အဆုံးသတ်အောင်ပွဲအတွက် တိုက်ပွဲခေါ်တဲ့ ဒီဒေး ဘယ်တော့လဲ
“အဘ၊ တောင်ပိုင်းမှာ ထိုးစစ်စနေပြီအဘ
ဒီဒေးဆိုတာကြီး စပြီ၊ မြောက်ပိုင်းကတပ်ကူတွေ တောင်ပိုင်းကိုရွှေ့ခွင့်ပြုပါ။”
“ဟေ့ကောင်တွေ၊ အဲဒါဟန်ပြတိုက်တာကွ၊
တကယ့်ထိုးစစ်က မြောက်ပိုင်းကိုလာမှာ တပ်တွေကို မရွှေ့နဲ့။ “
“အဘ Führer စခန်းတွေလည်း ကျကုန်ပြီ၊ ခံစစ်စည်းတွေလည်းကျိုးကုန်ပြီ၊ တပ်တွေဆုတ်ပြီးပြန်စုစည်းပြီးမှပြန်တိုက်ခွင့်”
“ဟေ့၊ ဒါတကယ့်ထိုးစစ်ကြီးမဟုတ်ဘူး၊ ထိုးစစ်ကြီးကမြောက်ပိုင်းကလာမှာ၊ ရှိတဲ့တပ်တွေမဆုတ်ရဘူး၊ ခံချ။ငါက ကာချုပ် (commander in chief) ငါပြောသလိုလုပ် “
“ထိုးစစ်စတာလည်း၂ လကျော်ပြီ၊ စခန်းတွေလည်းကျ၊ ရန်သူလည်းခြေကုတ်စခန်းတွေရကုန်ပြီ၊ သူကတော့ ဒီဒေးအစစ်က မြောက်ပိုင်းကိုတိုက်မှာ အခုထိမလာသေးဘူးလို့ပြောနေတုန်းပဲ။ ဒီ ငါသိ ငါတတ် အာဏာရူးကာချုပ်နဲ့ ဗိုလ်ချုပ်ကြီးတွေလုပ်နေတာနဲ့ ငါတို့စစ်တပ်တော့ ပြုတ်ပြုတ်ပြုန်းတော့မှာပဲ။”
ထိုးစစ်အစမှာ ရန်သူကို လှည့်ဖြား အငိုက်ဖမ်းပြီး လက်ဦးမှုရယူတိုက်ခိုက်နိုင်ခြင်းက အဆုံးသတ်တိုက်ပွဲကြီး အောင်နိုင်ရေးရဲ့ အလွန်အရေးပါတဲ့ ဗျူဟာပဲဖြစ်ပါတယ်။စနစ်တကျပြင်ဆင်ခြင်း
သတင်းလုံခြုံမှု၊ လျှို့ဝှက်ထားနိုင်မှု၊
မထင်မှတ်တဲ့နေရာကို မထင်မှတ်တဲ့အချိန်ဝင်တိုက်
အငိုက်ဖမ်းနိုင်ခြင်း၊
တခြားတနေရာကို ပင်မထိုးစစ်ဆင်မည်ဟု ဟန်ပြ၍
ရန်သူကို လှည့်ဖြားနိုင်ခြင်း၊
တပ်ဖွဲ့ပေါင်းစုံရဲ့
စနစ်တကျ အချိတ်ဆက်မိမိ လုပ်ဆောင်နိုင်ခြင်း၊
စတာတွေက
ဒီဒေးအစပြုတဲ့
ဆုံးသတ်တိုက်ပွဲကြီးရဲ့အောင်ပွဲအတွက် မရှိမဖြစ်အရေးပါတဲ့အချက်တွေပါ။
***************
အကြောင်းတစိတ်တဒေသပါ။
အဲဒီတိုက်ပွဲက
တကယ့်စစ်ဆင်ရေးသတင်းတွေကိုလျှို့ဝှက်ထားနိုင်ခဲ့လို့ ရန်သူကကြိုမသိရုံမက
ဂျာမန်တွေမျှော်လင့်မထားတဲ့နေရာကို
မျှော်လင့်မထားတဲ့အချိန်နဲ့ရာသီဥတုခပ်ဆိုးဆိုးအခြေနေမှာ စတိုက်တာပါ။
ဒီလိုတိုက်မယ်လို့မျှောင်လင့်မထားအောင်
ဂျာမန်စစ်ခေါင်းဆောင်ပိုင်းကို လှည့်စားခဲ့တဲ့
Operation
Bodyguard က ဒီဒေးကမ်းတက်စစ်ဆင်ရေးအောင်မြင်မှုအတွက်
အလွန်အရေးပါခဲ့ပါတယ်။
အဲဒီအော်ပရေးရှင်းမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း Operation Fortitude ဆိုပြီးထပ်ခွဲထားကာ တောင်ပိုင်းအဖွဲ့က ပြင်သစ်မြောက်ပိုင်း Pas de Calais ကိုဝင်တိုက်မယ့်ပုံ ပြင်ထားပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန်အကြားအကျဉ်းဆုံးရေလက်ကြားနေရာဖြစ်ရုံမက နာမည်ကြီး အမေရိကန်ဗိုလ်ချုပ်ဂျော့ပက်တန် ရဲ့ the First United States Army Group (FUSAG) အမှတ်(၁) တပ်မကြီးနဲ့ တဘက်ကမ်းက Doverဘက်မှာ အယောင်ပြထားလို့ ဂျာမန်ဘက်က Pas de Calais ဘက်မှာ အတော်ကိုအားဖြည့်ပြီးခံစစ်ပြင်ထားပါတယ်။
အင်္ဂလန်ဘက်အခြမ်းမှာ လုပ်ထားတဲ့ အယောင်ပြစစ်တပ်အတုတွေကို ဂျာမန် ကင်းထောက်လေယာဉ်တွေဓါတ်ပုံရိုက်လျင် တကယ်ထင်ရအောင်သာဆောက်ထားတဲ့ စစ်တန်းလျားအတုတွေ၊ အဆောက်အဦအတုတွေ၊ လေထိုးတင့်ကား၊ ကမ်းတက်ရေယာဉ်၊ လေယာဉ်၊ စစ်လက်ယန္တယားအတုတွေထားရှိပြီး တကယ့်တပ်ဖွဲ့ဝင် အနည်းငယ်က ပါဝင်လှုပ်ရှားကာ တပ်မကြီးတွေလှုပ်ရှားနေသယောင် ပုံဖေါ်ခဲ့တာပါ။ လေထိုးတင့်ကားအတွက်တင့်ကားဘီးရာတွေကိုဒလိမ့်တုံးတွေနဲ့ ဆွဲတာလို အသေးစိပ်ကအစ၊ မရှိတဲ့စစ်တပ်တွေရဲ့ ဘောလုံး ပြိုင်ပွဲသတင်းကို အရပ်ဘက်ရေဒီယိုကလွှင့်တာတို့ သာမက မကယ်မရှိတဲ့ ဟန်ဆောင် စစ်ဘက်တွေရေဒီယို အပြန်လှန်ဆက်သွယ်မှုတွေကိုပါ သဘာဝကျကျလုပ်ပါတယ်၊။ တခါ နှစ်ဘက်သူလျှိုတွေကနေပြီး စစ်ဆင်ရေးကြီးကို အဲဒီဘက်မှာစမယ်ဆိုတဲ့သတင်းတချို့ကို တမင်လွှတ်ပေးပါတယ်။ သဘာဝကျကျဖန်တီးထားလို့ဂျာမန်စစ်ထောက်လှမ်းရေးက တကယ့် စစ်အင်အားတွေ Pas de Calais ကိုလာမယ် နော်ဝေကိုလည်းလာတိုက်မယ် လို့ ယူဆသွားပြီး တောင်ဘက်ပိုကျတဲ့ နော်မန်ဒီကမ်းခြေဘက်မှာခံစစ်အားနည်းသွားပါတယ်။
အဲဒီဟန်ဆောင်တပ်မတွေနဲ့
ဟန်ပြစစ်ဆင်ရေးတွေကို ဒီဒေးကမ်းတက်ပြီးတာတောင် ဆက်လုပ်ပါတယ်။ အရုပ်လေထီးတပ်တွေနဲ့
စစ်သားတချို့ကို မြောက်ပိုင်းမှာ ချပေးပြီး တကယ်လေထီးတပ်ဆင်းလာသလို သေနတ်သံ၊
ဗုံးသံ အမိန့်ပေးသံတွေကိုဆောင်းဘောက်တွေနဲ့ ချဖွင့်ပေးတာ၊
အလူမီနီယံပြားတွေလေယာဉ်ကနေကြဲချပြီး ဂျာမန်ရေဒါထဲမှာ တကယ်လာတာထက်ကြီးမားတဲ့
တပ်တွေလာပြီထင်အောင် လှည့်စားတာတွေလုပ်ကြပါတယ်။
အီဒင်ဘာရာအခြေစိုက် Operation Fortitude မြောက်ပိုင်းအဖွဲ့ကဂျာမန်သိမ်းထားတဲ့ နော်ဝေကို ပြန်တိုက်မယ့်ပုံဖေါ်ထားပါတယ်။ ဂျာမန်ကင်းထောက်လေယာဉ်တွေမရောက်နိုင်လို့ အရုပ်တွေ တပ်အတုတွေပြထားစရာမလိုတော့ ရေဒီယို ဆက်သွယ်ရေးအတုတွေလုပ်၊ နှစ်ဘက်ချွန်သူလျှိုတွေကတွေသတင်းဖြန့်တာမျိုးတွေလုပ်ပြီး ၁၉၄၃ ကတည်းက တကယ်ရှိသယောင်ဖွဲ့စည်းထားတဲ့ ‘British 4th Army’ ဗြိတိသျှအမှတ် ၄ တပ်မကြီးနဲ့ အယောင်ပြထားပါတယ်။ သရုပ်တူအောင် ၁၉၄၄ နွေဦးမှာ နော်ဝေက သင်္ဘောကျင်း၊ ဓါတ်အားပေးစက်ရုံတို့လို စက်မှုဇုံ နဲ့ စစ်စခန်းတွေကို တိုက်ခိုက်ပြပြီး မြောက်ပင်လယ်ထဲမှာ ရေတပ် လှုပ်ရှားမှုတွေလုပ်ပြပါတယ်။ အဲဒါကြောင့် စကင်ဒီနေဗီးယန်းဒေသမှာရှိတဲ့ဂျာမန်တပ်တွေကို ပြင်သစ်ကိုပြန်ခေါ်ပြီးကမ်းတက်လာတဲ့မဟာမိတ်တွေကိုပြန်မောင်းမထုတ်ဖြစ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။
ဒီလိုလှည့်စားမှုတွေကြောင့်
မဟာမိတ်တပ်တွေကမ်းတက်ပြီး အရေးပါတဲ့နေရာတွေခြေကုပ်ယူ၊ လမ်းတွေပွင့်ပြီး
အရေးပေါ်လေယာဉ်ကွင်းတွေဖွင့်နိုင်တဲ့အထိ အဲဒီတပ်တွေကို တကယ့်ထိုးစစ်လို့
ဂျာမန်ထိပ်ပိုင်းက မထင်သေးဘဲ မြောက်ပိုင်းမှာတကယ်လာဖို့
တောင်ဘက်ကနေဟန်ပြတိုက်နေတယ်ထင်ကာ တပ်တွေကိုမရွှေ့ခဲ့ပါ။ တန်ဖိုးရှိတဲ့ အချိန် ၂ လ လောက်အကြာ ၁၉၄၄ ဩဂုတ်လလောက်အထိ ဂျာမန်တပ်တွေကို လှည့်စားနိုင်လိုက်လို့ ပြင်သစ်ကိုခြေချလာတဲ့ မဟာမိတ်တွေအတွက် အသေအပျောက်အများကြီးသက်သာသွားသလို စစ်ဆင်ရေးတိုးတက်မှုလည်း
အရှိန်အတော်ကောင်းကောင်းရသွားပါတယ်။
အယောင်ပြထားတဲ့ Pas de Calais ကိုတကယ်ထိုးစစ်ကြီးမလာတော့ဘူးလို့ဂျာမန်တွေသိသွားချိန်မှာ မဟာမိတ်တွေက လမ်းတံတားတွေလေယာဉ်ကွင်းတွေ အများကြီးကို အုပ်စီးထားပြီးသားဖြစ်နေသလို့ဂျာမန်ခံစစ်ကြောင်းကစစ်တပ်တွေလည်းတော်တော်ကြေသွားပါပြီ။
ဒီဒေးစစ်ဆင်ရေးအောင်မြင်ဖို့က Operation Bodyguard ဆိုတဲ့လှည့်ဖြားမှုစီမံချက်ကြီးပေါ်အများကြီးတည်ခဲ့ပါတယ်။ လူပေါင်းထောင်သောင်းချီပြီး ပါဝင်လှုပ်ရှားရတဲ့ စစ်ဆင်ရေးကြီးတခုလုံးကို သတင်းမပေေါက်ကြားအောင် သတင်းလုံခြုံအောင် ထိမ်းသိမ်းနိုင်ဖို့ဆိုတာ အတော်မလွယ်တာပါ။ ပါဝင်သူတဦးချင်းရဲ့ တာဝန်သိမှုစောင့်စည်းမှုတွေက မရှိမဖြစ်ပါ။ ဂျာမန်တွေသာ ဒီဒေးစစ်ဆင်ရေးအစီအစဉ်ကို အချိန်မှီကြိုသိခဲ့လို့ကတော့ လူ့အသက် သိန်းနဲ့ချီပြီး ပိုသေကြရုံမက စစ်ကြီး ရဲ့ ရလာဒ်လည်းအပြောင်းအလွဲဖြစ်နိုင်ပါသေးတယ်။
အဲဒီလို စနစ်ကျကျ အချိတ်ဆက်မိမိ နဲ့ရန်သူကို လှည့်ဖြား အငိုက်ဖမ်း ပြီး အနိုင်ယူမယ့် စစ်ဆင်ရေးကြီးစရမယ့် ဒီဒေးကို ဘယ်တော့လဲ၊ ဘယ်ကစမလဲလို့ မေးသင့်ပါသလား ပြောသင့်ပါသလား။
ဖတ်ဖူးသမျှသမိုင်းအချက်လက်များကိုအကျဉ်းချုပ်တင်ပြထားလို့အမှားပါလျင်ခွင့်လွှတ်ပါ၊ ပြင်စရာတွေ့လျင်လည်းထောက်ပြပေးပါ။
ကျေးဇူးတင်လျက်
ဖိုးသုည
၁၆-၆-၂၀၂၁
https://share-knwge.blogspot.com/2021/06/blog-post.html
https://en.wikipedia.org/wiki/Operation_Bodyguard#/media/File:German_depositions_in_France_-_June_1944.jpg |
လေထိုးထားသောလေယာဉ်တု |
လေထိုးတင့်ကား |
ကမ်းတက်ရေယာဉ်လေထိုးအရုပ်များ |
ကိုးကား
https://www.archives.gov/education/lessons/d-day
https://www.iwm.org.uk/history/d-days-parachuting-dummies-and-inflatable-tanks
https://en.wikipedia.org/wiki/Operation_Bodyguard
https://www.english-heritage.org.uk/visit/places/dover-castle/history-and-stories/d-day-deception/
https://www.iwm.org.uk/history/why-d-day-was-so-important-to-allied-victory
https://obamawhitehouse.archives.gov/the-press-office/2014/06/06/fact-sheet-normandy-landings
No comments:
Post a Comment