကြိုးစားခဲ့ဖူးပါတယ်။ တရားရုံးချုပ်က သမတက နယ်ကျော်တယ်ဆိုပြီး ပယ်ချပါတယ် မာရှယ်လောထုတ်ဖို့ ဆိုတာ ပုံမှန်အရပ်ဖက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးစနစ် အလုပ်မလုပ်နိုင်တဲ့အနေအထားရောက်မှသာ စစ်တပ်က ဝင်ရောက်နေရာယူဖို့ မာရှယ်လောထုတ်ရမယ်လို့ဆိုပါတယ်။ 
၁၉၄၁  ပုလဲဆိပ်ကမ်းဗုံးကြဲခံရချိန်တုန်းက ဟာဝိုင်အီပြည်နယ်မှာ မာရှယ်လောတခါထုတ်ဖူးပါတယ်။ 
ထရမ့်ကတော့  Martial Law = Fake news လို့တွိထားပါတယ်။ 
 

အိမ်ဖြူတော်ကနေမဖယ်ဘူးကွာဘာဖြစ်လဲ 


ဒီလိုနည်းမျိုးစုံနဲ့ ကန့်ကွက်တာမအောင်မြင်လျင် ဂျိုးဘိုင်ဒင်က ဇန္နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမတအဖြစ်ကျမ်းကျိန်ပါမယ်။ 
ပြီးလျင် အိမ်ဖြူတော်ကိုရောက်လာတော့မှာပါ။ 
အဲဒီအချိန်မှာ ဒေါ်နယ်ထရမ့်က သမတမဟုတ်တော့ဘဲ သာမန်နိုင်ငံသားတယောက်ဖြစ်သွားပြီဖြစ်လို့ သူနေခွင့်မရှိတော့တဲ့ အိမ်ဖြူတော်ကမဖယ်လျင် လုံခြုံရေးတပ်ဖွဲ့တွေက အတင်းဖယ်ခိုင်းပြီး နိုင်ငံပိုင်အဆောက်အဦ အသုံးဆောင်တွေကိုမတရားသုံးစွဲမှုနဲ့ အရေးယူခံရမယ်လို့ဆိုပါတယ်။ 

အိမ်ဖြူတော်ကဆင်းပြီးနောက် 


အိမ်ဖြူတော်ကဆင်းပြီးနောက်သမတလူထွက် ထရမ့်တယောက် ရင်ဆိုင်စရာ တရားစွဲဆိုထားမှူတွေအများကြီးရှိပါတယ်။ 
ဒါပေမယ့်သူ့ကိုယ်သူ ရာထူးကမဆင်းမီ ကြိုတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးထားလို့ရတယ်လို့ဆိုနေပါတယ်။ 
တွီတာကတော့ ထရမ့်ရဲ့တွီတာအကောင့်ကနေ အရင်ကလို့မဟုတ်တာတွေ သတင်းမှားတွေ တင်တာရှဲတာလုပ်လျင် သမတရာထူးကြောင့်ပေးထားတဲ့ ချှင်းချက်မရှိတော့လို့ သတိပေးမယ်၊ အဲဒါမှ ဖြုတ်မချလျင် အကောင့်ကို သာမန်သူတွေအကောင့်တွေလိုပဲ ယာယီပိတ်မယ်ဆိုပါတယ်။ 
တွီတာတို့ ဖေ့ဘုတ်တို့လည်းထရမ့်ဒါဏ်ခံရတာ များပြီကိုး
လူတွေစိတ်ဝင်စားအောင် အတော် ဆွဲဆောင်နိုင်တဲ့ Real Donald Trump ပါပဲ။၊

ဖိုးသုည
၃၁-၁၂-၂၀၂၀

 
 
ကိုးကား

Together, two Trump allies from separate houses, such as Congressman Matt Gaetz and Senator Ted Cruz, could object, for instance.









Saturday, December 26, 2020

အမျိုးသမီးလက်ကိုင်အိတ်များအတွင်း မူးယစ်ဆေးထည့်သယ်ပို့သူ သေဒဏ်ကျ

 

အမျိုးသမီးလက်ကိုင်အိတ်များအတွင်း မူးယစ်ဆေးထည့်သယ်ပို့သူ သေဒဏ်ကျ

 " သူ့အမေလား တရုပ်ပြည်မှာ မူးယစ်ကုန်ကူးတာမိသွားလို့ သေဒဏ်ကျပြီး သေနတ်နဲ့ပစ်ခံရတော့မှာ " 

ဆယ်ကျော်သက်အရွယ်မိန်းခလေးတဦးအနေနဲ့ မကြားတကြားဒီလိုပြောတာခံရမယ်ဆို ဘယ်လိုခံစားရမယ်ဆိုတာ မတွေးရဲစရာပါ။ 

တခါ ကျောင်းတွေ အခန်းအနားတွေမှာ မူးယစ်ဆေးအန္တရာယ်ဟောပြောပွဲတွေလုပ်တိုင်း မူးယစ်ကုန်ကူးသူတွေကြောင့်လူတွေဘယ်လောက်ဒုက္ခရောက်တယ်ဆိုတာကိုပြောကြတဲ့အခါ မူးယစ်ကုန်ကူးတာမိလျင် သေဒဏ်အထိအပြစ်ဒဏ်ချနိုင်တယ်လို့ပြောတာတွေကြားတိုင်း ဘယ်လောက်နာကျင်ခံစားရမယ်ဆိုတာ ..... 

အသက် ၁၇ နှစ်အရွယ် စင်္ကာပူနိုင်ငံသူ အစ္စမီအယ်ဒါတယောက် သူမ မကျူးးလွန်တဲ့ပြစ်မှုအတွက် ခံစားနေရတာကတော့ အတော်ကိုဆိုးရွားလှပါတယ်။ 

https://edition.cnn.com/2020/12/24/asia/singapore-china-death-penalty-intl-hnk/index.html


တရုပ်ပြည်မှာ အလုပ်ရှာ 

သူမရဲ့အမေ  ၃၅ နှစ်အရွယ် စိတိ အက်စ်လင်ဒါတယောက် သူမ အသက် ၁၁ နှစ်အရွယ် ၂၀၁၄ တုန်းက တရုပ်ပြည်ကို အလုပ်ရှာဖို့ ထွက်သွားခဲ့ပါတယ်။

သူမက Chibuzor Onwuka ဆိုသူနဲ့ အဆက်အသွယ်ရပြီး အမျိုးသမီးလက်ကိုင်အိတ်တွေ၊ အတွင်းခံအဝတ်တွေ ပရင်တာ မှင်တော့င်တွေကို တရုပ်ပြည်ကနေ ကမ္ဘောဒီးယားကို ပို့ပေးဖို့ အလုပ်ရပါတယ်။ 

ဝင်ငွေကောင်းတဲ့ ကယ်ရီယာအလုပ်

တရုပ်ပြည် ကွမ်ကျိုးမှာ ပစ္စည်းတွေကိုယူပြီး  ဖနွမ်းပင်ကိုပို့ရတာပါ။ တလကို တစ်ခါ နှစ်ခါပဲလုပ်ရပါတယ်။ 

လေယာဉ်ခ၊ တည်းခိုဖို့ ဟော်တယ်စားရိတ်ကအစ အကုန်အကျခံပြီး တခေါက်ကို သယ်ပို့ခ ဒေါ်လာ ၂၀၀၀ ကနေ သုံးထောင်အထိရပါတယ်။ 

တကယ်တော့ ဒီအခကြေးငွေက ပုံမှန်ထက် အဆများစွားပိုများလို့သံသယတော့ ဖြစ်မိတယ်လို့ဆိုပါတယ်။ Onwuka က သူမသယ်ပေးတဲ့ပစ္စည်းတွေက ကမ္ဘောဒီးယားအထက်တန်းလွှာတွေသုံးတဲ့ပစ္စည်းတွေဖြစ်လို့ အမြတ်များများရလို့ များများပေးတာလို့ ပြောတယ်ဆိုပါတယ်။ 

၂၀၁၄ နှောင်းပိုင်းမှာ စခဲ့တဲ့အလုပ်က မြိုးမြိုးမြက်မြက်ရလေတော့ ၂၀၁၅ မှာ စင်္ကာနိုင်ငံသား မိုဟာမက်ယူစရီကို ပါ သူမက အလုပ်ရှင်ကိုယ်စားလှယ် Chibuzor Onwuka  နဲ့ ဆက်သွယ်ပေးပြီး သူမနဲ့အတူပစ္စည်းတွေ သယ်ပို့ပေးကြပါတယ်။ 

အဖမ်းခံရပြီ

ဒုတိယအကြိမ် နှစ်ယောက်တွဲအလုပ်လုပ်တဲ့ အချိန် ၂၀၁၅ အောက်တိုဘာ ၂၄ ရက်မှာတော့ သူတို့ကိုရှန်ဇန်း အကောက်ခွန်ဝန်ထမ်းတွေက ရှာဖွေရာမှာ အမျိုးသမီး လက်ကိုင်အိတ်  ၂၈ လုံးထဲမှာ ဝှက် သယ်လာတဲ့ စိတ်ကြွဆေး ၁၁ ကီလိုကို ဖမ်းဆီးရမိပါတော့တယ်။ ကာလပေါက်ဈေး  အမေရိကန်ဒေါ်လားနှစ်သန်းကျော်တန်တယ်ဆိုပါတယ်။ 

သူတို့နှစ်ယောက်လုံးက သူတို့သယ်ပို့ပေးတာ မူးယစ်ဆေးဖြစ်နေမှန်းမသိဘူးလို့ငြင်းပါတယ်။ 

တရားသူကြီးကတော့ သူတို့ ရနေတဲ့ သယ်ပို့ခက ပုံမှန်ထက် အဆများစွားပိုများနေကတည်းက သူတို့ ဘာကိုသယ်နေကြတယ်ဆိုတာ သိပြီးသားဖြစ်ရမယ်လို့ ကောက်ချက်ချပါတယ်။ 

နောက်တခုကတော့ တရုပ်ပြည် ကွမ်ကျိုးကနေ ကမ္ဘောဒီးယားကိုတိုက်ရိုက်လေကြောင်းတွေရှိပါလျက် လမ်းကြောင်းရှည်အောင် ဟောင်ကောင်ကတဆင့် သွားတာကလည်းသဘာဝမကျလို့ သံသယဖြစ်စရာကောင်းတယ်လို့ ဆိုပါတယ်။ 

ကမ္ဘောဒီးယား အကောက်ခွန်ဥပဒေအရလည်း ခရီးသည်တွေဟာ နိုင်ငံထဲဝင်တဲ့အခါ တကိုယ်ရေလိုတဲ့အသုံးအဆောင်တွေကို (တားမြစ်ထားသည်တို့မှအပ) သူတို့ခရီးစဉ်မှာလိုအပ်တဲ့ပမာဏအထိပဲ ယူလာခွင့်ပြုတာပါ။ အဲဒီထက်ပိုလျင် အကောက်ခွန်ကြေညာပြီး သွင်းကုန်ပါမစ်လိုပါတယ်။ နိုင်ငံအများစုမှာဒီလိုအလားတူဥပဒေတွေရှိပါတယ်။ 

လူတဦးတည်းက အမျိုးသမီးလက်ကိုင်အိတ် ၂၀ လောက်ကိုတခါတည်းသယ်လာတာမျိုးကို လေဆိပ်အကောက်ခွန်တွေကတွေ့လျင် ဒဏ်ရိုက်ခံရမှာပါ။ 

သေဒါဏ်

သူမရဲ့အမှုက ၂၀၁၅ တုန်းကဖြစ်တာပေမယ် ပြစ်ဒဏ်ကိုတော့ ၂၀၂၀ ဇူလိုင်လကမှာ ချတာပါ။ 

သူမ အမှုအတွက် စင်္ကာပူအစိုးရဖက်က ကူညီပေးပါတယ်။ 

အယူခံဝင်ပေမယ့်ပယ်ချခံရပြီး ရက်သတ္တအနည်းငယ်အတွင်း သေဒဏ်ပေးရမယ်လို့ဆုံးဖြတ်ပါတယ်။ 

သူမနဲ့အတူအဖမ်းခံရသူ မိုဟာမက်ယူစရီရဲ့သေဒဏ်ကိုတော့ ၂ နှစ်ဆိုင်းငံ့ပေးထားပါတယ်။ 

တရုပ်ပြည်မှာ မူးယစ်ကုန်ကူးမှုကို သေဒါဏ်အထိအပြစ်ပေးတတ်ပြီး သေနတ်ပစ်အဖွဲ့နဲ့ပစ်သတ်ပါတယ်။ 

တကယ်တော့ စင်္ကာပူမှာလည်းမူးယစ်ကုန်ကူးသူကိုသေဒဏ်ပေးပါတယ်။ (ကြိုးပေးတာပါ) 

တရုပ်ပြည်မှာ မူးယစ်ဆေးမှုနဲ့ သေဒဏ်ကျခံရသူတွေမှာ နိုင်ငံခြားသားတွေလည်းပါပါတယ်။ 

သမီးရဲ့ခံစားချက် 

အစ္စမီအယ်ဒါ ကတော ့ပြစ်မှုမှတ်တမ်းမရှိတဲ့ သူမရဲ့အမေ ဘာလို့ဒီလိုလုပ်တယ်ဆိုတာ တွေးမရဖြစ်နေပါတယ်။ 

ဒ်ဟာမိုက်မဲမှုတခုသာဖြစ်တယ်၊ သူမသာ အမေ့နေရာမှာဆို ဒီလိုလုပ်မှာမဟုတ်သလို အမေဒီလိုလုပ်နေတာ သိလျင်လည်းတားမြစ်ခဲ့မှာပါ၊ ဒါပေမယ့် အဲဒီအချိန်တုန်းက သူမက ၁၂ နှစ်ဆိုတော့ ဘာမှ သိပ်မသိသေးဘူးဆိုပါတယ်။ 

လှည်းဖြာသိမ်းသွင်း

နိုင်ငံတကာမူးယစ်ကုန်ကူးသူများက လူလတ်ပိုင်း အိမ်ထောင်ပျက်၊ တခုလပ်၊ အမျိုးသမီးများကို ပစ်မှတ်ထားပါတယ်။ 

ပိုက်ဆံဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်ဆိုတော့လည်း ငွေအများကြီးကို လွယ်လွယ်ရတဲ့ အခါ ဆင်ခြင်တုံတရား အားနည်းသွားတတ်ပါတယ်။ 

စိတ်ပိုင်းဆိုရာ အားနည်းပြီး ငွေကြေးလိုအပ်နေသူတွေကို ဖက်လှည့်စည်းရုံးပြီး မူးယစ်ဆေးသယ်ခိုင်းတာပါ။ 

တချိန်က ဘရူနိုင်းနိုင်ငံသူနှစ်ယောက် ဩစတေးသျှကို မူယစ်ဆေး သယ်ဖို့ အသုံးချခံရပုံကို ကျနော်ရေးဖူးပါတယ်။ လင့်ကဒီမှာပါ 

https://share-knwge.blogspot.com/2019/08/blog-post_23.html။ 

အရှေ့တောင်အာရှိမှာ ဒီလိုလုပ်တဲ့ သူအများစုက နိုင်ဂျီးရီးယားနိုင်ငံသားတွေဖြစ်နေပါတယ်။ 

၂၀၁၆ မှာတရုပ်ပြည်ထဲမှာ မူးယစ်မှုနဲ့သေဒဏ်ကျနေတဲ့ နိုင်ဂျီးရီးယားနိုင်ငံသား ၁၂၀ ရှိတယ်ဆိုပါတယ်။ 

အမည်းတွေအပြောကောင်းသဘောကောင်းနဲ့ ချဉ်းကပ်လာလျင် သတိထားပါ။ 

သတိထားစရာ

ပုံမှန်ထက်အဆများစွာပိုများတဲ့ သယ်ပို့ခပေးတဲ့ နိုင်ငံတကာ ပစ္စည်းသယ်ပို့လုပ်ငန်းမျိုးဆို သတိထားပါ, ဖြစ်နိုင်လျင် လက်မံပါနဲ့ ။ အဆက်သွယ်ပါဖြတ်ပါ်။ 

အွန်လိုင်းကချစ်သူတွေကိုသတိထားပါ၊ သူတို့က စားရိတ်ခံပြီးခရီးထွက်ဖို့ ခေါ်၊ သူတို့ကအတူလိုက်ပါမလားဘူးဆိုလျင်တော့ တခုခုမဟုတ်တာ သေချာသလောက်ပါပဲ ။ 

ကိုယ်လုပ်နေတဲ့ အလုပ်ကို သံသယရှိလျင်ဆက်မလုပ်ပါနဲ့ ။ 

ကိုယ်တခုခုဖြစ်လျင် ကျန်ခဲ့တဲ့မိသားစုကို အရိပ်မည်းက ဘယ်လောက်ကြာအောင်ဒုက္ခပေးမယ်ဆိုတာကိုအရင်တွေးပါ 

အားလုံးလှည့်ဖြားခံရခြင်းမှ ကင်းဝေးကြပါစေ။ 


ဖိုးသုည 

26-12-2020

https://share-knwge.blogspot.com/2020/12/blog-post.html 

 ကိုးကား 

https://edition.cnn.com/2020/12/24/asia/singapore-china-death-penalty-intl-hnk/index.html

https://sg.news.yahoo.com/mfa-consular-support-2-singaporeans-death-row-drug-trafficking-in-china-095922742.html




Friday, December 11, 2020

မသုံးတာကြာတဲ့ Gmail, Google Drive Google Photos ဆားဗစ်ထဲကဖိုင်တွေကိုဖျက်ပစ်မယ်ဆိုတဲ့ ဂူးဂဲရဲ့ ပေါ်လစီအသစ်

မသုံးတာကြာတဲ့ Gmail ဂျီမေး၊ Google Photo  ဂူးဂဲဖိုတိုနဲ့ Google Drive ဂူးဂဲ ဒရိုက်ဖ် ဆိုတဲ့ ဆားဗစ်ထဲကဖိုင်တွေကိုဖျက်ပစ်မယ်ဆိုတဲ့ ဂူးဂဲရဲ့ ပေါ်လစီအသစ်

မနေ့က ဂူးဂဲက စာပို့လာပါတယ်။  

၂၀၂၁ ဇွန်လ တရက်နေ့မှာ စတင်အသက်ဝင်မယ့် ဂူးဂဲရဲ့ ဒေတာသိုလှောင်မှုပေါ်လစီအသစ်အကြောင်းကလေး ပါ။ 


Gmail ဂျီမေး၊ Google Photo  ဂူးဂဲဖိုတိုနဲ့ Google Drive ဂူးဂဲ ဒရိုက်ဖ် ဆိုတဲ့ ဆားဗစ် တွေနဲ့ ပတ်သက်ပါတယ်။ 

၁. အခုပေါ်လစီအသစ်က အဲဒီဆားဗစ်တခုခုကို ၂ နှစ် (၂၄ လ) အတွင်းတခါမှမသုံးလျင် ဆိုင်ရာဆားဗစ်နဲ့ ပတ်သက်တဲ့ သိုလှောင်မှုတွေကို ဖျက်ပစ်မယ်ဆိုပါတယ်။ 

၂. ၂နှစ်အတွင်း သတ်မှတ်ထားတဲ့ သိုလှောင်မှုပမာဏထက်ပိုသုံးလျင်လည်း ဒေတာတွေကိုဖျက်မှာပါ။ ဘယ်ဒေတာကိုဘယ်လိုဖျက်မယ်ဆိုတာတော့  အသေးစိပ်မပါပါ။  

သိပ်တော့စိတ်မပူပါနဲ့ 

ဒေတာတွေကိုမဖျက်မီ သုံးလကြိုပြီး စာပို့မယ် ၊ ဂူဂဲ နဲ့ပတ်သက်တဲ့ ဆားဗစ်ကနေ သတိပေး နိုတီပို့ပါမယ်။ 

ဒေတာတွေကိုမဖျက်စေချင်လျင် သူတို့သတ်မှတ်ရက်မတိုင်မီ အဲဒီဆားဗစ်ကို ပြန် သုံးပါ  သို့မဟုတ် ဒေတာတွေကို ဒေါင်းလုပ်လုပ်ပြီး သိမ်းထားပါ။ 

ဒါမှမဟုတ် သိုလှောင်မှုပမာဏ များများရအောင် upgrade လုပ်ပြီး သိုလှောင်မှု ဝယ်လို့ရပါတယ်၊၊

သိုလှောင်ထားတဲ့ ဒေတာတွေကို ဖျက်ပစ်ပေမယ့် အကောင့်ကိုဖျက်မှာတော့မဟုတ်ပါ။


 လက်ရှိကျနော်တို့သုံးနေတဲ့ဂူဂဲဒေတာသိုလှောင်မှု

ကျနော်တို့ ဂူးဂဲ သုံးစွဲသူအများစုက အလကားရတဲ့ ဖရီးဆားဗစ်ကိုသုံးကြတာပါ၊

အဲဒီ Gmail ဂျီမေး၊ Google Photo  ဂူးဂဲဖိုတိုနဲ့ Google Drive ဂူးဂဲ ဒရိုက်ဖ် တို့အတွက် စုစုပေါင်း ဒေတာ 15 GB  ဖရီး သိုလှောင်သိမ်းဆည်းပေးပါတယ်။ 

အခုပေါ်လစီအသစ်က အဲဒီဆားဗစ်တခုခုကို ၂ နှစ် (၂၄ လ) အတွင်းတခါမှမသုံးလျင် ဆိုင်ရာဆားဗစ်နဲ့ ပတ်သက်တဲ့ သိုလှောင်မှုတွေကို ဖျက်ပစ်မယ်ဆိုပါတယ်။ 

၂နှစ်အတွင်း သတ်မှတ်ထားတဲ့ သိုလှောင်မှုပမာဏထက်ပိုသုံးလျင်လည်း ဒေတာတွေကိုဖျက်မှာပါ။ ဘယ်ဒေတာကိုဘယ်လိုဖျက်မယ်ဆိုတာတော့မသိပါ။ 

ဥပမာ ဂျီမေးကိုသုံးနေပေမယ့် Google Drive ထဲ မဝင် တာ ၂ နှစ်ကြာလျင် အဲဒီ Drive ထဲက ဖိုင်တွေကို ဖျက်ပစ်မှာပါ။ ဒီလိုပဲ Google Photoထဲက ပုံတွေကိုလည်း  ၂ နှစ်အတွင် တခါမှ ပြန်မဝင်လျင် ဖျက်ပစ်မယ်ဆိုပါတယ်။ 

အကောင့်ကိုဖျက်တာတော့မဟုတ်၊ မသုံးတဲ့ ဆားဗစ် mail / Drive/ Photo ထဲကဖိုင်တွေကိုပဲဖျက်မှာပါ။ 

 လုပ်ငန်းသုံးအဖွဲ့အစည်းသုံး Google Workspace, G Suite for Education and G Suite for Nonprofits policies တွေကိုတော့ ဒီပေါ်လစီက ဘာမှ လုပ်မှာမဟုတ်ပါ။ 

 

ဂူးဂဲဖိုတို သိုလှောင်မှု

နောက်တခုကတော့ လက်ရှိမှာ  Poto  နဲ့ video တွေကို "High quality (16 MP photo/ 1080p Video)" or "Express quality (3MP photo / 480p Video)" အနေနဲ့သိမ်းထားလျင် အဲဒီသိုလှောင်မှုကို အကောင့် ခွဲတမ်းထဲထည့်မတွက်ပါ။

ကိုယ်ကပုံတွေဗွီဒီယိုတွေကို  Google Photos မှာ သိမ်းတဲ့အခါ High quality လို့ရွေးလျင် 16 MP photo/ 1080p Video ကိုပြောင်းသိမ်းပြီး "Express quality" ဆိုလျင်တော့ 3MP photo / 480p Video ပြောင်းသိမ်းပေးပါတယ်။

  16MP (သို့) 1080 P ထက်ကြီးတဲ့ "Original quality."အနေနဲ့သိမ်းတဲ့  ပုံတွေ ဗွီဒီယိုတွေတော့ သိုလှောင်မှု ဒေတာခွဲတမ်းကိုထည့်တွက်ပါတယ်။   

 ၂၀၂၁ ဇွန် ၁ ရက်နောက်ပိုင်းမှာတော့ ဘယ်အရွယ်နဲ့ သိမ်းထဲ့ပုံတွေ ဗွီဒီယိုတွေဖြစ်ဖြစ် သိုလှောင်မှု ခွဲတမ်းထဲ ထည့်တွက်တော့မှာပါ။ 

လက်ရှိအခြေအနေမှာလို ပုံတွေအများကြီး သိမ်းချင်တိုင်းသိမ်းထားလို့ရတော့မှာမဟုတ်ပါ။ 

ဒါပေမယ့် အဲဒီရက်မတိုင်ခင်ကတင်ထားတဲ့ပုံတွေ ဗွီဒီယိုတွေကိုတော့ ထည့်မတွက်ဘဲ အသစ်တွေကိုပဲထည့်တွက်မှာပါ။

ဒီတော့ active ဖြစ်နေအောင် ဘာတွေလုပ်ရမလဲ 

  • ဂျီမေးထဲက စာတွေကို ဖွင့်ဖတ်တာ၊ ဖတ်ပြီးသားတွေကိုရှင်းပစ်တာမျိုးလုပ်လို့ရပါတယ်။ 
  • Drive နဲ့  Photo  ထဲဝင်ပြီး ဖိုင်တွေ၊ ပုံတွေကို ဖွင့်ကြည့်တာ ၊ သူများနဲ့ ရှဲတာ , ဖုန်းတို့ကွန်ပြုတာတို့က ဖိုင်တွေပုံတွေနဲ့  sync  လုပ်တာတွေလုပ်နိုင်ပါတယ်။ 
  • ဗိုင်ဘာတို့ Whatsapp တိုကို Google Drive မှာ  backup  လုပ်ခိုင်းထားလျင် လည်း  နေ့စဉ်/ တပတ်တခါ လုပ်နေလို့ အက်တစ်ဖြစ်နေမှာပါ။ 
  • နောက်တခုကတော့ Google One  ဂူဂဲ ဝမ်း ဆိုတဲ့ စနစ်အသစ်ကို ပြောင်းသုံးတာပါ။ 


Google One  က တော့ အထက်ပါဆားဗစ်တွေကို တခုတည်းအနေနဲ့ပေါင်းထားပြီး ကိုယ် အကောင့်ဝင်ထားတဲ့ ပစ္စည်း ( ဥပမာ ဖုန်း) ဆက်တင်အချက်အလက်တွေကိုပါ Back up  လုပ်ထားလို့ရပါတယ်။ 

မိသားစု ၅ ယောက်အကောင့်တွေအချင်းချင်း သိုလှောင်မှု မျှဝေသုံးလိုရမယ်ဆိုပါတယ်။ 

ကိုယ့်ဂူဂဲအကောင့်ကို ဂူဂဲဝမ်း အဖြစ်ပြောင်းလိုက်လျင် ရှိပြီးသားဖိုင်တွေ စာတွေ၊ ပုံတွေ ရှိမြဲအတိုင်းကျန်နေမှာဖြစ်ပြီး Mail, Drive, Photo  တခုခုကိုသုံးနေတာနဲ့ကျန်တာတွေပါ active  ဖြစ်နေမယ်ဆိုပါတယ်။ 

ဒီလင့်ကနေ Play store မှာဒေါင်းလုပ်လုပ်လို့ရပါတယ်၊။ 

https://play.google.com/store/apps/details?id=com.google.android.apps.subscriptions.red 

 

ကဲ ဂူဂဲဝမ်း ဖရီးအကောင်းပြောင်းသုံးကြမှာလား

 

ဖိုးသုည

၁၁-၁၂-၂၀၂၀


https://share-knwge.blogspot.com/2020/12/blog-post.html

https://one.google.com/about

https://support.google.com/googleone/answer/9004014?hl=en&ref_topic=9171059

https://support.google.com/googleone/answer/9004014

https://support.google.com/googleone/answer/10214036#activity

https://support.google.com/photos/answer/6220791?co=GENIE.Platform%3DAndroid&hl=en