ဖုန်းတွေ ခိုးနားထောင်ခြင်းရှိမရှိ *#62#နဲ့ စစ်၊ *#21#နဲ့ ပိတ်လိုက်ပါ ဆိုတာလုံးဝအမှားပါ၊
ဖေ့ဘုတ်မှာပျံ့နေတဲ့သတင်း
ဖုန်းတွေ ခိုးနားထောင်ခြင်းရှိမရှိ *#62#နဲ့
စစ်လို့ အခြားနံပါတ်ပေါ်နေရင် ကိုယ့်ဖုန်း
ကို၊ခွင့်ပြုချက်မရဘဲ နားထောင်နေတာပါ။
အဲလိုဖြစ်နေရင် *#21#နဲ့ ပိတ်လိုက်ပါ။အခုပဲ
စမ်းသပ်ပီး ပိတ်ထားရပါပီ။Ooredoo,Telenor
Mytel ,mpt အားလုံးအတူတူပါ။
ဖုန်းခိုးနားထောင်ခြင်းမှ ကင်းဝေးကြပါစေ။
Via - Date Date Kyal
သုံးသပ်ချက်
မှားပါတယ်။ အဲဒီကုဒ် *#62# နဲ့ *#21# နှစ်ခုလုံးက Call Forwarding service ဆိုတဲ့ မိမိထံဝင်လာတဲ့ဖုန်းကို နောက်နံပတ်တခုဆီအလိုလျှောက်လွဲပေးတဲ့ ဆားဗစ် အခြေအနေကို စစ်ဆေးကြည့်တဲ့ကုဒ်ပါ။
မိမိဖုန်းကိုသူတပါးက ဖြတ်နားထောင်ခြင်းရှိမရှိ စစ်ကြည့်ဖို့ကုဒ်မဟုတ်ပါ။
ရှင်းပြချက်
ဒီလိုမျိုးသတင်း တချိန်ကအမေရိကားမှာလည်း ပျံ့ခဲ့ဖူးပါတယ်။
*#62# နဲ့ *#21# နှစ်ခုလုံးက Call Forwarding service ဆိုတဲ့ မိမိထံဝင်လာတဲ့ဖုန်းကို နောက်နံပတ်တခုဆီအလိုလျှောက်လွဲပေးတဲ့ ဆားဗစ် အခြေအနေကို စစ်ဆေးကြည့်တဲ့ကုဒ်ပါ။
ဖုန်းခိုးနားထောင်တာနဲ့မပတ်သက်သလို *#21# ကုဒ်နဲ့ပြန်ပိတ်တယ်ဆိုတာလည်းမဟုတ်ပါ။
*#62# က ကိုယ့်ဖုန်းကိုဆက်သွယ်လို့မရလျင် ဝင်လာတဲ့ကောတွေကို တခြားဖုန်းနံပတ်တခုကိုလွှဲပေးဖို့ စီစဉ်ထားတာရှိမရှိကြည့်တာပါ၊ ကိုယ်က အဲလိုလုပ်ထားလျင် ကိုယ်လွှဲခိုင်းထားတဲ့နံပတ်ကိုပြမှာပါ။
အဲဒီ ဝန်ဆောင်မှုကိုပိတ်ချင်လျင် ကုဒ်က #62# ပါ။
*#21# က ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ဖုန်းကိုဝင်လာတဲ့ကောတွေကို တခြားဖုန်းနံပတ်တခုကိုလွှဲပေးဖို့ စီစဉ်ထားတာရှိမရှိကြည့်တာပါ၊ ရေးထားသလို ခိုးနားထောင်တာကိုပိတ်လိုက်ဖို့မဟုတ်ပါ။
အဲဒီ ဝန်ဆောင်မှုကိုပိတ်ချင်လျင် ကုဒ်က #21# ပါ။
Call Forwarding service ဆိုတာဘာလဲ။
Call Forwarding service ဆိုတာ ဝင်လာတဲ့ ဖုန်းကောတွေကို နောက်နံပတ်တခုကို လွှဲပေးတဲ့ ဝန်ဆောင်မှုပါ။
ကိုယ်သုံးတဲ့ လိုင်းနဲ့ပက်ကေ့ချ်ပေါ်တည်လို့ တချို့ဖုန်းတွေမှာ Call Forwarding service သုံးလို့ရပါတယ်။ ဝင်လာတဲ့ ဖုန်းကောတွေကို နောက်နံပတ်တခုကို လွှဲပေးတဲ့ ဝန်ဆောင်မှုပါ။
တချို့ဖုန်းလိုင်းတွေမှာတော့ မပါပါဘူး၊
အခုနောက်ပိုင်း လိုသလောက် ဘေလ်ထည့်သုံးတဲ့ prepaid service တွေမှာ တခါတည်းမပါတတ်ပါ။
သုံးသလောက် လစဉ်ဘေလ်ဆောင်တဲ့ postpaid package တွေ တချို့မှာ တခါတည်းပါလာတာရှိတတ်ပါတယ်။ value added service ဆိုပြီးအပိုဆောင်း ဝန်ဆောင်မှုအနေနဲ့ သူတို့ဆီမှာလျှောက်ပြီးမှ သုံးလို့ရတာမျိုးလည်းရှိပါတယ်။
အများစုက ဒီဝန်ဆောင်မှုအတွက် ဝန်ဆောင်ခဖြတ်ယူပါတယ်။
အဲဒီ ဝန်ဆောင်မှုပါလာလျင် ကိုယ်က (၁) ဘယ်လိုအခြေအနေမှာ (၂) ဘာကို (၃) ဘယ်နံပတ်ကိုလွှဲပေးရမယ်ဆိုတာရွေးပေးရပါတယ်။
(၁) ဘယ်အခြေအနေတွေမှာလဲ
ဥပမာ
ဖုန်းမအားတဲ့အချိန်၊
ဘယ်နှစ်ခါမြည်ပြီးဖုန်းကိုပြန်မဖြေလျင်၊
ဖုန်းပိတ်ထား၍ဖြစ်စေ၊ လိုင်းမမိ၍ဖြစ်စေ ဆက်သွယ်လို့မရလျင်၊
(၂) ဘာကိုလွှဲမှာလဲ
ဥပမာ။ ဖုန်းခေါ်ဆိုတဲ့ အဝင်ကော voice call ကိုဘဲ လွှဲမှာလား၊ မက်ဆေ့ရော ဖုန်းကောပါ ဘာဝင်လာလာလွှဲမှာလား။
(3) ဘယ်နံပတ်ကိုလွှဲမှာလဲ
ဒါကိုလည်းကိုယ်ကရွေးပေးထားရပါတယ်။
ဥပမာ (၁) ဖုန်းပိတ်ထားလျင် အဝင်ကောသာမက မက်ဆေ့တွေပါ ဘာလာလာ နောက်နံပတ်တခုကိုဝင်ပါလို့လွှဲထားတယ်။
(၂) ဖုန်းမအားလျင်၊ပြန်မဖြေလျင် အိမ်ဖုန်းကိုလွှဲပါလို့ ဆက်တင်လုပ်ထားတယ်၊ စတာမျိုးပါ။
အဲဒီတော့ ကိုယ့်ဖုန်းမအားလျင်၊ တဘက်မှာ လိုင်းမအားဘူးလို့မပြောတော့ဘဲ ကိုယ်လွှဲထားတဲ့ နောက်ဖုန်းဆီ အလိုလိုဝင်သွားပြီးမြည်မယ်။
ကိုယ်က အစည်းအဝေးတက်နေလို့ ကိုယ့်ဖုန်းပိတ်ထားလျင် တဘက်ကခေါ်တာ၊ မက်ဆေ့ပို့တာတွေ လွတ်သွားမှာ မပူရတော့ ဘဲ ကိုယ်ပေးထားတဲ့ နောက်နံပတ်တခုကို ခေါ်မယ်၊ မက်ဆေ့ပို့မယ်။ အဲဒီဖုန်းကိုင်ထားသူက ကိုယ့်ကို ပြန်အကြောင်းကြားနိုင်မယ်။ ဒီလိုမျိုးပါ
ဒါဖြင့် Call Forwarding service လုပ်ထားလျင် အဲဒီသူက ကိုယ့်ဖုန်းကိုခိုးနားထောင်လို့ရသွားမှလား၊
ဒီလိုတော့လည်းပြောလို့မရပါ။
ဘာကြောင့်လည်းဆိုတော့ Call Forwarding လုပ်ထားလျင် ကိုယ့်ဖုန်းကနေပြန်ဖြေလို့ကိုမရတော့ဘဲ ကိုယ် register လုပ်ထားတဲ့ လက်ခံဖုန်းကနေပဲဖြေရတော့မှာဖြစ်လို့ပါ။ ဒီတော့ကိုယ့်မှာအဲဒီဖုန်းရှိမနေလျင်ကိုယ်ကပြန်မဖြေတော့ပါဘူး။ အဲဒီဖုန်းရှိသူက ခိုးနားထောင်လို့မရတော့ပေမယ့် ဖုန်းကိုကိုယ့်ကိုယ်စား လက်ခံဖြေလို့တော့ရပါတယ်။
ဘာပြသနာရှိနိုင်လဲ။
*#62# မှာတွေ့တဲ့ ဝန်ဆောင်မှုကိုပိတ်ချင်လျင် ကုဒ်က #62# ပါ။
*#21# မှာတွေ့တဲ့ဝန်ဆောင်မှုကိုပိတ်ချင်လျင် ကုဒ်က #21# ပါ။
အချုပ်ဆိုရလျင်
- ဖုန်းတွေ ခိုးနားထောင်ခြင်းရှိမရှိ *#62#နဲ့ စစ်၊ *#21#နဲ့ ပိတ်လိုက်ပါ ဆိုတာလုံးဝအမှားပါ၊
- *#62#နဲ့ စစ်၊ *#21# နှစ်ခုလုံးက Call Forwarding service ဝန်ဆောင်မှု ရယူထားခြင်းရှိမရှိနဲ့ ဘယ်နံပတ်ကိုလွှဲခိုင်းထားတယ်ဆိုတာကိုသိဖို့ကြည့်တာပါ။
- အကယ်၍ ကိုယ်မသိတဲ့နံပတ်တခုခုကို Call Forward လုပ်ထားတာတွေ့ပါက ပြန်ပိတ်လို့ရပါတယ်။
No comments:
Post a Comment