Wednesday, December 30, 2020

စိတ်ဝင်စားစရာ အမေရိကန်သမတရွေးကောက်ပွဲနှင့် ရီပါဘလစ်ကန် သမတကြီး ဒေါ်နယ်ထရမ့်

စိတ်ဝင်စားစရာ အမေရိကန်သမတရွေးကောက်ပွဲနှင့် ရီပါဘလစ်ကန် သမတကြီး ဒေါ်နယ်ထရမ့် 

ပြီးခဲ့တဲ့ပိုစ်မှာ https://share-knwge.blogspot.com/2020/11/blog-post.html အမေရိကန်သမတရွေးကောက်ပွဲမှာ electors ဆိုတဲ့ပြည်နယ်မဲပေးကိုယ်စားလှယ်တွေကို ဘယ်လိုရွေးတယ်၊ သူတို့က သမတလောင်းတွေကို ဘယ်လိုမဲပေးပြီး ရွေးတယ်ဆိုတာကိုရေးခဲ့ပါတယ်။ 
အဲဒါတွေက သမားရိုးကျ လုပ်ထုံးလုပ်နည်းပါ၊။ 
ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲလို ပြသနာတွေများလာတဲ့အခါ ပုံမှန်မဟုတ်တဲ့ လုပ်နည်းတချို့ကို ထည့်သွင်းဆောင်ရွက်တာတွေရှိပါတယ်။ 
 

ထရမ့်ရဲ့ရီပါဘလစ်ကန် အပေါင်းအပါများရဲ့ ပံပိုးမှု။

၁။ အကြိတ်အနယ်လုရတဲ့ပြည်နယ်လေးခုက Electoral college မဲတွေက အခြေခံဥပဒေနဲ့ မညီလို့ ထည့်မတွက်ဖို့ ပြည်ထောင်စုတရားရုံးချုပ်ကိုလျှောက်ခြင်း

အကြိတ်အနယ်လုရတဲ့ ပြည်နယ်လေးခု ( ပင်ဆယ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ ဝစ်ကွန်ဆင်နဲ့ မီချီဂန်) က Electoral college မဲတွေက အခြေခံဥပဒေနဲ့ မညီလို့ ထည့်မတွက်ဖို့ ပြည်ထောင်စုတရားရုံးချုပ်ကို တက်ကဆက် ပြည်နယ် ရှေ့နေချုပ် Ken Paxton က ၈-၁၂-၂၀၂၀ နေ့က လျှောက်ထားပါတယ်။ ဒါကို အဲဒီပြည်နယ်က ရီပါဘလစ်ကန် ဆီးနိတ်အမတ် Chip Roy ကတော့ ဒီလိုကန့်ကွက်တာကို လက်မခံပါဘူး။ 
ထရမ့်ကတော့ ဒါက တိုက်ကွက်ကြီးတခုပဲလို့ဆိုပြီး သူကိုယ်တိုင် တရားလို လုပ်ခွင့်ပါ တင်လိုက်ပါသေးတယ်။ 
အဲဒီပြည်နယ်လေးခုမှာ ကိုဗစ် ၁၉ အကြောင်းပြုပြီး ရွေးကောက်ပွဲမတိုင်မီ ပြည်နယ်ရွေးကောက်ပွဲဥပဒေတချို့ကို ပြင်ဆင်ခဲ့ပါတယ်။  အဲဒီလိုလုပ်တာက အုပ်ချုပ်ရေးအရာရှိတွေနဲ့ ဥပဒေပြုအမတ်တွေကို ဖိအားပေးလုပ်တာဖြစ်ပြီး အခြေခံဥပဒေနဲ့ မညီလို့ ရလာတဲ့ ရလာဒ်နဲ့ ရွေးထားတဲ့ electors တွေ Electoral college မဲတွေကို လက်မခံဖို့ ပြည်ထောင်စုတရားရုံးချုပ်ကိုလျှောက်တာပါ။ 

တက္ကဆက်ပြည်နယ်ရဲ့ကန့်ကွက်မှုကို  တခြားရီပါဘလစ်ကန် ကြီးစိုးတဲ့ပြည်နယ်တွေက ရှေ့နေချုပ်တွေ နဲ့အတူ ကွန်ဂရက်အမတ် ၁၀၆ ယောက်ကလည်း ထောက်ခံလက်မှတ်ထိုးပါတယ်။ 

ဒီလုပ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ Electoral college မဲပေးစနစ်ကိုဖျက်ဆီးတာဖြစ်တယ်လို့
ပင်ဆယ်ဗေးနီးယားနဲ့  စွပ်စွဲခံပြည်နယ်တွေက ပြန်လည်တုန့်ပြန်ကန့်ကွက်ပါတယ်။ သူတို့ လေးပြည်နယ်ကို တခြားပြည်နယ် ၂၂ခုကထောက်ခံပါတယ်။

တက္ကဆက်က သူများပြည်နယ်ရွေးကောက်ပွဲရလာဒ်ကိုကန့်ကွက်ခွင့်ရှိသလား

အမေရိကန်က ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပြီး ပြည်နယ်အတွင်း ကျင်းပတဲ့ရွေးကောက်ပွဲရလာဒ်နဲ့ ပြသနာတွေကို ပြည်နယ်အတွင်းမှာပဲဖြေရှင်းခွင့်အပြည့်ပေးထားပါတယ်။ တခြားပြည်နယ်တွေမပြောနဲ့ ပြည်ထောင်စုတရားရုံးချုပ်ကတောင် ဝင်ရောက်စွက်ဖက်လေ့မရှိပါ။ 
အခုတရားစွဲတဲ့ ရှေ့နေချုပ် Ken Paxton ကတော့  အဲဒီပြည်နယ်လေးခုက အခြေခံဥပဒေကိုချိုးဖေါက်ပြီး ရွေးကောက်ပွဲဥပဒေကိုပြင်ခဲ့လို့မဲရလာဒ်တွေပြောင်းကုန်တယ်၊ 

ဒီရလာဒ်ကြောင့် တခြားပြည်နယ်က အမေရိကန်နိုင်ငံသားတွေကိုပါ ထိခိုက်လို့ ကန့်ကွက်ခွင့်ရှိတယ်လို့ဆိုပါတယ်။ 

ပြသနာတခုကို  တရားရုံးအဆင့်ဆင့်ကနေ မတင်ဘဲ တရားရုံးချုပ်ကို တိုက်ရိုက်တင်ဖို့ သူသုံးခဲ့တာကတော့ ပြည်နယ်အချင်းချင်းကြား အငြင်းပွားတဲ့ အမှုတွေမှာ တရားရုံးချုပ်ကိုဦးတိုက်လျှောက်တဲ့ "original jurisdiction" လုပ်ထုံးကိုသုံးတာပါ။ ဒါမျိုးက မြေ၊ ရေခွဲဝေရေးပြဿနာမျိုးမှာ လုပ်လေ့ရှိတာဖြစ်ပြီး တခြားပြည်နယ်တခုရဲ့ရွေးကောက်ပွဲရလာဒ်ကို နယ်ကျော်ပြီး ကန့်ကွက်တာမျိုးအတွက်မဟုတ်ဘူးဆိုပါတယ်။ 

တရားရုံးချုပ်က ဘာလုပ်နိုင်သလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်မလဲ

အကယ်၍ တရားရုံးချုပ်က အမှုကိုလက်ခံကြားနာပြီးလျင် 

  • Paxton လျှောက်ထားတာ မှန်တယ်ဆိုပြီး တင်ပြထားတဲ့ ပြည်နယ်လေးခုကမဲရလာဒ်တွေကို အတည်မပြုဖို့ ဆိုင်းငံ့ခိုင်းနိုင်ပါတယ်။ 

  • အဲဒီမှာမဲပေးတာတွေကို ပြည်လည်စစ်ဆေးတာတွေ ပြန်လည်ရေတွက်တာတွေလုပ်ခိုင်းပြီး ရလာဒ်အသစ်အတိုင်း အတည်ပြုခိုင်းနိုင်ပါတယ်။ 
  • ဒါမှမဟုတ် ပြည်နယ်ရွေးကော်ရွေးထားတဲ့  ပြည်နယ်ကိုယ်စားမဲပေးသူ  electors အစား  ပြည်နယ်ထဲက အမတ်တွေက electors တွေကိုခန့်ပြီး၊ မဲပေးခိုင်းပါမယ်။ သူတို့ကထရမ့်ကိုမဲပေးသူတွေကိုရွေးမှာပါ။ 
  • ဒါမှမှဟုတ် ရွေးကောက်ပွဲကိုကွန်ဂရက်အမတ်တွေလက်ထဲကို လုံးဝလွှဲအပ်ကာ အမတ်တွေက မဲပေးပြီး သမတကိုရွေးဖို့ပါ။   ဒီလိုလုပ်လျင်  ရီပါဘလစ်ကန်အများစု ဖြစ်တာကြောင့် ထရမ့်သမတဖြစ်နိုင်ပါတယ်။ 

သို့သော် 

ထရမ့်ကိုယ်တိုင်ရွေးထားပေးထဲ့ တရားသူကြီးသုံးယောက်အပါဝင် ရီပါလစ်ကန်သမတတွေ ရွေးထားတဲ့တရားသူကြီး ၆ ယောက်,နဲ့ ဒီမိုကရက်တွေတင်ထားတဲ့တရားသူကြီး က သုံးယောက်ပဲရှိတဲ့ တရားရုံးချုပ်က ထရမ့်ထင်သလို မျက်နှာမလိုက်ဘဲ ဥပဒေကိုပဲကြည့်ပြီး အဲဒီလိုတရားစွဲဖို့လျှောက်ထားတာက ဥပဒေကြောင်းအရ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘူးဆိုပြီး တရားရုံးချုပ်မှာ ကြားနာဖို့တောင်လက်မခံဘဲ ၁၁-၁၂-၂၀၂၀ သောကြာနေ့ မှာ ပယ်ချလိုက်ပါတယ်။ 

ထရမ့်ရဲ့ တိုက်ကွက်အကြီးကြီးလည်းပျက်သွားပါတယ်။ 


 ရီပါဘလစ်ကန်တွေရဲ့ မဆုတ်မနစ်ဇွဲ 


ဒီလိုနဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပြည်နယ်အာလုံးရဲ့ electors  တွေသတ်မှတ်နေရာတွေမှာမဲပေးကြပါတယ်။ မူလကအတည်ပြုထားတဲ့အတိုင်းမဲထည့်ကြတော့ ဘိုင်ဒင်က ၃၀၆ မဲ၊ ထရမ့်က ၂၃၂ မဲရပါတယ်။ ဒါပေမယ့် ပြသနာဖြစ်နေတဲ့ ပြည်နယ်တွေက ရီပါဘလစ်ကန်ပါတီအမတ်တွေက သူတို့ စွဲဆိုထားတဲ့ တရားတဘောင်ကိစ္စတွေမကုန်သေးဘူး. သူတို့နိုင်လျင်  သူတို့ electors တွေက ထရမ့်ကိုမဲပေးမှာဖြစ်တယ်၊ ဒါကြောင့်  ၁၄ ရက်နေ့ တရားဝင် electors တွေမဲပေးတဲ့အခါ သူတို့ရဲ့ electors တွေက ထရမ့်ကို စင်ပြိုင်မဲပေးမယ်။ အရံအနေနဲ့သိမ်းထားရမယ်။  အတကယ်လို့ တရားနိုင်လျင် သူတို့မဲတွေကို အခုတရားဝင်ပေးထားတဲ့ ဘိုင်ဒင်အနိုင်ရတဲ့မဲတွေနဲ့ ပြန်လဲမယ်ဆိုပြီး မဲပေးထားတယ်ဆိုပါတယ်။ 


နောက်ဆုံးတိုက်ကွက်  (သို့) Electoral college စနစ်နဲ့ ပေးတဲ့မဲတွေကို ပူးတွဲကွန်ဂရက်က လက်ခံအတည်ပြုရန်ငြင်းဆိုခြင်း။ 

Electoral college စနစ်အရ ပြည်နယ်အလိုက်ရွေးထားတဲ့ ကိုယ်စားလှယ် electors တွေက သမတလောင်းတွေကို မဲပေးပြီးတဲ့အခါ  ပြည်နယ်ထဲက မဲဆန္ဒရှင်တွေပေးတဲ့ မဲစာရင်းရလာဒ်၊ elector မဲပေးသူကိုယ်စားလှယ်စာရင်း၊ နဲ့ သူတို့မဲတွေကို ရွေးကောက်ပွဲပြီးရောက်လာတဲ့ ဇန္နဝါရီလ ရဲ့ ဒုတိယ ဗုဒ္ဓဟူးနေ့ ( ၂၀၂၁ ဇ္နဝါရီ ၆ ရက်) မှာပြုလုပ်တဲ့ပူးတွဲကွန်ဂရက်  (အောက်လွှတ်တော်နဲ့ ဆီးနိတ်လွှတ်တော် ၂ ရပ်ပေါင်း) မှာဖွင့်ဖေါက်ရေတွက်ပါတယ်။ 
ရတဲ့မဲတွေမှာ ၂၇၀ ရတဲ့ သမတလောင်းနဲ့ ဒုသမတလောင်းတို့ကို  လာမည့်သက်တန်းအတွက် သတမတနဲ့ ဒုသမတ တွေအဖြစ်ကြေငြာပြီးအတည်ပြုရပါတယ်။ 
အဲဒီအချိန်မှာ လွှတ်တော်တရပ်ရပ်က ကိုယ်စားလှယ်တွေက ပြည်နယ်တခုခုက Electoral college မဲတွေကိုဖြစ်စေ မဲတခုချင်းကိုဖြစ်စေ ကန့်ကွက်လို့ရပါတယ်။
ဒီလိုကန့်ကွက်တဲ့အခါ ကန့်ကွက်သူအမတ်က သူကိုယ်စားပြုမထားတဲ့တခြားပြည်နယ်ရဲ့ Electoral college မဲတွေကိုလည်းကန့်ကွက်နိုင်ပါတယ်၊ 
အရှုံးကိုလက်မခံနိုင်တဲ့ သတမကြီးထရမ့်ရဲ့ နောင်ဆုံးတိုက်ကွက်ကတော့ အဲဒီမှာပါ။  ဥပမာ အလာဘားမားပြည်နယ် ရီပါဘလစ်ကန်အမတ် က ဂျော်ဂျီယာနဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ် မဲရလာဒ်တွေကိုကန့်ကွက်မယ်လို့ ထုတ်ပြောထားပြီးပါပြီ။ ဒီလိုကန့်ကွက်တာဟာ ရူးသွပ်မှူတခုသာဖြစ်တယ်လို့ ယူတာပြည်နယ် ရီပါဘလစ်ကန် ဆီးနိတ် အမတ် Mitt Romney ကဆိုပါတယ်။

ဒီလိုကန့်ကွက်တဲ့အခါ ကန့်ကွက်တိုင်း အရေးယူ လက်ခံပေးတာတော့မဟုတ်ပါ။ 
စာရေးပြီး ကန့်ကွက်ရမှာဖြစ်ပြီး အနည်းဆုံး အောက်လွှတ်တော်အမတ်တယောက်နဲ့ ဆီးနိတ်အမတ်တယောက် လက်မှတ်ထိုးပြီးမှ ကန့်ကွက်လို့ရပါတယ်။ 
 Missouri  ပြည်နယ် Republican  ဆီးနိတ်အမတ် Josh Hawley က အဲလိုကန့်ကွက်မယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ လူသိရှင်ကြားထုတ်ပြောလိုက်ပါတယ်။ သူတို့ရီပါဘလစ်ကန်ပါတီထဲမှာလည်း ဒီလိုလုပ်တာ ကို ထောက်ခံသူရှိသလို သဘောမကျသူ ဝေဘန်သူတွေလည်းရှိပါတယ်။
 

ကန့်ကွက်မှု တရားဝင်လျင် ကွန်ဂရက်ကဘာလုပ်ကြမလဲ 

အဲလို စနစ်တကျ ကန့်ကွက်လာလျင်တော့ပူးတွဲ ကွန်ဂရက်ခေတ္တနားပြီး လွှတ်တော် ၂ ရပ်သီးသန့်စီ ပြန်ဆွေးနွေးပါမယ်။ အဲလိုဆွေးနွေးတဲ့အခါ ဆွေးနွေးသူအမတ်တယောက်ကို ၅ မိနစ်ထက်မပိုရဘဲ၊ ပြည်နယ်တခုကိုကန့်ကွက်မှုအတွက်စုစုပေါင်း ၂ နာရီ သာအချိန်ပေးပါတယ်။ 
လွှတ်တော်တရပ်စီမှာ သီးခြားစီဆွေးနွေးအပြီးမှာတော့ အဲဒီကန့်ကွက်မှုကို လက်ခံ မခံ မဲခွဲပါတယ်။  လွတ်တော် ၂ ရပ်လုံးက ကန့်ကွက်မှုကို လက်ခံလျင်တော့ ကန့်ကွက်ခံပြည်နယ် ကို Electoral college မဲရေတွက်မှုကနေထုတ်ပယ်လိုက်ပါမယ်။ အဲဒီအခါ စုစုပေါင်း Electoral college မဲတွေလည်းလျော့သွားလို့  သမတနဲ့ ဒုသမတဖြစ်ဖို့ အနည်းဆုံးလိုအပ်တဲ့ မဲအရေအတွက် လည်း ၂၇၀ ကနေအချိုးကျ လျော့သွားမှာဖြစ်ပါတယ်။ 
ဥပမာ လောလောဆယ် ပစ်မှတ်ထားတဲ့ပင်ဆယ်ဗေးနီးယား Electoral college မဲတွေကိုပယ်လိုက်လျင် စုစုပေါင်း ၅၃၈ ကနေ ၅၁၈ မဲပဲကျန်လို့  မဲ၂၆၀ ရတဲ့သူက သမတဖြစ်ပါမယ်။ 
 လက်တွေ့မှာတော့ အဲလိုကန့်ကွက်မှုတွေကိုလွှတ်တော်၂ ရပ်လုံးကသဘောတူလက်ခံဖို့ဆိုတာအတော်ကိုမဖြစ်နိုင်တဲ့ကိစ္စပါ။ 
ကန့်ကွက်သူတွေကလည်း နိုင်ငံရေးကစားကွက်အနေနဲ့သာလုပ်ကြတာလို့ဆိုပါတယ်။ 
အောက်လွှတ်တော်မှာ ဒီမိုကရက်က အများစုဖြစ်လို့ ဘယ်လိုပဲဖြစ်ဖြစ် ကန့်ကွက်သူဘက်ကရှုံးမှာပါ။  ဆီးနိတ်မှာ လက်ရှိအထိက ရီပါဘလစ်ကန် အများစုပါ။ ဒါပေမယ့် ဆီးနိတ် ရီပါလစ်ကန်
လူများစုခေါင်းဆောင် Mitch McConnell က သူ့လူတွေကို အဲလိုမကန့်ကွက်ဖို့  ပြောထားပြီးပြီဆိုပါတယ်။
ဆီးနိတ်က လက်ခံလျင်တောင် အောက်လွှတ်တော်က လက်မခံလျင်ကန့်ကွက်မှုအထမမြောက်ပါ။ 
 ၂၀၁၆ တုန်းက ထရမ့်ရတဲ့ electoral college မဲတချို့ကို ဒီလို ပူးတွဲကွန်ဂရက်မှာ ကန့်ကွက်မှုတွေရှိပါတယ်။ 
ကန့်ကွက်သူတွေက တဦးချင်းအနေနဲ့သာကန့်ကွက်ပြီး လက်တွဲမည့်သူမရှိလို့  မအောင်မြင်ခဲ့ပါ၊ အဲဒီတုန်းက ထရမ့်ကိုကန့်ကွက်မှု အထမမြောက်ကြောင်းကြေညာသူကတော့ အခုသမတလောင်း ဂျိုးဘိုင်ဒင်ပါ။ 


ထရမ့်နဲ့ လက်တွဲဖြုတ်လာကြတဲ့ ရီပါဘလစ်ကန်အမတ်များကြောင့်မျှော်လင့်ချက်ပျက်

ဆီးနိတ်လွှတ်တော် လူများစုခေါင်းဆောင်  ရီပါဘလစ်ကန်အမ် Mitch McConnell က electoral college  မဲတွေပေးပြီးနောက်နေ့  ဒီဇင် ဘာ ၁၅ ရက်နေ့မှာ ဂျိုးဘိုင်ဒင်ကို အနိုင်ရသမတအဖြစ်တရားဝင် အသိအမှတ်ပြုကာ သူ့ရဲ့ ရီပါဘလစ်ကန် အမတ်တွေကို လည်း သူ့လိုပဲ အရှိတရားကိုလက်ခံဖို့နဲ့ ဇန္နဝါရီလ ၆ ရက်နေ့ electoral  college မဲတွေကိုရေတွက်တဲ့အခါ မကန့်ကွက်ဖို့ ပြောလိုက်ပါတယ်။ 
ထရမ့်အတွက်တော့ အရှိုက်ကိုအထိုးခံလိုက်ရတာပါ။ 
 ဇန္နဝါရီလ ၆ ရက်မှာ ထရမ့်ရဲ့ရဲဘော်တွေက သူရှုံးတဲ့ ပြည်နယ်တချို့ရဲ့ electoral college မဲတွေကိုဘယ်လိုပဲ ကန့်ကွက်နိုင်ပါစေ နောက်ဆုံးမဲပြန်ခွဲကြတဲ့အခါ ဆီးနိတ်မှာလည်း Mitch McConnell သဘောထားနဲ့ တိုက်တွန်းချက်ကြောင့် အောင်မြင်ဖို့မရှိတော့ပါဘူး။ 


လက်မလျှော့နိုင်တဲ့ထရမ့် 

ထရမ့်ကတော့ လက်မလျှော့ပါ။ ဇန္နဝါရီ လ ၆ ရက်မှာ လူထုဆန္ဒပြပွဲအကြီးလုပ်ဖို့ဆော်သြထားပါတယ်။ ဆူပူခိုက်ရန်ဖြစ်ပွားမှုတွေပါရှိနိုင်ပါတယ်။

 အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲရလာဒ်ကို ဇန္နဝါရီ ၂၀ အထိ အတည်မပြုခဲ့သော် 

ဒါကတော့ မဖြစ်နိုင်တဲ့အကြောင်းအရာတခုကို ဖြစ်ခဲ့သည်ရှိသော်လို့ တွေးပြီး လေ့လာတဲ့သဘောပါ။ 
တရားတဘောင်တွေဆက်ဖြစ်လို့ ၊ တရားရုံးချုပ်က ကြားဝင်လာလို့၊ ကွန်ဂရက် က သဘောတူညီမှုမရလို့ စသည်ဖြင့် အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲရလာဒ်ကို ဇန္နဝါရီ ၂၀ အထိ အတည်မပြုခဲ့သော် 
ထရမ့်ကတော့ ရာထူးမှာ ဆက်နေလို့မရတော့ပါ။ 
ယာယီသမတတယောက်ကို ကွန်ဂရက်က တင်မြှောက်ရပါမယ်။ 
လက်ရှိအနေအထားအရ အောက်လွှတ်တော်ခေါင်းဆောင် နန်စီပလိုစီ ဖြစ်ရမယ်ဆိုပါတယ်။ 
ရွေးကောက်ပွဲရလာဒ်ကို နောက်ဆုံး တရားဝင် အတည်ပြုလို့ သမတအသစ်တရားဝင် ကျမ်းကျိန်တဲ့ သူက အထိတာဝန်ယူရပါမယ်။

စစ်အုပ်ချုပ်ရေး  Martial Law  ကြေညာပြီး ရွေးကောက်ပွဲပြန်လုပ်ဖို့အကြံ

ဒီအကြံကိုတော့ ထရမ့်ကလွတ်ငြိမ်းချမ်းသာခွင့်ပေးလို့လွတ်လာတဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်း မိုက်ကယ် ဖလင်းနဲ့ တချို့ရီပါဘလစ်ကန်အမတ်တွေရဲ့အကြံပါ။ 
မာရှယ်လောထုတ်လိုက်တော့ ဇန္နဝါရီ လ ၆ ရက်မှာခေါ်ရမယ့် ကွန်ဂရက်တရားမဝင်ဖြစ်သွားပြီး electoral college မဲတွေကိုရေတွက်အတည်ပြုလို့မရဖြစ်သွားတယ်။  စစ်တပ်က ဦးဆောင်ပြီးပြည်နယ်တွေမှာရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတာမျိုးပါ။
အမရိကန်သမိုင်းမှာ ပြည်တွင်းစစ်ကာကတကြိမ်ပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ မာရှယ်လောထုတ်ဖို့ သမတ လင်ကွန်းက ကြိုးစားခဲ့ဖူးပါတယ်။ တရားရုံးချုပ်က သမတက နယ်ကျော်တယ်ဆိုပြီး ပယ်ချပါတယ် မာရှယ်လောထုတ်ဖို့ ဆိုတာ ပုံမှန်အရပ်ဖက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးစနစ် အလုပ်မလုပ်နိုင်တဲ့အနေအထားရောက်မှသာ စစ်တပ်က ဝင်ရောက်နေရာယူဖို့ မာရှယ်လောထုတ်ရမယ်လို့ဆိုပါတယ်။ 
၁၉၄၁  ပုလဲဆိပ်ကမ်းဗုံးကြဲခံရချိန်တုန်းက ဟာဝိုင်အီပြည်နယ်မှာ မာရှယ်လောတခါထုတ်ဖူးပါတယ်။ 
ထရမ့်ကတော့  Martial Law = Fake news လို့တွိထားပါတယ်။ 
 

အိမ်ဖြူတော်ကနေမဖယ်ဘူးကွာဘာဖြစ်လဲ 


ဒီလိုနည်းမျိုးစုံနဲ့ ကန့်ကွက်တာမအောင်မြင်လျင် ဂျိုးဘိုင်ဒင်က ဇန္နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမတအဖြစ်ကျမ်းကျိန်ပါမယ်။ 
ပြီးလျင် အိမ်ဖြူတော်ကိုရောက်လာတော့မှာပါ။ 
အဲဒီအချိန်မှာ ဒေါ်နယ်ထရမ့်က သမတမဟုတ်တော့ဘဲ သာမန်နိုင်ငံသားတယောက်ဖြစ်သွားပြီဖြစ်လို့ သူနေခွင့်မရှိတော့တဲ့ အိမ်ဖြူတော်ကမဖယ်လျင် လုံခြုံရေးတပ်ဖွဲ့တွေက အတင်းဖယ်ခိုင်းပြီး နိုင်ငံပိုင်အဆောက်အဦ အသုံးဆောင်တွေကိုမတရားသုံးစွဲမှုနဲ့ အရေးယူခံရမယ်လို့ဆိုပါတယ်။ 

အိမ်ဖြူတော်ကဆင်းပြီးနောက် 


အိမ်ဖြူတော်ကဆင်းပြီးနောက်သမတလူထွက် ထရမ့်တယောက် ရင်ဆိုင်စရာ တရားစွဲဆိုထားမှူတွေအများကြီးရှိပါတယ်။ 
ဒါပေမယ့်သူ့ကိုယ်သူ ရာထူးကမဆင်းမီ ကြိုတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးထားလို့ရတယ်လို့ဆိုနေပါတယ်။ 
တွီတာကတော့ ထရမ့်ရဲ့တွီတာအကောင့်ကနေ အရင်ကလို့မဟုတ်တာတွေ သတင်းမှားတွေ တင်တာရှဲတာလုပ်လျင် သမတရာထူးကြောင့်ပေးထားတဲ့ ချှင်းချက်မရှိတော့လို့ သတိပေးမယ်၊ အဲဒါမှ ဖြုတ်မချလျင် အကောင့်ကို သာမန်သူတွေအကောင့်တွေလိုပဲ ယာယီပိတ်မယ်ဆိုပါတယ်။ 
တွီတာတို့ ဖေ့ဘုတ်တို့လည်းထရမ့်ဒါဏ်ခံရတာ များပြီကိုး
လူတွေစိတ်ဝင်စားအောင် အတော် ဆွဲဆောင်နိုင်တဲ့ Real Donald Trump ပါပဲ။၊

ဖိုးသုည
၃၁-၁၂-၂၀၂၀

 
 
ကိုးကား

Together, two Trump allies from separate houses, such as Congressman Matt Gaetz and Senator Ted Cruz, could object, for instance.









No comments:

Post a Comment