Saturday, February 29, 2020

Facebook မှာရှဲရင် လင့်ပဲပါလာတယ်။ဆိုတဲ့ပြသနာဖြေရှင်းနည်း

Facebook  မှာရှဲရင် လင့်ပဲပါလာတယ် ဆိုတဲ့ပြသနာဖြေရှင်းနည်း။

Facebook  မှာ ပေချ်/ ပို့စ် လင့် Link   တခုခုပါတဲ့ ပို့စ်တွေကိုရှဲတဲ့အခါ အောက်က Share ဆိုတာကိုနှိပ်ပြီး ရှဲလိုက်လျင် မူရင်းပို့စ်ကစာတွေကိုမရှဲမိဘဲ ပို့စ်ထဲကလင့်ပဲပါလာပြီး ရှဲမိသွားတတ်ပါတယ်။



အထူးသဖြင့် လင့်ထဲအကြောင်းမမှန်ကြောင်းရှင်းထားတဲ့ပို့စ်ကိုရှဲကာမှ၊ ရှင်းပြချက်မပါဘဲ မမှန်တဲ့ပိုစ့်ကိုပဲရှဲမိလေတော့ ရှဲရကျိုးမနပ်ဖြစ်ရပါတယ်။ 
အဲဒီတော့ သူတပါးတင်ထားတဲ့ပို့စ်တခုခုကို မူရင်းစာသားတွေပါအောင်ဘယ်လိုရှဲကြမလဲ။

မိုဘိုင်းဖုန်းနဲ့ တက်ဘလက် အိုင်ပက် 

၁။   အလွယ်ဆုံးကတော့ သူရေးထားတာတွေကို ကော်ပီ ပေစ့် Copy and paste  လုပ်တာပါ။ တချို့ကအဲဒီလိုလုပ်လျင် မူရင်းပို့နဲ့ အဆက်အသွယ်ကို မပြလို့ အောက်မှာ Crd   ဆိုပြီးမူရင်းပို့စ်တင်သူကိုရေးပေးပါတယ်။ ကွန်ပြူတာသုံးသူတွေကတော့ မူရင်းပိုစ့်ရဲ့ လင့်ကိုပါကူးထည့်ပေးလိုက်လို့ရပါတယ်။

၂။  Include Original Post

  • ကိုယ်ရှဲမယ့်ပို့စ်ရဲ့အောက်က Share  ကိုနှိပ်ပါ။
  • မက်ဆေ့ရှဲဖို့ အကွက်တခုတက်လာပါတယ်။ 
  • ပေါ်လာတဲ့ ရှဲ မက်ဆေ့အကွက်မှာ ကိုယ်ရေးချင်တာကိုထည့်ရေးပေးလည်းရပါတယ်။ 
  • အဲဒီအကွက်ရဲ့ ညာဘက် အပေါ်ထောင့်မှာ အကြီးချဲ့ဖို့ မျှားအစောင်းကလေး ၂ခုရှိပါတယ်။ အဲဒီမျှားကိုနှိပ်ပါ။ 
  • မက်ဆေ့ရှဲတဲ့အကွက်က ဖုန်းမျက်နှာပြင်အပြည့်ပေါ်လာပါမယ်။ 
  • အဲဒီတော့မှ ကိုယ်ရှဲမယ့်လင့်ကိုမြင်ရသလို အဲဒီလင့်ရဲ့ ညာဘက် အပေါ်မှာ အစက်ကလေးသုံးစက်ကိုမြင်ရပါတယ်။ ( အိုင်ဖုန်းအိုင်ပက်တွေမှာတော့ အစက် သုံးစက် အစား အောက်စိုက်မျှားခေါင်းကလေးပြပါတယ်) 
  • အဲဒီအစက်သုံးစက် (သို့) အောက်စိုက်မျှားခေါင်ကို နှိပ်လိုက်လျင်တော့ " Include Original Post " လား " Share link only " လားဆိုတာရွေးဖို့ပြပေးပါတယ်။ 
  • " Include Original Post " ကိုရွေးပေးပါ။ 



ဒါဆိုလျင်တော့ သင်ရှဲလိုက်တဲ့ပို့စ်မှာ မူရင်းပို့စ်ကစာသားတွေနဲ့ အတူ လင့်ပါပါသွားပါလိမ့်မယ်။

ကွန်ပြူတာ 

၃။ ကွန်ပြူတာ  တွေမှာ တော့အဲလောက်အလုပ်မရှုပ်ပါ။

  • Share now သို့မဟုတ် Share ,  Share to your story now, Share as Message, Share in a  group, Share on a friends's timeline, Share to a page ဆိုပြီးလုပ်လျင်တော့  လင့်ပဲပါသွားပါတယ်။  
  • Share now သို့မဟုတ်  Share to your story now ကလွဲပြီး ကျန်တာတခုခုကိုရွေးလျင်  Share လုပ်ဖို့ window  ကျလာပါတယ်။
  • အဲဒီမှာ လင့်နဲ့ပရီဗျူး link preview ပဲပါလာပါတယ်။ 
  • အဲဒီလင့်ပေါ်ဘယ်ဖက်မှာ "Include Original Post " ဆိုတာကလေးနဲ့ အကွက်သေးသေးကလေးရှိပါတယ်။ 
  • အဲဒီအကွက်ထဲကို ကလစ်နှိပ်ပေးလို့ အမှန်ခြစ်လိုက်လျင်တော့ မူရင်းပို့စ်ပါ ပါလာတာကိုတွေ့ရပါလိမ့်မယ်၊။ 
  • ဒါဆိုလျင် ကိုယ်ရှဲတဲ့ ထဲမှာ ကိုယ်ရေးချင်တဲ့ စာ၊ မူရင်းပိုစ့်ကစာသားနဲ့ လင့်ပါအကုန်ပါလာမှာဖြစ်ပါတယ်။ 



ဖိုးသုည
1-3-2020

Sunday, February 16, 2020

တရုပ်ဖြူ၊ တရုပ်နီနဲ့ COVID -19

တရုပ်ဖြူ၊ တရုပ်နီနဲ့ COVID-19

တရုပ်သမ္မတနိုင်ငံ ROC (Republic of China) ဆိုတာ ချင် မင်းဆက်ရဲ့နောက်ဆုံးဧကရာဇ် ပုရီကို ၁၉၁၂ ခုမှာတော်လှန်ပြီး စဖွဲ့တဲ့အစိုးရပါ။ နောက်ပိုင်းမှာ ကိုမင်တန်ပါတီက အနိုင်ရအုပ်ချုပ်ပါတယ်။
ကွန်မြူနစ်ဝါဒ လက်ခံသူတွေက ၁၉၂၁ ဇူလိုင်၂၃ မှာ တရုပ်ကွန်မြူနစ်ပါတီကို ရှန်ဟိုင်းမြို့မှာ စတင်ထူထောင်ပါတယ်။
နောက်ပိုင်းကိုမင်တန်နဲ့ ကွန်မြူနစ်တွေကွဲပြီး ပြည်တွင်းစစ်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ခေတ္တငြိမ်းချမ်းရေးယူပြီး ဂျပန်ကိုပြန်တိုက်ပေမယ့် ပြီးတာနဲ့ စစ်ပြန်ဖြစ်ကြပါတယ်။
ထုံးစံအတိုင်းကွန်မြူနစ်ဘက်က ဆိုဗီယက်၊ ကိုမင်တန်ဘက်က အမေရိကန်ပါကြပါတယ်။
ကိုမင်တန်ကိုထောက်ပံ့ဖို့ အမေရိကန်က လီဒိုလမ်းမကြီးဖေါက်လို့ မြန်မာပြည် မြောက်ဖျားမှာတောင် လမ်းပွင့်သွားပါတယ်။
 ၁၉၄၅ မှာ ကုလသမဂ္ဂဖွဲ့တော့ ဗီတိုအာဏာရှိ လုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ဝင် ၅ နိုင်ငံမှာ ROC ပါပါတယ်။
၁၉၄၉ မှာ ကွန်မြူနစ်တွေ စစ်နိုင်တော့ ကိုမင်တန်အစိုးရ ထိုင်ဝမ်ကိုပြေးပြီး အမေရိကန်အကူအညီနဲ့ အဝေးရောက် တရုပ် အစိုးရ (တရုပ်ဖြူ) လုပ်နေခဲ့ပါတယ်။
ကွန်မြူနစ်တွေက ဟောင်ကောင်၊ မကာအိုနဲ့ ထိုင်ဝမ်ကျွန်း‌တွေကလွဲပြီး တနိုင်ငံလုံးကိုသိမ်းထားပြီးလို့ ကွန်မြုနစ်နိုင်ငံ PRC (Peoples' Republic of China) ကို ၁၉၄၉ အောက်တိုဘာတရက်မှာကြေငြာပါတယ်။ (တရုပ်နီ)
စစချင်းမှာ ROC ကိုလက်ခံထားတဲ့နိုင်ငံတွေက PRC ကို အသိမှတ်မပြုဘဲ ကွန်မြူနစ်နဲ့ဆိုရှယ်လစ်နိုင်ငံ တချို့ကသာ အသိမှတ်ပြုပါတယ်။
နောက်ပိုင်းမှာ  PRC  ကို အသိမှတ်ပြုတဲ့ နိုင်ငံတွေများလာပါတယ်။
၁၉၆၁ မှာ အမေရိကန်ရဲ့မဟာမိတ် ယူကေနဲ့ ပြင်သစ်တို့ကပါ PRC ကို အသိမှတ်ပြုလိုက်ပါတယ်။
၁၉၇၁ ခုအောက်တိုဘာ ၂၅ ရက်မှာလုပ်တဲ့ အထွေထွေညီလာခံ General Assembly Resolution 2758 မှာတော့ ကုလသမဂ္ဂ အဖွဲ့ဝင် သုံးပုံ၂ ပုံ သဘောတူလို့ PRC ကအဖွဲ့ဝင်ဖြစ်လာပါတယ်။ ROC နေရာကိုဝင်တာဖြစ်လို့ လုံခြုံရေးကောင်းစီ အမြဲတန်းအဖွဲ့ဝင်နိုင်ငံဖြစ်သွားပါတယ်။ ROC ကို အဖွဲ့ဝင် နိုင်ငံ အဖြစ် အသိအမှတ်မပြုတော့ပါ။
PRC က ထိုင်ဝမ်ဟာ ကွဲထွက်နေတဲ့ တရုပ်ပြည်ရဲ့အစိပ်ပိုင်းတခုအနေနဲ့ သဘောထားပြီး လွတ်လပ်တဲ့ အချုပ်အချာအာဏာပိုင်နိုင်ငံအနေနဲ့ အသိမှတ်မပြုပါ။
တရုပ်တပြည်ထဲဆိုတဲ့မူအရ PRC. ကိုလက်ခံတဲ့နိုင်ငံတွေက ROC ကိုအချုပ်အချာအားဏာပိုင် နိုင်ငံတခုအနေနဲ့ အသိအမှတ်မပြုရတော့ပါဘူး။ ROC နဲ့ သံတမန် အဆက်သွယ် ရပ်ရပါတယ်။
ROC ကလည်းသူသာ တရုပ်ပြည်ရဲ့ အစိုးရဖြစ်တယ်။ တချိန်ချိန်မှာ ပြည်မကြီးကို ပြန်အုပ်ချုပ်မယ်လို့ပြောတာကို မလျှော့ပါ။
ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေအနေအရ ၁၉၇၉ မှာတော့ အမေရိကန်သမတ ဂျင်မီကာတာတရုပ်ပြည်ကို တရားဝင်သွားလည်ပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်လိုက်ပါတယ်။
ထုံးစံအတိုင်း အမေရိကန်နိုင်ငံမှာ  ထိုင်ဝမ် ROC သံရုံးတွေ မထားရတော့ပါ။
ဒီတော့ စက်မှုထွန်းကားသလိုစိုက်ပျိုးရေးနည်းပညာတိုးတက်တဲ့ ထိုင်ဝမ်နဲ့ ဆက်ဆံဖို့ သံအမတ်နဲ့ သံရုံးအစား တခြားဆက်ဆံရေးနည်းလမ်းထူထောင်ရပါတယ်။
Taipei Economic and Cultural Office, Taipei Representative Office,
Taipei Economic and Cultural Representative Office စသည်ဖြင့် ထိုင်ပေ စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ဝန်ရုံးတွေကို သံရုံးအစားဖွင့်ပြီး ဆက်ဆံရေးလမ်းဖွင့်ပြပါတယ်။
အဲဒီရုံးတွေက သံရုံးလုပ်တဲ့အလုပ်တွေကို အကန့်သတ်နဲ့လုပ်ပေးပါတယ်။
မြန်မာပြည်မှာလည်း ၂၀၁၆ မှာရုံးဖွင့်ပါတယ်။
အခုအချိန်မှာ ROC ကိုအချုပ်အချာအာဏာပိုင်နိုင်ငံလို့ အသိမှတ်ပြုပြီး သံရုံးအဆင့် ဆက်ဆံတာ လက်တင် အမေရိက, တောင် အမေရိကနဲ့ အာဖရိက နိုင်ငံပေါင်းဆယ့်ငါးနိုင်ငံ ရှိပါတယ်။
နိုင်ငံအများစုက PRC ကို အသိမှတ်ပြုပြီး ROC နဲ့ လည်း ထိုင်ပေ စီးပွားရေးနဲ့ ယဉ်ကျေးမှုကောင်စစ်ဝန်ရုံးတွေက ဖွင့်ကာဆက်ဆံရေးထားရှိပါတယ်။
တချို့ အရှေ့အုပ်စုနိုင်ငံတွေကတော့ ထိုင်ဝမ်နဲ့ အဆက်ဆံမရှိပါ။


တရုပ်တပြည်ထဲ မူဝါဒ ( One China principle)



တရုပ်တပြည်ထဲ မူဝါဒ ( One China principle)  ဆိုတာ တရုပ်နီတွေက ထိုင်ဝမ်ကို နှိမ်ထားတာလားလို့မြင်စရာဖြစ်နေပါတယ်။
၁၉၉၂ နှစ်မှာ ဟောင်ကောင်မှာ  PRC ကိုယ်စားလှယ်တွေနဲ့ ROC ကကိုမင်တန်တွေ သဘောတူညီမှု တချို့ရခဲ့တယ်ဆိုပါတယ်။
အဲဒီ “1992 Consensus.” မှာ နှစ်ဘက်လုံးက တရုပ်  China  ဆိုတာ တနိုင်ငံတည်းပဲရှိတယ် လို့ လက်ခံသဘောတူပါတယ်။ ထိုင်ဝမ်ကျွန်းက အဲဒီတရုပ်ပြည်ရဲ့ အစိပ်အပိုင်းတခုလို့ လက်ခံတယ်ဆိုပါတယ်။
နှစ်ဘက်သဘောတူညီမှုမရတာကတော့ ဘယ် အစိုးရတအဲဒီ တခုတည်းသော တရုပ်ပြည်ကို ကိုယ်စားပြုလဲဆိုပဲဖြစ်ပါတယ်။ နှစ်ဘက်လုံးက သူတို့အစိုးရသည်သာ အဲဒီတခုတည်းသောတရုပ်ပြည်ရဲ့ တရားဝင် အစိုးရလို့ ဆိုနေကြတာပါ။
အမေရိကန်အပါအဝင်ကမ္ဘာ့နိုင်ငံအများစုကလည်းအဲဒီ တရုပ်တနိုင်ငံတည်းမူကို လက်ခံကြပါတယ်။ 
ဒီလို့နဲ့ နှစ်နိုင်ငံအုပ်ချုပ်သူတွေ အဆင့်ဆင့်ပြောင်းလာကြတော့  ရန်သူဟောင်း တရုပ်ကွန်မြူနစ်နဲ့ ကိုမင်တန်ခေါင်းဆောင်တွေက လက်တွေ့ကျတဲ့ ဆက်ဆံရေးကို ထူထောင်လာကြပါတယ်။
တရုပ်တပြည်ထဲ မူဝါဒ ကို လက်ခံထားပြီး ဘယ်သူက တရားဝင်အစိုးရဆိုတဲ့ သဘောကွဲလွဲမှုကို ဘေးချိတ်ပြီး စီးပွားရေး လူမှုရေးဆက်ဆံမှုတွေတိုးတက်လာပါတယ်။
နှစ်နိုင်ငံ နိုင်ငံသားတွေ အပြန်အလှန် သွားရောက်လည်ပတ်ခွင့်တွေရလာပြီး ထိုင်ဝမ်လုပ်ငန်းအတော်များများ တရုပ်ပြည်မကြီးမှာ စက်ရုံတွေတည် ပစ္စည်းတွေထုတ်ပါတယ်။
ပထမ တော့ ဟောင်ကောင်ကတဆင့်သွားလာကြရာကနေ နောက်ပိုင်းမှာ တရုပ်နှစ်ကူးတွေမှာ စင်းလုံးငှားလေယာဉ်တွေ ပြေးဆွဲခွင့်ပေးပြီး၊ ၂၀၀၄ ခု ဇူလိုင် ၄ ရက်မှာ နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းပျံသန်းမှုတွေ ပြန်စနိုင်ကြပါတယ်၊။
တရုပ်တပြည်ထဲ မူဝါဒကို ဆက်လက် လက်ခံထားလေတော့ နှစ်နိုင်ငံနိုင်ငံသားတွေ ပြည်မကြီးနဲ့ ထိုင်ဝမ်ကို အပြန် အလှန် သွားရောက်ကြတဲ့ အခါ နိုင်ငံကူးလက်မှတ်  Passport  မသုံးရပါဘူး။ အစိုးရနှစ်ခု ပေမယ့် နိုင်ငံတခုတည်းလို့ လက်ခံထားလို့ပါ။ နိုင်ငံနှစ်ခုကူးတာမဟုတ်ဘဲ ပြည်တွင်းခရီးသွားတာလိုဖြစ်နေတဲ့အတွက် နှစ်ဘက်လုံးက ပါစ့်ပို့အစား ခရီးသွားပါမစ်တွေ ထုတ်ပေးပါတယ်။
PRC နိုင်ငံသားတွေ ထိုင်ဝမ်ပိုင်နက်ကိုလာလျင် Exit and Entry Permit for the Taiwan Area of the Republic of China  ဆိုတဲ့ ပါမစ်ကိုသုံးရပြီး ထိုင်ဝမ်သားတွေ ပြည်မကြီးကိုသွားလျင်လည်း Mainland Travel Permit for Taiwan Residents ဆိုတာကိုသုံးရပါတယ်၊
နိုင်ငံရေး သဘောကွဲလွဲမှု ကိုဘေးချိန်ပြီး အပြန်အလှန် တရားဝင် ဆက်သွယ်ရေးရုံးတွေပါဖွင့်ကာ ဆက်ဆံရေးတွေ တိုးတက်လာခဲ့ရာမှာ  တရုပ်ပြည်မကြီးဟာ ထိုင်ဝမ်အတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအထိဖြစ်လာပါတယ်။
ထိုင်ဝမ်လက်ရှိသမတ Tsai Ing-wen က ထိုင်ဝမ်ရဲ့ လွတ်လပ်တဲ့ တည်ရှိမှုကို အလေးပေးတဲ့ သူဖြစ်ပြီး သူ့ရဲ့ DPP ပါတီ က လွှတ်တော်မှာ အများစုနေရာရထားပါတယ်။  ပြည်မကြီးနဲ့ ပိုပြီး ရင်းနှီးတဲ့ ကိုမင်တန်တွေ သမတရွေးကောက်ပွဲနဲ့ လွှတ်တော်နေရာအများစုမှပါရှုံးနေချိန် ထိုင်ဝမ်နဲ့ ပြည်မကြီးကြားဆက်ဆံရေး ပြန်လည်တင်းမားလာပါတယ်။  အဲဒီအချိန်မှာ ဝူဟန်းကစတဲ့  COVID-19   ဗိုင်းရပ်စ်က တခါဝင်နှောက်တာပါ။

 PRC, ROC နဲ့ COVID-19   


ဝူဟန်းကစတဲ့  COVID -19   ဗိုင်းရပ်စ် ပြည်မကြီးမှာ စတင်ပြန့်ပွားပြီး မကြာမီ ထိုင်ဝမ်ကိုလည်းရောက်လာပါတယ်။
PRC အစိုရရဲ့ နေ့စဉ်ထုတ်ပြန်တဲ့  ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေ စာရင်းမှာ သူ့ရဲ့ပြည်နယ်တွေ ရယ် တစ်နိုင်ငံ စနစ်နှစ်ခုနဲ့အုပ်ချုပ်တဲ့ ဟောင်ကောင်နဲ့ မကာအိုရယ်သာမက သူ့ဟာသူ သီးသန့်အစိုးရနဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်က လူနာစာရင်းကိုပါ တရုပ်ပြည်စာရင်းထဲ ထည့်ဖေါ်ပြပါတယ်၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်တာကြောင့် ကုလသမဂ္ဂမှာ လိုပဲ ထိုင်ဝမ်ကို သီးခြာနေရာမပေးဘဲ တရုပ်ပြည်စာရင်းထဲထည့်ပါတယ်။
ဒီလိုနဲ့ ရောဂါပြန့်ပွားမှုတွေများလာလို့ လေကြောင်းလိုင်းတချို့ကတရုပ်ပြည်ခရီးစဉ်တွေကို လျှော့တာ နားတာလုပ်သလို တရုပ်နိုင်ငံသားတွေအေပေါ် နိုင်ငံတချို့က ခရီးသွားကန့်သတ်မှုတွေလုပ်ပါတယ်။
အဲဒီအခါမှာ လွတ်လက်စွာတည်ရှိတဲ့ ထိုင်ဝမ်က တရုပ်တနိုင်ငံတည်းမူဝါဒရဲ့ အောက်ပြန်ရောက်ပြီး ဟောင်ကောင်၊ မကာအိုတို့နဲ့ တန်းတည်းထားပြီး ဆက်ဆံတာကိုခံရပြန်ပါတယ်။
လက်ရှိအချိန်ထိ ထိုင်ဝမ်မှာ COVID-19 ပိုးကူးစက်ခံရသူ ၁၈ ယောက်သာရှိသေးပြီး စင်္ကာပူ၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံတွေမှာထက်ပိုနည်းပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီတရက်နေ့က COVID-19  ကူးစက်မှုကြောင့် တရုပ်ပြည်မကြီးးနဲ့ လေကြောင်းသွားလာရေးတွေကိုခေတ္တ ပိတ်လိုက်တဲ့ ဗီယက်နမ်နဲ့ အီတလီတို့က ထိုင်ဝမ်ကလာတဲ့ လေယာဉ်ကိုပါအဆင်းမခံလိုပြသနာဖြစ်ရပါတယ်။ နောက်ပိုင်းမှာ ဗီယက်နမ်ကထိုင်ဝမ်ကို ကန့်သတ်စာရင်းကပယ်ဖျက်ပေးခဲ့ပေမယ့် အီတလီကတော့ မပြောင်းပါ။
 တခါ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့မှာ ဖိလစ်ပိုင်က တရုပ်နိုင်ငံသားတွေနဲ့ အတူ ထိုင်ဝမ် နိုင်ငံသားတွေကိုပါ ပြည်ဝင်ခွင့်ပိတ်လိုက်ချိန်မှာတော့ ထိုင်ဝမ် အစိုးရ ဒေါသူပုန်ထပါတော့တယ်။ နှစ်နိုင်ငံအပြန်အလှန် ငြင်းခုန်ကြအပြီး အဲဒီလိုပိတ်ပင်တာကိုမရုပ်သိမ်းလျင် ဖိလစ်ပိုင် စိးပွားရေးနဲ့ နိုင်ငံသားတွေအပေါ် ပိတ်ပင်မှုတွေလုပ်ပြီးလက်တုန့်ပြန်မယ်လို့ ထိုင်ဝမ်က ခြိမ်းခြောက်ပါတယ်။ ဒီလို့နဲ့ ဖေဖေါ်ဝါရီ ၁၄ ရက်မှာတော့ဖိလစ်ပိုင်က အဲဒီကန့်သတ်ချက်ကို ရုတ်သိမ်းပေးခဲ့ပါတယ်။
Airasia, Malaysia Airlines, တို့လို တချို့လေကြောင်းလိုင်းတွေက COVID-19  အခြေအနေကြောင့်  ခရီးစဉ်ပြောင်းတာ ငွေပြန်အမ်းတာတွေအတွက် စဉ်းကမ်းတွေမှာ ထိုင်ဝမ်ကို ဟောင်ကောင်၊ မကာအိုတို့နဲ့ တတန်းထဲထားရှိသလို့၊ တချို့နိုင်ငံတွေက ကျန်းမားရေးဌာနတွေက ပြည်ပခရီးပြန်လာပြီး ဖျားနာသူများအတွက်  စစ်ဆေး ကန့်သတ်မှုတွေကို လည်းအဲဒီလိုပဲ ထိုင်ဝမ်ကို ဟောင်ကောင်၊ မကာအိုတို့နဲ့ တတန်းထဲထားတာတွေရှိနေပါတယ်။
COVID-19  ရောဂါပြန့်ပွားမှုရဲ့ ဒီလိုဂယက်ရိုက်ခတ်မှုတွေက အမျိုးသားရေးစိတ်ပိုပြင်းထန်တဲ့ လက်ရှိထိုင်ဝမ်အစိုးရကို လွတ်လပ်ရေးကြေငြာဖို့ တွန်းအားတရပ်ဖြစ်စေမလား။ အဲလိုကြေငြာလျင် ပြည်မကြီးက ဘယ်လိုတုန့်ပြန်မလဲဆိုတာကတော့……

ဖိုးသုည
16-02-20
https://focustaiwan.tw/politics/202002110004

Tuesday, January 28, 2020

ဘီဘီစီကဖွင့်ချလိုက်တဲ့ ဝူဟန်းဗိုင်းရပ်စ် ကောလဟလများ


ဘီဘီစီကဖွင့်ချလိုက်တဲ့ ဝူဟန်းဗိုင်းရပ်စ် ကောလဟလများ

ဝူဟန်းဗိုင်းရပ်နဲ့ ပတ်သက်တဲ့ကောလဟလငါးခုကို ဘီဘီစီ စုစည်းတင်ပြထားပါတယ်။
(၁) လင်းနို့စွပ်ပြုတ်
(၂) ဘီလ်ဂိတ်ဖေါင်ဒေးရှင်းရဲ့ ကြိုတင်ကြံစည်မှု
(၃) တရုပ်ရဲ့ ဇီဝလက်စီမံကိန်းကထွက်လာနဲ့ ဗိုင်းရပ်စ်
(၄) ကနေဒါသုတေသနဓါတ်ခွဲခန်းကဗိုင်းရပ်စ်
( ၅) ဝူဟန်းက သူနာပြုပြောတယ်ဆိုတဲ့ ဗွီဒီယို

၁။ Bat soup videos လင်းနို့စွပ်ပြုတ်

အင်တာနက်မှာပြန့်နေတဲ့ တရုပ်အမျိုးသမီးတယောက်ဝူဟန်းမှာ လင်းနို့စွပ်ပြုတ်သောက်ပြတယ်ဆိုတဲ့ ဗီဒီယိုဟာ တကယ်တော့  ၂၀၁၆ တုန်းက ခရီးသွားဘလော်ဂါ Wang Mengyun ပစ္စဖိတ်ကျွန်း ပုလောင် မှာဒေသခံတွေရဲ့ ဓလေ့ကို တင်ပြဖို့ရိုက်ခဲ့တာဖြစ်ပြီး ၂၀၁၇ မှာအင်တာနက်တင်ခဲ့တာပါ။ ဝူဟန်းနဲ့ လုံးဝမပတ်သက်ပါ။
အခုသူမဗွီဒီယိုကိုဝူဟန်တဲ့တွဲပြီး ပြန်ပေါ်လာကာ တရုပ်တွေ အစားပက်စက်လို့ အခုရောဂါဖြစ်တာဆိုတဲ့ ဝေဘန်မှုတွေပေါ်ထွက်လာပြီး သူမဗွီဒီယိုကြောင့်အဲလိုဖြစ်ရလို့ သူမကတောင်းပန်ထားပါတယ်။
https://www.scmp.com/news/china/society/article/3047683/sorry-about-tasty-bat-chinese-online-host-apologises-travel-show

၂. Outbreak 'planned' ဝူဟန်ဗိုင်းရပ်ပြန့်တာ ကြိုတင်ကြံစည်မှု

ယူတျုဘာ Jordan Sathe ကတွိတာမှာ ၂၀၁၅ က Pirbright Institute in Surrey ကတင်ထားတဲ့ အားနည်းနဲ့ ကိုရိုနာဗိုင်းရပ်ကို မွေးပြီးကာကွယ်ဆေးထုတ်ဖို့မူပိုင်ခွင့်ကို တင်ပြပြီး အဲဒီကုမ္ပဏီကို ဘီလ်ဂိတ်တို့ကထောက်ပံ့ထားတာဖြစ်တယ်၊  သူတို့ ရဲ့ကာကွယ်ဆေးထုတ်ဖို့ လုပ်ငန်းကို ရံပုံငွေတွေအများကြီးဝင်လာအောင် ဒီရောဂါကို ပြန့်ပွားအောင်တမင်ဖြန့်ခဲ့တာလို့စွပ်ဆွဲပါတယ်။
တကယ်တော့ သူတို့ရဲ့မူပိုင်ခွင့်မှာ ပါတဲံ့ဗိုင်းရပ်က ကြက်ငှက်လေပြွန်ရောင်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်မျိုးသာဖြစ်ပြီးလူကိုကူးတဲ့ ပိုးနဲ့ မဆိုင်ဘူးဆိုပါတယ်။  Pirbright Institute ပြောရေးဆိုခွင့်ရှိသူ Teresa Maughan  က စွပ်ဆွဲချက်ကို ငြင်းပယ်ခဲ့ပြီးသူတို့ကာကွယ်ဆေးထုတ်သုတေသနဲ့ ဘီဂိတ်ဖေါင်ဒေးရှင်းကြားဘာမှ ပတ်သက်မှုမရှိဘူးဆိုပါတယ်။
https://www.buzzfeednews.com/article/ryanhatesthis/qanon-supporters-and-anti-vaxxers-are-spreading-a-hoax-that

၃. 'Bioweapon' conspiracies (တရုပ်ဇီဝလက်နက်သုတေသနကပိုး)

ကမ္ဘာအနှံ့အကြီးအကျယ်ရှဲကြတဲ့ ဒီဇာတ်လမ်းအားလုံးက  Washington Times သတင်းစာဆောင်းပါး ၂ခုကိုသာကိုးကားထားကြတာဖြစ်ပါတယ်။
အဲဒီဆောင်းပါးရှင်က အစ္စရေးစစ်ထောက်လှမ်းရေးအရာရှိဟောင်းထံကသတင်းလို့ဆိုပေမယ့် တကယ်ခိုင်ခိုင်မာမာပြနိုင်တဲ့ အထောက်အထားကတခုမှမပါဘူးဆိုပါတယ်။ အစ္စရေးဖက်ကလည်းအဲဒီလိုပေါက်ကြားတဲ့ သတင်းနဲ့ အထောက်အထားလုံးဝမရှိဘူးလို့ ငြင်းထားပါတယ်။
အဲဒီသတင်းကို ဆိုရှယ်မီဒီယာအကောင့်ရာပေါင်းများစွာကနေ လူသန်းပေါင်းများစွာထံပြန့်ပြီးသွားပါပြီ။
တခါ ပြီးခဲ့တဲ့ အပတ်က The Daily Star  သတင်းစာကလည်း ဝူဟန်မြို့မှာ လျှို့ဝှက် သုတေသနစမ်းသပ်ခန်းရှိပြီး အဲဒီကနေ ဗိုင်ရပ်စ်လွတ်ထွက်လာပါတယ်ဆိုပြီးရေးခဲ့ပေမယ့်နောက်ပိုင်းမှာ သူတို့ရဲ့ စာမျက်နှာမှာ အဲဒီသတင်းအတွက် အထောက်အထားတော့ ဘာမှမရှိပါဘူးလို့ပြင်ထားတယ်ဆိုပါတယ်။
တရားဝင် သုတေသနတွေ့ရှိချက်တွေအရ အခုပြန့်နေတဲ့ ဗိုင်းရပ်စ်ဟာ ဝူဟန်း တောရိုင်းတိရိစ္ဆာန်ဈေးက ပြန့်တာလို့တွေ့ရှိထားတာပါ။
အထက်ပါ ဆောင်းပါး၂ပုဒ်အကြောင်း ဘီဘီစီက ဝါရှင်တန် တိုင်မ်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

၄. 'Spy team' ( ကနေဒါဓါတ်ခွဲခန်းဇာတ်လမ်း)

မနှစ်က ကနေဒါ Canada's National Microbiology Laboratory က သုတေသနပေါ်လစီ ချိုးဖေါက်တယ်ဆိုပြီးသံယရှိလို့ အလုပ်ထုတ်ခံရတဲ့ Virologist Dr Xiangguo Qiu နဲ့ ကျောင်းသားတွေ အကြောင်း စီဘီအက်စ် သတင်းကိုကိုးကားပြီး အဲဒီ ဗိုင်းရပ်ကျွမ်းကျင်သူနဲ့ အဖွဲ့က ခိုးသွားတဲ့ဗိုင်းရပ်စ် ဝူဟန် Wuhan National Biosafety Laboratory of the Chinese Academy of Sciences  မှာ ပြန်မွေးထားရာကနေ လွတ်သွားတယ်လို့  ထွက်လာတဲ့ သတင်းတွိတာမှာ အကြိမ်တသောင်း နှစ်ထောင်ကျော် ပြန်ရှဲကြပါတယ်။ နောက်သတင်းတခုက အဲဒီစပိုင်  တွေ Wuhan National Biosafety Laboratory of the Chinese Academy of Sciences ကို တနှစ် နှစ်ကြိမ် နှစ်နှစ် ဆက်တိုက်သွားခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီသတင်းတွေအားလုံးမှာ အထောက်အထားတစုံတရာပြစရာမရှိဘူးဆိုပါတယ်။ သူတို့ကိုးကားတယ် ဆိုတဲ့ စီဘီအက်သတင်းကလည်း သူလျှိုလုပ်မှူ၊ ကိုရိုနာဗိုင်းရပ်စ် တို့နဲ့ ဆက်စပ်မှူတစုံတရာမပါဘူးဆိုပါတယ်။ 
သူတို့ကိစ္စက လူထုအတွက် ဘာာမှ အန္တရာယ်မရှိဘူးလို့ ထုတ်ပြန်ခဲ့သလို ဖမ်းဆီးမှူတွေလည်း မလုပ်ခဲ့ပါ။ . ( "Based on information received to date, the RCMP has assessed that there is no threat to public safety at this time," Robert Cyrenne said in an email to CBC News on Thursday.  ) 

၅. 'Wuhan nurse video' ဝူဟန်းက သူနာပြုဆိုသူရဲ့ ဗွီဒီယို

 အစိုးရကသတင်းကိုဖုံးထားတာ၊ လူတွေ အများကြီးကူးစက်ခံရပြီးသေနေပြီဆိုတဲ့ ဝူဟန်းက သူနာပြုဆိုသူရဲ့ ဗွီဒီယို တခု ဆိုရှယ် မီဒီယာမှာထွက်ပေါ်ခဲ့ပြီး အများအပြားရှဲကြပါတယ်။ ကြည့်သူသန်းနဲ့ချီခဲ့ပါတယ်။
ကိုးရီးယားတယောက်ကတင်တဲ့ ဗွီဒီယိုထဲ အင်္ဂလိပ်လိုစာတန်းထိုးရာမှာ သူမဟာ ဝူဟန်းက ဆေးရုံတခုက သူနာပြုတယောက်လို့ဆိုပေမယ့် ဗွီဒီယိုထဲမှာတော့ သူမကသူနာပြုလားဆရာဝန်လားဆိုတာဘာမှပြောမထားပါဘူး။ ဗွီဒီယိုထဲမှာ သူမဘယ်သူဘယ်ဝါလို့မပြောတဲ့ အမျိုးသမီးက ဝတ်ထားနဲ့ နှာခေါင်းစည်းနဲ့ ရောဂါပိုးကာကွယ်ရေး ဝတ်စုံတွေက ဝူဟန်းနဲ့ ဟးဘေးပြည်နယ် ကျန်းမာရေးဌာနတွေမှာသုံးတဲ့ ပစ္စည်းမျိုးတွေမဟုတ်ပါဘူးတဲ့ ။
ဟူဘေးမှာ မြို့အတော်များများကို ပိတ်ဆို့ထားလို့ ဘယ်မှာ ရိုက်ထားတဲ့ ဗွီဒီယိုဆိုတာ စိစစ်ဖို့ခက်ပေမယ်ံ ဗွီဒီယိုထဲမှာ သူမရဲ့ ရှေ့နောက်မညီတဲ့ပြောဆိုမှူတွေက သူမဟာ သူနာပြုတို့ ဆေးမှုးတို့လိုကျန်းမာရေး ပညာသင်ထားသူမဖြစ်နိုင်ဘူးဆိုပါတယ်။ သူမက တရုပ်ပြည်မှာရောဂါကူးထံရသူ ကိုးသောင်းကျော်နေပြီး ( တရားဝင် ( ၄၅၀၀ ကျော်ရှိချိန်က) ပိုးက ဆင့်ကဲပြောင်းလဲလို့ လူနာတယောက်ကနေ နောက် လူ ၁၄ ယောက်ကိုကူးနိုင်တယ်လို့ပြောခဲ့တာပါ။  WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ရောဂါရှိသူတယောက်က နောက်ထက် လူ ၁.၄ ကနေ ၂.၅ ယောက်ကိုဆက်ပြန့်စေနိုင်တဲ့ ဗိုင်းရပ်အရေအတွက်ပဲရှိနိုင်တယ်ဆိုပါတယ်။ သူမဘယ်ဒေသကနေ ရိုက်လွှင့်တဲ့ ဗွီဒီယိုဆိုတာ စိစစ်ဖို့ ခက်ပေမယ့် ဟူဘေးဒေသထဲတနေရာရာကဖြစ်နိုင်ပြီး သူမထင်တာ ကိုသူမ ပြောတာသာဖြစ်တယ်။  သူမက ကျန်းမာရေးဝန်ထမ်းလည်းလုံးဝဟုတ်ပုံမရဘူးလို့ ဆိုပါတယ်။

ကျနော်တို့မြန့်မာ့ဖေ့ဘုတ်မှာလည်း အထက်ပါကောလဟာအားလုံးပြန့်ပြီးလို့ အဆင့်ဆင့်ရှဲကြတာ အဖန်တရာကြေပါပြီ။
စေတနာနဲ့ဆိုပေမယ့် ကိုယ်ရှဲမယ့်သတင်းကို ကိုယ် တတ်နိုင်သလောက်စိစစ်ပြီးမှရှဲကြရင်တော့  ကောလဟလတွေနည်းပြီး မလိုအပ်တဲ့ပူပင်ကြောင့်ကြမှု စွပ်စွဲဝေဘန်လို့ အကုသိုလ်များရတာတွေကိုလျှော့ချနိုင်မှာပါ။

ဖိုးသုည
29-01-2020
မူရင်း

Saturday, January 25, 2020

 ဝူဟန်းဗိုင်းရပ်စ်ရန် ကာကွယ်ဖို့ နှာခေါင်းစည်းနဲ့ လက်ဆေးခြင်း ဘာက ပိုအရေးကြီးလဲ 

လူအများစုက နှာခေါင်းစည်းစည်းတာက မိမိကိုပိုပြီးကာကွယ်နိုင်တယ်လို့ထင်သလို
အဲလိုလုပ်ဖို့ အကြံပြုထားတာတွေ ဆိုရှယ်မီဒီယာမှာ အများကြီးပြန့်နေပါတယ်။

ဝူဟန်းကစတဲ့ ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ “2019-nCoV.” အသက်ရှူလမ်းကြောင်းကတဆင့်ကူးတဲ့ ဗိုင်းရပ်စ ပါ။ 
ဒီလိုပိုးတွေကူးစက်မခံရအောင်ကာကွယ်နည်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO နဲ့ အမေရိကန်ဗဟိုရောဂါထိန်းချုပ်ရေးဌာန CDC  တို့ကထုတ်ပြန်ထားတာရှိပါတယ်။ 
အဲဒါတွေကိုမြန်မာပြန်ဆိုပေးထားပါတယ်။ 
 အဲဒီထဲမှာ မိမိကိုကူးစက်မခံရအောင်ကာကွယ်တဲ့နည်းတွေထဲမှာ နှာခေါင်းစည်းသုံးဖို့မပါတာကိုတွေ့ရပါလိမ့်မယ်။ 
အဓိကက လက်ဆေးဖို့ပါ။ 
ကျန်းမာရေးဌာနေတွေဆိုတာ ပြည်သူလူထုကို ကူးစက်ရောဂါ ကာကွယ်ရေးပညာပေးတဲ့အခါ ရောဂါ မဖြစ်သေးသူတွေ ရောဂါရှိသူထံမှ ကူးစက်မခံရအောင် ပညာပေးရသလို  ရောဂါ ရှိနေသူ၊ ရှိနိုင်သူတွေက သူတို့ကိုယ်ထဲက ပိုးတွေ သူတပါးထံပြန့်မသွားအောင် လုပ်ဆောင်နေထိုင်ဖို့ကိုလည်းပညာပေးရပါတယ်။ 
ဒီနေရာမှာ နှာခေါင်းစည်းက မိမိထံက ပိုးတွေ အသက်ရှူထုတ်တဲ့အခါ၊ ချောင်းဆိုးနှာချေတဲ့အခ့ါ အနားမှာရှိသူတွေ ထံပြန့်မသွားအောင် ကာကွယ်ဖို့ နည်းလမ်းတခုအနေနဲ့ အကြံပေးတာပါ။ 

WHO၏ လူထုအတွက် ရောဂါပိုးနဲ့ အထိတွေ့နည်းအောင် ဆက်လက်မပြန့်ပွားအောင် ဆောင်ရွက်ရန်အကြံပေးချက်များ 
၁. လက်မကို အရက်ပျံ သို့မဟုတ် ဆပ်ပြာနဲ့ မကြာမကြာသန့်ရှင်းရေးလုပ်ပါ
၂. ချောင်းဆိုးနှာခြေလျင် နှာခေါင်းနဲ့ပါးစပ်ကို  တံတောင်ကွေး သို့မဟုတ် တစ်သျှုးစက္ကူနဲ့အုပ်ကာထားပါ။ ပြီးတာနဲ့ အဲဒီတစ်သျှူးကိုချက်ချင်းစနစ်တကျစွန်းပြစ်ပြီး လက်ကိုသေချာဆေးပါ. (မိမိထံမှာ ပိုးရှိလျင် သူတပါးကို မကူးအောင်ကာကွယ်တာ) 
၃. ဖျားနာ ချောင်းဆိုးနေသူတွေနဲ့ ဝေးဝေးနေပါ ။ နည်းဆုံး တမီတာ ( သုံးပေကျော်)
၄. သင့်မှာ ကိုယ်ပူ၊ချောင်းဆိုး၊ အသက်ရှူခက်လျင် ကျန်းမာရေးဌာနကိုစောလျင်စွားသွားပြပါ။ မိမိလတ်တလောသွားခဲ့တဲ့ ခရီးတွရှိလျင် ကျန်းမာရေးဝန်ထမ်း ကို ထုတ်ပြောပြပါ။ 
၅. လောလောဆယ် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားတယ်ဆိုတဲ့ တိရိစ္ဆာန်ဈေးကို မဖြစ်မနေသွားရပါက အကာအကွယ်တွေမဝတ်ဘဲ သက်ရှိ တိရိစ္ဆာန်တွေနား မသွားပါနဲ့ ၊ တိရိစ္ဆာန်တွေထိထားတဲ့ မျက်နှာပြင်တွေကို မထိမိပါစေနဲ့၊ 
၆. သားငါးအစိမ်းသို့မဟုတ် မကျက် တကျက်တို့ကို စားခြင်းမှ ရှောင်ကျဉ်ပါ။ အသားစိမ်း နို့စိမ်း တိရိစ္ဆာန်အင်္ဂါ အစိမ်းများကို ကိုင်တယ်လျင် လိုအပ်သော အကာကွယ်များကို စနစ်တကျသုံးပါ။ အစားအစာများနဲ အသားငါးစိမ်းများ အကြားရောဂါပိုးမပြန့်ပွားအောင် သန့်ရှင်းရေးဂရုစိုက်ပါ အသားငါးစိမ်းနဲ့ အသင့်စားနိုင်သော အစာတွေကိုရောမထား မသိမ်းပါနဲ့ ။ 












CDC

 ၁.  လက်တွေကို စက္ကန့် ၂၀ အနည်းဆုံး ရေနဲ့ဆပ်ပြာနဲ့ သေချာဆေးပါ။ ရေနဲ့ ဆပ်ပြာမရှိပါက အရက်ပျံ လက်သန့်ရှင်းအရည်နဲ့ သန့်ရှင်းရေးလုပ်ပါ။ 
၂. ဆေးကြာမထားသေးသောလက်နဲ့ မျက်နှာ၊ နှာခေါင်း တို့ကို မထိမကိုင်မိပါစေနဲ့ 
၃. နေမကောင်းသူတွေနဲ့ နီးနီးကပ်ကပ် မနေပါနဲ့ 
၄. နေမကောင်းလျင် လူအများကြားထဲ့ မသွားပါနဲ့ ။
၅. ချောင်းဆိုးနှာခြေလျင် နှာခေါင်းနဲ့ပါးစပ်ကို  တံတောင်ကွေး သို့မဟုတ် တစ်သျှုးစက္ကူနဲ့အုပ်ကာထားပါ။ ပြီးတာနဲ့ အဲဒီတစ်သျှူးကိုချက်ချင်းစနစ်တကျစွန်းပြစ်ပြီး လက်ကိုသေချာဆေးပါ
၆. မကြာခဏထိကိုင်မိတဲ့ မျက်နှာပြင်တွေကို သန်ံရှင်းပြီးပိုးသတ်ပါ။





ဒီအထင်ကရ အဖွဲ့၂ခုလုံးက ဝူဟန်းဗိုင်းရပ်နဲ့ တခြားအသက်ရှူလမ်းကကူးတဲ့ ဗိုင်းရပ်တွေကိုကူစက်မခံရအောင်ကာကွယ်ဖို့  လက်ဆေးရန်နဲ့ တကိုယ်ရည်သန့်ရှင်းရေးကိုသာ ပြောထားပါတယ်။ 
နှာခေါင်းစည်းတပ်ဖို့မပြောပါ။ 
ဒါပေမယ့်ကိုယ်ကနေမကောင်းလျင် သူတပါးဆီရောဂါပိုးမပြန့်အောင် ပါးစပ်နဲ့နှာခေါင်းကို အုပ်ကာဖို့နဲ့ပြီးတာနဲ့ လက်ဆေးဖိုသာပြောပါတယ်။ 
ဒါကြောင့်နှာခေါင်းစည်းတပ်ပြီး မိမိကိုယ်မိမိအကာအကွယ်ရပြီထင်နေသူများ 
လက်ကိုမကြာခဏ ဆေးခြင်းနဲ့တကိုယ်ရည်သန့်ရှင်းရေးကသာ မိမိကိုကာကွယ်ပေးမှာဖြစ်ပြီး နှာခေါင်းစည်းကတော့ စာရင်းထဲတောင် မပါပါ၊ သူတပါးဆီကိုပိုးမပြန့်အောင်သာကာကွယ်ပါတယ်။ 

မိမိကိုတကယ် ကာကွယ်ဖို့ဆို N95 mask   အတူ တခြားကာကွယ်ရေး ဝတ်စုံ PPE  အပြည့်စုံကို ဝတ်မှ အကာကွယ်ရပါတယ် ဆိုတာ အသိပေးပါရစေ

ဒေါက်တာအောင် 
25-01-2020



WHO’s standard recommendations for the general public to reduce exposure to and transmission of a range of illnesses are as follows, which include hand and respiratory hygiene, and safe food practices:
  • Frequently clean hands by using alcohol-based hand rub or soap and water;
  • When coughing and sneezing cover mouth and nose with flexed elbow or tissue – throw tissue away immediately and wash hands;
  • Avoid close contact with anyone who has fever and cough;
  • If you have fever, cough and difficulty breathing seek medical care early and share previous travel history with your health care provider;
  • When visiting live markets in areas currently experiencing cases of novel coronavirus, avoid direct unprotected contact with live animals and surfaces in contact with animals;
  • The consumption of raw or undercooked animal products should be avoided. Raw meat, milk or animal organs should be handled with care, to avoid cross-contamination with uncooked foods, as per good food safety practices.











CDC

  • Wash your hands often with soap and water for at least 20 seconds. If soap and water are not available, use an alcohol-based hand sanitizer.
  • Avoid touching your eyes, nose, and mouth with unwashed hands.
  • Avoid close contact with people who are sick.
  • Stay home when you are sick.
  • Cover your cough or sneeze with a tissue, then throw the tissue in the trash.
  • Clean and disinfect frequently touched objects and surfaces.
These are every day habits that can help prevent the spread of several viruses. CDC does have specific guidance for travelers.

ကိုးကား
https://www.cdc.gov/coronavirus/2019-ncov/about/prevention-treatment.html
https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public

မှတ်ချက် 
https://b-wise-2b-healthy.blogspot.com/2020/01/blog-post.html မှ ကုးယူခေါ်ပြပါသည်။