Friday, April 9, 2021

ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ နဲ့ မြန်မာ့အရေး

 ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ နဲ့  မြန်မာ့အရေး

ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ကိုမတားဆီးနိုင်ခဲ့တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations)  ကို အစားထိုးဖို့ ကုလသမဂ္ဂအဖွဲ့ကြီးကိုဖွဲ့ပါတယ်။

 အဖွဲ့ဝင်နိုင်ငံ ၅၁ နိုင်ငံနဲ့စပြီး ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း United Nations Charter  က ၁၉၄၉ အောက်တိုဘာ ၂၄ ရက်မှာစတင်အသက်ဝင်ပါတယ်။

 အဓိက အစိပ်အပိုင်း ၆ခုနဲ့ဖွဲ့ထားပါတယ်။

 ၁. General Assembly (အထွေထွေညီလာခံ)

၂. Security Council (လုံခြုံရေးကောင်စီ)

၃. The Economic and Social Council ( စီးပွားရေးနှင့် လူမှုရေးကောင်စီ)

၄. Trusteeship Council ( ၁၉၉၄ နိုဝင်ဘာ ၁ ရက်မှစ ရပ်နားထား)

၅. International Court of Justice ( အပြည်ပြည်ဆိုင်ရာတရားရုံး)

၆. Secretariat ( အတွင်းရေးမှုးချုပ်ရုံး)

 

 ၁. General Assembly (အထွေထွေညီလာခံ)

အဖွဲ့ဝင်နိုင်ငံတိုင်းတက်ရပါတယ်။

ဖွဲ့စမှာ ၅၁ နိုင်ငံရှိပြီး  ၂၀၂၁ခုနှစ် မှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိပါတယ်။

 ဆုံးဖြတ်ချက်များအတွက် အဖွဲ့ဝင် နိုင်ငံတိုင်းတူညီတဲ့ မဲတမဲပေးခွင့်ရှိပါတယ်။

ဆုံးဖြတ်ချက်များ အတည်ပြုရန် မဲအားလုံးရဲ့ သုံးပုံ နှစ်ပုံရှိဖို့လိုအပ်ပါတယ်။ (Article 18)

လုံခြုံရေးကောင်စီက ကိုင်တွယ်ဖြေရှင်းနေသောပြသနာများကို အဆိုပါကောင်စီက တောင်းဆိုခြင်းမပြုပါက အထွေထွေညီလာခံက ဝင်ရောက်စွက်ဖက်ခြင်းမပြုပါ၊ (Article 12)

  ခေါ်ယူတဲ့ ညီလာခံသုံးမျိုးရှိပါတယ်။

 

၁။ ပုံမှန်ညီလာခံ Regular Sessions

နှစ်စဉ်ခေါ်ယူပြီး စက်တင်ဘာလမှ ဒီဇင်ဘာလ အထိကျင်းပပါတယ်။ ဆွေးနွေးစရာကိစ္စများမပြီးပြတ်ပါကနောက်နှစ် ဇန္နဝါရီလကစပြီးဆက်လက်ဆွေးနွေး လုပ်ဆောင်ကြပါတယ်။

 ၇၅ကြိမ်မြောက်ညီလာခံ ၂၀၂၀ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ကစတင်ပါတယ်။ မပြီးပြတ်သေးတဲ့ကိစ္စတွေအတွက်  ၂၀၂၁ ဧပြီ ၉ ရက်ကနေ ဇူလိုင်လလယ်အထိ အွန်လိုင်းညီလာခံ တွေရှိပါမယ်၊

 ၂။ အထူးညီလာခံ Special Sessions

ပဋိဉာဉ် အခန်း ၇၊ စာပုဒ် ၂၀  (Chapter IV, article 20)  အရ လုံခြုံရေးကောင်စီ (သို့) အဖွဲ့ဝင်နိုင်ငံအများစု၏ တောင်းဆိုချက်ဖြင့် အထွေထွေအတွင်းရေးမှူးချုပ်က အထူးညီလာခံ Special Sessions ကိုခေါ်ဆိုနိုင်ပါတယ်။

၂၀၂၁ ဇွန်လ ၂-၄ ရက်မှာခေါ်ထားတဲ့အထူးညီလာခံကတော့ အမှတ် ၃၂ ပါ။

 

၃။ အရေးပေါ်အထူးညီလာခံ  Emergency Special sessions

 မြန်မာပြည်အတွက်ခေါ်ပေးမယ်လို့မျှော်လင့်ပြီး မြန်မာပြည်သူတွေ စိတ်ဝင်စားနေတဲ့ ညီလာခံအမျိုးစားပါ

ကုလသမဂ္ဂရဲ့ ၁၉၅၀ ခုနိုဝင်ဘာသုံးရက် နေ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် 377A(V)  အရ အရေးပေါ်အထူးညီလာခံ ကို ၂၄ နာရီအတွင်းခေါ်ဆိုနိုင်ပါတယ်။

ခေါ်ဆိုဖို့တောင်းဆိုနိုင်သူတွေကတော့

၁. လုံခြုံရေးကောင်စီ ( အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၇ နိုင်ငံသဘောတူလျင်)

၂. ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစု။ 

 

တောင်းဆိုနိုင်တဲ့အခြေအနေတွေကတော့

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုကို မထိမ်းသိမ်းနိုင်သဖြင့် ငြိမ်းချမ်းရေးကို ထိပါးခြိမ်းခြောက်၊ ထိခိုက်လာနေသာ်လည်း (သို့) အကြမ်းဖက်မှုများ ဖြစ်နေသော်လည်း အဆိုပါပြသနာတွေကို အဓိကတာဝန်ယူဖြေရှင်းရတဲ့ လုံခြုံရေးကောင်စီက အမြဲတန်းအဖွဲ့ဝင်နိုင်ငံတခုခုကသဘောမတူသဖြင့် ဖြေရှင်းဆုံးဖြတ်ချက်ကို တညီတညာတည်း မဆုံးဖြတ်နိုင်သောအခါ အထွေထွေညီလာခံက တာဝန်ယူဆွေးနွေးဆုံးဖြတ်ကာ ဖြေရှင်းရန်ဖြစ်ပါတယ်။

 ဖြေရှင်းနည်းထဲမှာ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးကို ကိုဖေါ်ဆောင်ထိမ်းသိမ်းရန် လိုအပ်လျင် စစ်ရေးအရ ဆောင်ရွက်တာပါပါတယ်။

 အဲလို လိုအပ်လာချိန်မှာ ကျင်းပနေဆဲ အထွေထွေညီလာခံမရှိပါက အရေးပေါ်အထူးညီလာခံ  Emergency Special sessions ကို ၂၄ နာရီအတွင်းခေါ်ယူကာ ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်တာဖြစ်ပါတယ်။

 အဲဒီညီလာခံရဲ့ ဆုံးဖြတ်ချက်ကလည်း ထုံးစံအတိုင်း မဲအရေအတွက် သုံးပုံ နှစ်ပုံရဖို့လိုပါတယ်။

 နောက်ဆုံးခေါ်ခဲ့တဲ့  ဆယ်ကြိမ်မြောက်အရေးပေါ်အထူးညီလာခံကတော့ ၁၉၉၇ ခု ဧပြီလမှာပါ။

ESS ဆယ်ခုမှာ ၇ ခုက အရှေ့အလယ်ပိုင်း ပြသနာတွေပါ။

အရေးပေါ်အထူးညီလာခံ ခေါ်ရတဲ့ ပြသနာအားလုံးမှာ ကိုးခုက နိုင်ငံတခုအတွင်းကပြသနာမဟုတ်ဘဲ နိုင်ငံ နှစ်ခုနဲ့ အထက် ပါဝင်ကြတဲ့ ပြသနာပါ။ ( ပါလက်စတိုင်းနဲ့ အစ္စရေးကို သီးခြားစီလို့ ယူဆထားပါတယ်)

ကွန်ဂိုပြသနာတခုကတော့ပြည်တွင်းစစ်နဲ့ပတ်သက်တာဖြစ်ပြီး နိုင်ငံတကာကစွက်ဖက်မှုတော့ မကင်းပါ။

  

၂. Security Council (လုံခြုံရေးကောင်စီ)

အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီရဲ့ အဓိကတာဝန်ကတော့   နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိမ်းသိမ်းဖို့ပါ။

 ယူအက်စ်၊ ယူကေ၊ ပြင်သစ်၊ ရုရှားနဲ့ တရုပ် ဆိုပြီး ဗီတိုအာဏာရှိတဲ့အမြဲတမ်းအဖွဲ့ဝင် ကငါးနိင်ငံပါ။

အလှည့်ကျ အဖွဲ့ဝင် ဆယ်နိုင်ငံက သက်တမ်း ၂ နှစ်စီရှိပြီး နှစ်စဉ် အထွေထွေညီလာခံမှာ ငါးနိုင်ငံကိုတခါ ပြန်ရွေးပါတယ်။ ဒီတော့ အလှည့်ကျအဖွဲ့ဝင် ၅ နိုင်ငံက အသစ်၊ ၅ နိုင်ငံက အဟောင်း တလှည့်စီဖြစ်နေပါတယ်။

ဆုံးဖြတ်ချက်တွေချရာမှာ အဖွဲ့ဝင်အားလုံးသဘောတူဖို့ကြိုးစားပါတယ်။  မဲခွဲဆုံးဖြတ်ရလျင်တော့ အနည်းဆုံးအဖွဲ့ဝင် ကိုးနိုင်ငံထောက်ခံရပါတယ်။

 

ဆုံးဖြတ်ချက်ကို နှစ်မျိုးခွဲထားပါတယ်။

၁. လုပ်ငန်းဆောင်တာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်  Procedural decision တွေမှာ ဘယ်အဖွဲ့ဝင်ပေးတဲ့မဲဖြစ်ဖြစ် စုစုပေါင်းကိုးမဲရလျင် အတည်ဖြစ်ပါတယ်၊

၂. ကျန်တဲ့ ဆုံးဖြတ်ချက်တွေမှာတော့ စုစုပေါင်းကိုးမဲရသော်လည်း ဗီတိုအာဏာရှိ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတခုခုက ကန့်ကွက်ရုံနဲ့ ဆုံးဖြတ်ချက် အတည်ပြုလို့မရတော့ပါ။

 

လက်ရှိအလှည့်ကျအဖွဲ့ဝင်နိုင်ငံဆယ်ခုနဲ့ သက်တမ်းတွေကတော့

Estonia (2021)

India (2022)

Ireland (2022)

Kenya (2022)

Mexico (2022)

Niger (2021)

Norway (2022)

Saint Vincent and the Grenadines (2021)

Tunisia (2021)

Viet Nam (2021)

ဒီအထဲမှာ အိန္ဒိယ၊ နဲ့ဗီယက်နမ်က မတ် ၂၇ စစ်ရေးပြပွဲတက်ခဲ့တဲ့နိုင်ငံတွေပါ။

 လုံခြုံရေးကောင်စီရဲ့ဆောင်ရွက်ချက်တွေကို အထွေထွေညီလာခံမှာ နှစ်စဉ် အစီရင်ခံရပါတယ်။ ကြားထဲမှာလည်း လိုအပ်သလို အစီရင်ခံစာ တင်သွင်းရတာတွေ ရှိပါတယ်။

 

လုံခြုံရေးကောင်စီက ဘာတွေလုပ်လည်း

အခြေအနေခု၊ ပြသနာတခုက နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေးကိုထိပါးလာတယ်လို့ လုံခြုံရေးကောင်စီက ယူဆလျင် ငြိမ်းချမ်းသောနည်းနဲ့ဖြေရှင်းဖို့ အရင်ကြိုးစားရပါတယ်။

 

ကိုယ်စားလှယ်အဖွဲ့စေလွှတ်၊ အထူးသံတမန်ခန့်ထား၊ စုံစမ်းစစ်ဆေး၊ ညှိနှိုင်းဆွေးနွေး ၊ အထွေထွေ အတွင်းရေးမှူးချုပ်ကို ငြိမ်းချမ်းစွာဖြေရှင်းဖို့အကူညီတောင်း။

စစ်မက်ဖြစ်နေသောဒေသတွေမှာ အပစ်အခတ်ရပ်စဲဖို့ညှိ၊  ငြိမ်းချမ်းရေးတပ်တွေချတား။

မရလျင် လက်နက်ကုန်သွယ်မှုပိတ်၊ ငွေကြေး၊ ကုန်သွယ်၊ ခရီးသွား ပိတ်၊ သံတမန်အဆက်သွယ်ဖြတ်၊ ပိတ်ဆို့မှူတွေလုပ်၊  စသည်ဖြင့် အဆင့်ဆင့်လုပ်ပါတယ်။

ငြိမ်းချမ်းသောနည်းနဲ့ဖြေရှင်းလို့မရလျင်တော့ နောက်ဆုံးနည်းအဖြစ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပါတယ်၊။

ကုလသမဂ္ဂတပ်များဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်ကိုတားဆီးတာမျိုးလုပ်နိုင်ပါတယ်။ ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ တပ်များဖြစ်စေ၊ ဒေသတွင်းနိုင်ငံများမှ တပ်များကို ဖြစ်စေ စုစည်းပြီး ဆောင်ရွက်နိုင်ပါတယ်။

 

စစ်မက်ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ နိုင်ငံတကာခုံရုံးကိုပါဖွဲ့စည်းပြီး လူ့အခွင့်အရေးချိုးဖေါက်သူ၊ လူမျိုးတုန်း သတ်ဖြစ်မှုကျူးလွတ်သူတွေကို စစ်ဆေး အရေးယူပါတယ်။

 

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လက်ခံရသည်။ ဆုံးဖြတ်သည့်အတိုင်းအကောင်ထည်ဖေါ်ရန်တာဝန်ရှိသည်။ (ပဋိဉာဉ်စာပုဒ် ၂၅)


လုံခြုံရေးကောင်စီဆွေးနွေးပွဲ အမျိုးအစားများ

 လေးမျိုးရှိပါတယ်.

1) Public meetings (တံခါးဖွင့်ဆွေးနွေးပွဲ)

 2) Private meetings (တံခါးပိတ်ဆွေးနွေးပွဲ)

3) Informal consultations ( အလွတ်သဘော တိုင်ပင်ဆွေးနွေးခြင်း)

4) Informal interactive dialogues ( အလွတ်သဘော အပြန်အလှန်ဆွေးနွေးခြင်း)

 

Public meetings (တံခါးဖွင့်ဆွေးနွေးပွဲ)

ပုံမှန်အားဖြင့် ကောင်စီအစည်းဝေးတွေက တံခါးဖွင့်အစည်းဝေးပါ။

ဆွေးနွေးနေတာကို သတင်းထောက်တွေ သတင်းယူလို့ ရပါတယ်။

အဲဒီထဲမှာမှာ လေးမျိုးရှိပါတယ်။

ဒီလိုဆွေးနွေးပွဲအပြီးတိုင်းမှာ သတင်းထုတ်ပြန်ချက်လုပ်ရပါတယ်။

 

(က) Open Debate: ( အခြေတင် ဆွေးနွေးပွဲ)

ဒီဆွေးနွေးပွဲက ကျယ်ပြန့်ပါတယ်။ သတ်မှတ်ထားတဲ့ အကြောင်းအရာ ခေါင်းစဉ် (ဥပမာ ကလေးစစ်သားပပျောက်ရေး) တခုကို ဦးတည်ပြီး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေသာမက  ကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေ၊ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း၊ အကြောင်းအရာနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်တွေ ပေးနိုင်သူတွေကိုပါဖိတ်ကြား ဆွေးနွေးနိုင်ပါတယ်။

 (ခ) Debate:

ဒီ အခြေတင် ဆွေးနွေးပွဲမျိုးကတော့ နိုင်ငံတခုအတွင်းမှာဖြစ်ပျက်နေတဲ့ပြသနာ၊ အငြင်းပွားမှုတွေကိုပဲဦးတည်ဆွေးနွေးတာပါ။ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေအပြင် အဖွဲ့ဝင် မဟုတ်သော်လည်း ပြသနာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ နိုင်ငံ (သို့) အထူးစိတ်ဝင်စားတဲ့နိုင်ငံတွေက ခွင့်တောင်းပြီး တက်နိုင်ပါတယ်။

 (ဂ) Briefings:

ကောင်စီမှာ ဆွေးနွေးထားတဲ့ ပြသနာ၊ အခြေအနေတခုရဲ့ တိုးတက်ဆုတ်ယုတ်မှုကို အစီရင်ခံတာမျိုးပါ၊  Debate တွေလုပ်ရင်း Briefings တင်တာမျိုးရှိသလို Briefings သတ်သတ်လုပ်တာလည်းရှိပါတယ်၊ အဲလို Briefings မျိုးမှာ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သာမှတ်ချက်ပြုနိုင်ပါတယ်။  Briefings တွေပြီးလျင် informal consultations of the whole ဆိုတဲ့ တံခါးပိတ် ညှိနှိုင်းဆွေးနွေးမှုမျိုး ဆက်လုပ်တတ်ပါတယ်။ 

 (ဃ) Adoption:

ဒါကတော့ သဘောတူပြီးတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြု အကောင်အထည်ဖေါ်ဖို့ လုပ်တဲ့ အစည်းဝေးမျိုးပါ၊ မဲမခွဲခင်နဲ့ မဲခွဲအပြီးမှာ အဖွဲ့ဝင်နိုင်ငံတွေက မှတ်ချက်ပြုဆွေးနွေးနိုင်ပါတယ်။  ဒီလိုဆွေးနွေးပွဲတွေမှာ Briefing မရှိပါ။

 

Private meetings (တံခါးပိတ်ဆွေးနွေးပွဲ)

နှစ်မျိုးရှိပါတယ်။

(က) Private meetings

တံခါးဖွင့်အစည်းဝေးနဲ့ လုပ်ထုံးအများစုကတူပါတယ်။ ကောင်စီဝင်မဟုတ်တဲ့ နိုင်ငံတွေကလည်း ခွင့်တောင်းတက်ရောက်နိုင်ပါတယ်။ ကွာခြားတာက အစည်းအဝေးမှတ်တမ်းကို ထုတ်ပြန်ခြင်းမပြုပါ။ ဆွေးနွေးချက်အသံသွင်းမှတ်တမ်းကို အထွေထွေအတွင်းရေးမှုးချုပ်ရုံးကိုပို့ပြီးမှတ်တမ်းတင်ထားပါတယ်။ တံခါးပိတ် အစည်းဝေးတွေအပြီးမှာ communiqué ဆိုတဲ့ မီဒီယာ ထုတ်ပြန်ချက်မျိုးတော့ လုပ်ပါတယ်။

(ခ) Troop contributing countries (TCC)

ကုလသမဂ္ဂတပ်တွေထည့်ဝင်ပေးထားတဲ့ နိုင်ငံတွေရဲ့အစည်းဝေးပါ။  ဘယ်အချိန်မှာ လုပ်မယ် ဘယ်သူတွေကိုဖိတ်မယ်ဆိုတာ ၂၀၀၁ ခုနှစ်က ဆုံးဖြတ်ချက်အမှတ် ၁၃၅၃ အရ ဆုံးဖြန်ပါတယ်။

 

အဆိုပါ အစည်းအဝေးတွေအပြင် အလွတ်သဘော အစည်းအဝေး တွေကိုလည်းလုပ်ပါတယ်။

(က) Informal consultations of the whole:

တံခါးပိတ် အစည်းဝေးပါ။ ကောင်စီဝင် ၁၅ နိုင်ငံလုံးတက်ရပြီး ကုလသမဂ္ဂ Security Council Consultations Room ခန်းမမှာလုပ်ပါတယ်။ ဆွေးနွေးပွဲ့အကြောင်းအရာတွေကိုကြိုတင်သတ်မှတ်ထားပြီး ကိုယ်စားလှယ်တယောက်မက တင်ပြဆွေးနွေးနိုင်ပါတယ်။ ကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံကိုယ်စားလှယ်တွေ တက်လို့မရပါ။  တရားဝင် အစည်းအဝေးမှတ်တမ်းမထားပါ။

 (ခ) Informal interactive dialogues:

မှတ်တမ်းမတင်တဲ့ ကောင်စီအဖွဲ့ဝင်နိုင်ငံများ နဲ့ ကောင်စီအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံများအကြား အလွတ် တံခါးပိတ်အစည်းအဝေးပါ။ ကောင်စီဥက္ကဌက သဘာပတိလုပ်ပြီး Security Council Consultations Room (သို့) ကောင်စီ ခန်းမ Council Chamber မဟုတ် တဲ့ အစည်းဝေးခန်းကိုသုံးရပါတယ်။  ဖိတ်ကြားခံရသူပဲတက်ရောက်နိုင်ပါတယ်။ ပြသနာဖြစ်နေတဲ့ နိုင်ငံ/  အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိင်းဖို့ ကောင်စီက ကမကထလုပ်ပေးတဲ့ အစည်းအဝေးလို့ဆိုနိုင်ပါတယ်။

 (ဂ) “Arria-formula” meetings:

လုံခြုံရေးကောင်စီ ရဲ့လုပ်ပိုင်ခွင့်အရ အဖွဲ့ဝင်တွေအလွတ်သဘော တံခါးပိတ်ဆွေးနွေးကြတာပါ။

၁၉၉၂ ခုမှာ ကောင်စီဥက္ကဌ Diego Arria ကစတင်လုပ်ခဲ့ တဲ့ အစည်းအဝေးကိုအကြောင်းပြုပြီး အလားတူအစည်းအဝေးတွေခေါ်ကြလို့ ဒီနာမည်ကိုပေးတာပါ။

အဖွဲ့ဝင်နိုင်ငံများသာမက ဖိတ်ကြားထားတဲ့ ကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံကိုယ်စားလှယ်များ၊ အစိုးရ နဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက ကိုယ်စားလှယ်များ အကြားလွတ်လပ်ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြတာပါ။ 

လုံခြုံရေးကောင်စီက သူ့ရဲ့ လုပ်ငန်းအနေတဲ့လုပ်တာမဟုတ်တာကြောင့် အစည်းအဝေးကို ကောင်စီဥက္ကဌက သဘာပတိမလုပ်ဘဲ လည်းလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတခုခုက နိုင်ငံကကမကထလုပ်နိုင်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကလည်းအစည်းဝေးတက်၊ မတက် ဆုံးဖြတ်နိုင်ပါတယ်။  

ကောင်စီက ကိုင်တွယ်ဖြေရှင်းဖို့လိုနိုင်တဲ့ပြသနာတွေမှာ စိတ်ဝင်စားတဲ့ ကောင်စီဝင်နိုင်ငံတွေက ကမကထလုပ်ပြီး အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက ကိုယ်စားလှယ်များ နဲ့ တိုက်ရိုက် ဆွေးတွေးတာပါ။ ဆွေးနွေးချက်တွေကို ကြားသိသင့်သင့်သူ၊ ကြားသdစေချင်သူ အဖွဲ့များရဲ့ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားပါတယ်။

အလွတ်ဆွေးနွေးပွဲဖြစ်တာကြောင့် တရားဝင် အစည်းအဝေးဆုံးဖြတ်ချက် ထုတ်ပြန်တာမျိုးမရှိပါ။

“Arria-formula” meetings: မြန်မာနိုင်ငံတဲ့ပတ်သက်တဲ့ အစည်းအဝေးတွေမှာ CRPH  ကိုယ်စားလှယ်တွေနဲ့ တခြားပုဂ္ဂိုူလ်များကို ဖိတ်ကြားနိုင်ပါတယ်။ 


လုံခြုံရေးကောင်စီက ထုတ်ပြန်ချက်များ

လေးမျိုးရှိပါတယ်။

Resolution ကလွဲပြီးကျန်ထုတ်ပြန်ချက်များအတွက် ကောင်စီအဖွဲ့ဝင်အားလုံးသဘောတူဖို့လိုပါတယ်။

 

Elements to the Press:

ဒီစာမှာတော့ ကောင်စီဥက္ကဌက မီဒီယာတွေကိုထုတ်ပြောဖို့အချက်အလက်တွေကို ဘူလက်ပွိုင့်ခံထည့်ပေးတားပါတယ်၊ တကယ်မီဒီယာကိုဘာပြောတယ်ဆိုတာကတော့ ဥက္ကဌ ရဲ့သဘောပါ။

 Press Statement:

တံခါးဖွင့်ဆွေးနွေးပွဲတိုင်းအပြီးမှာ ဆွေးနွေးတဲ့အကြောင်းအရာအကျဉ်းချုပ်ကို Press Release အနေနဲ့ထုတ်ပေးပါတယ်။

 Presidential Statement (PRST):

ဒီစာက ကောင်စီရဲ့ဆုံးဖြတ်ချက်ပေမယ့် ယေဘူယျဆန်ပါတယ်။ ပြသနာနဲ့ပတ်သက်ပြီး အထွေထွေ အတွင်းရေးမှုးချုပ်ထံက အစီရင်ခံစာတောင်းတာ၊ ကောင်စီရဲ့ စိုးရိမ်မှုကိုဖေါ်ပြတာ၊ စတာတွေပါပါတယ်။ Resolution လောက် မတိကျ မပြင်းထန်ပါ၊

 Resolution:

ဒီဖြေရှင်းဆုံးဖြတ်ချက်ကိုတော့ ကောင်စီအဖွဲ့ဝင်တွေ မဲခွဲဆုံးဖြတ်ပါတယ်။  မဲမပေးဘဲနေလို့လည်းရပြီး အမြဲတန်းအဖွဲ့ဝင်နိုင်ငံတခုခုက ကန့်ကွက်လျင် ပျက်ပါတယ်။  အနည်းဆုံး ကိုးမဲရဖို့လိုပြီး ဒီဆုံးဖြတ်ချက်ကိုတော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက လက်ခံ၊ အကောင်ထည်ဖေါ်ရပါတယ်။

 

 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီတွင်လုပ်သော ဆွေးနွေးပွဲများနဲ့ထုတ်ပြန်ချက်များ။

 

(၁)  ဖေဖေါ်ဝါရီ  ၂ ရက် မနက်မှာ  Consultation   အစည်းဝေးလုပ်ပါတယ်။ 

ဖေဖေါ်ဝါရီ ၄ ရက်မှာ Press Statement SC/14430 ထုတ်ပြန်ပါတယ်။

 

(၂) မတ်လ ၁၀ ရက် ညနေ မှာတော့  Adoption   အစည်းဝေးလုပ်ပါတယ်။ အဲဒီနေ့မှာပဲ  Presidential press statement S/PRST/2021/5 ထုတ်ပြန်ပါတယ်။

 

(၃) မတ်လ ၃၁ ရက်မှာ  Consultation  ထပ်လုပ်ပါတယ်၊ မပြီးပြတ်လို့ ဧပြီတရက်ကိုကူးသွားပါတယ်။ အဲဒီနေ့မှာ UN Security Council Press Elements on Myanmar ကိုထုတ်ပြန်ပါတယ်။

 

(၄) ဒီကနေ့ ဧပြီ ကိုးရက်  ( မြန်မာစံတော်ချိန် ည ၈နာရီခွဲမှာလုပ်မယ့်အစည်းအဝေးကတော့  Arria-Formula meeting  အလွတ်အစည်းအဝေးပါ။  Press Conference by Security CouncilPresident on Programme of Work for April မှာ ထည့်ပြောသွားပါတယ်။ Program list ထဲမပါပါ။

 


ဒီကနေ့ ဧပြီ ကိုးရက်  ( မြန်မာစံတော်ချိန် ည ၈နာရီခွဲမှာလုပ်မယ့်အစည်းအဝေး

အစည်းအဝေးမှာ UNSC က ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပါတ်သက်ပြီး ဆွေးနွေးတင်ပြမယ့်သူတွေကတော့

 ၁) ဒေါ်ဇင်မာအောင် - CRPH ခေတ္တနိုင်ငံခြားရေးဝန်ကြီး

 ၂) ဦးစိုင်းစမ်ခမ်း - နယ်သာလန်နိုင်ငံက Institute of Social Studies (The Hague)မှာ ပါရဂူဘွဲ့ကို လေလာသင်ယူနေသူ၊ မေတ္တာဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာဟောင်း

၃) Mr. Richard Horsey - International Crisis Group ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ်

အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီ link တွေကနေ ဝင်ကြည့်လို့ရပါတယ်။

UN Web TV: https://bit.ly/3s3PYie

YouTube: http://y2u.be/iSS9xddxCm0

Concept note PDF: https://bit.ly/3t1qlju

 

ဖိုးသုည

၀၉ ဧပြီ ၂၀၂၁



အကိုးအကားများ 

 https://www.un.org/en/

https://www.un.org/en/about-us/history-of-the-un/predecessor

https://www.un.org/en/ga/

https://www.un.org/en/ga/info/meetings/75schedule.shtml

https://www.un.org/en/about-us/un-charter

https://www.un.org/securitycouncil/content/background-note

http://undocs.org/S/PRST/2021/5

https://www.un.org/en/model-united-nations/security-council

https://www.un.org/securitycouncil/content/what-security-council 

ထုတ်ပြန်ချက်များ

https://myanmar.un.org/en/110643-un-security-council-press-statement-situation-myanmar

https://myanmar.un.org/en/111490-un-secretary-general-myanmar-myanmar-version-follows-english

https://myanmar.un.org/en/115791-statement-president-un-security-council-myanmar

https://myanmar.un.org/en/123792-un-security-council-press-elements-myanmar



Tuesday, March 30, 2021

ရာဇဝတ်မှုကျူးလွန်တဲ့ စစ်အာဏာရှင်ကြီးတွေအကြောင်း ကုလမဂ္ဂကိုတိုင်မယ်။

ရာဇဝတ်မှုကျူးလွန်တဲ့ စစ်အာဏာရှင်ကြီးတွေအကြောင်း ကုလမဂ္ဂကိုတိုင်မယ်။ 

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်စွာစုံစမ်းစစ်ဆေးရေးအဖွဲ့ The Independent Investigative Mechanism for Myanmar က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြူသူများအပေါ်ကျူးလွန်တဲ့

- မတရားဖမ်းဆီးထိမ်းသိမ်းခြင်

- နှိပ်စက်ညှဉ်းပမ်းခြင်း

- ဖမ်းဆီးပြီးနောက်လက်စဖြောက် သုတ်သင်ခြင်း

- အင်အားအလွန်အကျွံသုံးခြင်း

- သေစေနိုင်သောလက်နက်များကိုသုံးခြင်း

စတဲ့ပြစ်မှုများအတွက်တာဝန်ရှိသူများကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူဖိ့ အထောက်အထားတွေကိုစုဆောင်းနေပါတယ်။

ဒီအဖွဲ့က နိုင်ငံတကာခုံရုံး ၇ ခုနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

အဆိုပါပြစ်မှုတွေမှာ အဓိကတာဝန်ရှိသူတွေက အမိန့်ပေးစေခိုင်းတဲ့ အထက်ပိုင်းကအရာရှိတွေဖြစ်တာကြောင့် သူတို့ ဟာ ပြစ်မှုကျူးလွန်တဲ့နေရာမှာတော့ တွေ့ရဖို့ခဲယဉ်းပြီး အခင်းဖြစ်ပွားတဲ့နေရာရ ဓါတ်ပုံတွေမှာပါဖို့မလွယ်ပါ၊

ဒါကြောင့် နောက်ကွယ်ကနေ အမိန့်ပေး စေခိုင်းနေတဲ့ ရာဇဝတ်ကောင်တွေကို အရေးယူနိုင်ဖို့အထောက်အထားတွေကိုစုဆောင်းနေပါတယ်။

သူတို့က အဲဒီပြစ်မှုတွေအတွက်တာဝန်ရှိပါတယ်ဆိုတဲ့အထောက်အထားတွေကတော့ သူတို့ထုတ်တဲ့ညွှန်ကြားချက်တွေ၊ အမိန့်တွေပဲဖြစ်ပါတယ်။ ခိုင်မာတဲ့ အထောက်အထားအနေနဲ့ရနိုင်တာတွေကတော့ အဲလိုလုပ်ဖို့ အမိန့်ပေးညွှန်ကြားတဲ့ အမိန့်စာ နဲ့ အမိန့်ပေးညွှန်ကြားတဲ့ ဗွီဒီယိုဖိုင်တွေပါ၊ 


ဒါကြောင့် အထက်ပါပြစ်မှုတွေကျူးလွန်ဖို့စေခိုင်းတဲ့ အမိန့်စာများနဲ့ အထောက်အထားများကိုဒီအဖွဲ့ထံကိုပေးပို့ဖို့အကူညီတောင်းထားပါတယ်။

သူလို့လိုတဲ့အထောက်အထားတွေကဌာနတွင်းအမိန့်စာတွေ ညွှန်ကြားချက်
အထောက်အထားတွေဖြစ်တာကြောင့် အပြင်ကိုပေါက်ကြားစေသူတွေကို အာဏာရှင်တွေက ဒုက္ခပေးမယ့်အန္တရာယ်ကလည်းရှိနေပါတယ်။

ဒါကြောင့် အထောက်အထားတွေကို ပေးပို့တဲ့အခါကြားဖြတ်ယူလို့ မရတဲ့ Signal မက်ဆေ့ နဲ့ Proton အီးမေးစနစ်ကိုသုံးဖို့အဆက်အသွယ်တွေပေးထားပါတယ်။

အဲဒီအပ်တွေက မက်ဆေ့တွေကိုပို့တဲ့အခါ လျှို့ဝှက် ကုတ်ကိုပြောင်းပြီးမှပို့လို့ ကြားဖြတ်ရယူတာတွေရှိလည်း ဖတ်လို့မရနိုင်ပါ။၊

အထောက်အထားတွေကို

Signal မက်ဆေ့ နဲ့ ဒီနံပတ် +41766911208 ကို သို့မဟုတ်

Proton အီးမေးစနစ် နဲ့ mountain741@protonmail.com ကိုပို့ပေးဖို့ကြေညာထားပါတယ်။

လက်ရှိမြေပြင်မှာဖြစ်နေတဲ့ပုံတွေ ဗီဒီယိုတွေကိုပို့ရမှာမဟုတ်ပါ၊ ဒါတွေကိုသူတို့အလွယ်တကူရနိုင်ပါတယ်။သူတို့လိုချင်တာက ရာဇဝတ်မှုတွေကျူးလွန်ဖို့ညွှန်ကြားတဲ့ အမိန့်စာ နဲ့ အမိန့်ပေးညွှန်ကြားတဲ့ ဗွီဒီယိုဖိုင်တွေပါ

 

app တွေကိုဒေါင်းလုပ်လင့်တွေကတော့ 

Signal messaging app

ဖုန်းထဲကနေဒီလင့်ကိုနှိပ်ပါ https://signal.org/install

သို့မဟုတ်

Android  https://play.google.com/store/apps/details?id=org.thoughtcrime.securesms

(သို့မဟုတ် )

https://drive.google.com/file/d/1PPrrrIv3npr4cgU27SDacNBbiHb4S5pI/view?usp=sharing 

 iOS https://apps.apple.com/us/app/signal-private-messenger/id874139669

Proton mail

Android   https://play.google.com/store/apps/details?id=ch.protonmail.android

(သို့မဟုတ်)

https://drive.google.com/file/d/1PQhQWIv6Q2Wv2IpItNoyBBYdCRbN4BRW/view?usp=sharing 

iOS     https://itunes.apple.com/app/protonmail-encrypted-email/id979659905

Web Browser https://mail.protonmail.com/login


အထောက်အထားတွေကိုအဲဒီမက်ဆေ့ (သို့) အီးမေးကိုပို့ဖို့အခက်အခဲဖြစ်နေလျင် ကျနော့ မက်ဆန်ဂျာ၊ ဗိုင်ဗာ၊ WhatsApp (သို့) Telegram app  တခုခုကို ပို့ပေးပါက ကူညီပြီးထပ်ဆင့်ပြန်ပို့ပေးပါမယ်.

ဖိုးသုည

၃၁-၀၃-၂၀၂၁

ဗိုင်ဗာ၊ WhatsApp၊ Telegram  နံပတ် +60168515258


IIMM ကြေညာချက် စာမျက်နှာ

https://iimm.un.org/iimm-recipients-of-illegal-orders-should-contact-us/

အပလီကေးရှင်းတို့ရဲ့မူလစာမျက်နှာများ

https://protonmail.com/

https://www.signal.org/


Wednesday, December 30, 2020

စိတ်ဝင်စားစရာ အမေရိကန်သမတရွေးကောက်ပွဲနှင့် ရီပါဘလစ်ကန် သမတကြီး ဒေါ်နယ်ထရမ့်

စိတ်ဝင်စားစရာ အမေရိကန်သမတရွေးကောက်ပွဲနှင့် ရီပါဘလစ်ကန် သမတကြီး ဒေါ်နယ်ထရမ့် 

ပြီးခဲ့တဲ့ပိုစ်မှာ https://share-knwge.blogspot.com/2020/11/blog-post.html အမေရိကန်သမတရွေးကောက်ပွဲမှာ electors ဆိုတဲ့ပြည်နယ်မဲပေးကိုယ်စားလှယ်တွေကို ဘယ်လိုရွေးတယ်၊ သူတို့က သမတလောင်းတွေကို ဘယ်လိုမဲပေးပြီး ရွေးတယ်ဆိုတာကိုရေးခဲ့ပါတယ်။ 
အဲဒါတွေက သမားရိုးကျ လုပ်ထုံးလုပ်နည်းပါ၊။ 
ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲလို ပြသနာတွေများလာတဲ့အခါ ပုံမှန်မဟုတ်တဲ့ လုပ်နည်းတချို့ကို ထည့်သွင်းဆောင်ရွက်တာတွေရှိပါတယ်။ 
 

ထရမ့်ရဲ့ရီပါဘလစ်ကန် အပေါင်းအပါများရဲ့ ပံပိုးမှု။

၁။ အကြိတ်အနယ်လုရတဲ့ပြည်နယ်လေးခုက Electoral college မဲတွေက အခြေခံဥပဒေနဲ့ မညီလို့ ထည့်မတွက်ဖို့ ပြည်ထောင်စုတရားရုံးချုပ်ကိုလျှောက်ခြင်း

အကြိတ်အနယ်လုရတဲ့ ပြည်နယ်လေးခု ( ပင်ဆယ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ ဝစ်ကွန်ဆင်နဲ့ မီချီဂန်) က Electoral college မဲတွေက အခြေခံဥပဒေနဲ့ မညီလို့ ထည့်မတွက်ဖို့ ပြည်ထောင်စုတရားရုံးချုပ်ကို တက်ကဆက် ပြည်နယ် ရှေ့နေချုပ် Ken Paxton က ၈-၁၂-၂၀၂၀ နေ့က လျှောက်ထားပါတယ်။ ဒါကို အဲဒီပြည်နယ်က ရီပါဘလစ်ကန် ဆီးနိတ်အမတ် Chip Roy ကတော့ ဒီလိုကန့်ကွက်တာကို လက်မခံပါဘူး။ 
ထရမ့်ကတော့ ဒါက တိုက်ကွက်ကြီးတခုပဲလို့ဆိုပြီး သူကိုယ်တိုင် တရားလို လုပ်ခွင့်ပါ တင်လိုက်ပါသေးတယ်။ 
အဲဒီပြည်နယ်လေးခုမှာ ကိုဗစ် ၁၉ အကြောင်းပြုပြီး ရွေးကောက်ပွဲမတိုင်မီ ပြည်နယ်ရွေးကောက်ပွဲဥပဒေတချို့ကို ပြင်ဆင်ခဲ့ပါတယ်။  အဲဒီလိုလုပ်တာက အုပ်ချုပ်ရေးအရာရှိတွေနဲ့ ဥပဒေပြုအမတ်တွေကို ဖိအားပေးလုပ်တာဖြစ်ပြီး အခြေခံဥပဒေနဲ့ မညီလို့ ရလာတဲ့ ရလာဒ်နဲ့ ရွေးထားတဲ့ electors တွေ Electoral college မဲတွေကို လက်မခံဖို့ ပြည်ထောင်စုတရားရုံးချုပ်ကိုလျှောက်တာပါ။ 

တက္ကဆက်ပြည်နယ်ရဲ့ကန့်ကွက်မှုကို  တခြားရီပါဘလစ်ကန် ကြီးစိုးတဲ့ပြည်နယ်တွေက ရှေ့နေချုပ်တွေ နဲ့အတူ ကွန်ဂရက်အမတ် ၁၀၆ ယောက်ကလည်း ထောက်ခံလက်မှတ်ထိုးပါတယ်။ 

ဒီလုပ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ Electoral college မဲပေးစနစ်ကိုဖျက်ဆီးတာဖြစ်တယ်လို့
ပင်ဆယ်ဗေးနီးယားနဲ့  စွပ်စွဲခံပြည်နယ်တွေက ပြန်လည်တုန့်ပြန်ကန့်ကွက်ပါတယ်။ သူတို့ လေးပြည်နယ်ကို တခြားပြည်နယ် ၂၂ခုကထောက်ခံပါတယ်။

တက္ကဆက်က သူများပြည်နယ်ရွေးကောက်ပွဲရလာဒ်ကိုကန့်ကွက်ခွင့်ရှိသလား

အမေရိကန်က ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပြီး ပြည်နယ်အတွင်း ကျင်းပတဲ့ရွေးကောက်ပွဲရလာဒ်နဲ့ ပြသနာတွေကို ပြည်နယ်အတွင်းမှာပဲဖြေရှင်းခွင့်အပြည့်ပေးထားပါတယ်။ တခြားပြည်နယ်တွေမပြောနဲ့ ပြည်ထောင်စုတရားရုံးချုပ်ကတောင် ဝင်ရောက်စွက်ဖက်လေ့မရှိပါ။ 
အခုတရားစွဲတဲ့ ရှေ့နေချုပ် Ken Paxton ကတော့  အဲဒီပြည်နယ်လေးခုက အခြေခံဥပဒေကိုချိုးဖေါက်ပြီး ရွေးကောက်ပွဲဥပဒေကိုပြင်ခဲ့လို့မဲရလာဒ်တွေပြောင်းကုန်တယ်၊ 

ဒီရလာဒ်ကြောင့် တခြားပြည်နယ်က အမေရိကန်နိုင်ငံသားတွေကိုပါ ထိခိုက်လို့ ကန့်ကွက်ခွင့်ရှိတယ်လို့ဆိုပါတယ်။ 

ပြသနာတခုကို  တရားရုံးအဆင့်ဆင့်ကနေ မတင်ဘဲ တရားရုံးချုပ်ကို တိုက်ရိုက်တင်ဖို့ သူသုံးခဲ့တာကတော့ ပြည်နယ်အချင်းချင်းကြား အငြင်းပွားတဲ့ အမှုတွေမှာ တရားရုံးချုပ်ကိုဦးတိုက်လျှောက်တဲ့ "original jurisdiction" လုပ်ထုံးကိုသုံးတာပါ။ ဒါမျိုးက မြေ၊ ရေခွဲဝေရေးပြဿနာမျိုးမှာ လုပ်လေ့ရှိတာဖြစ်ပြီး တခြားပြည်နယ်တခုရဲ့ရွေးကောက်ပွဲရလာဒ်ကို နယ်ကျော်ပြီး ကန့်ကွက်တာမျိုးအတွက်မဟုတ်ဘူးဆိုပါတယ်။ 

တရားရုံးချုပ်က ဘာလုပ်နိုင်သလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်မလဲ

အကယ်၍ တရားရုံးချုပ်က အမှုကိုလက်ခံကြားနာပြီးလျင် 

  • Paxton လျှောက်ထားတာ မှန်တယ်ဆိုပြီး တင်ပြထားတဲ့ ပြည်နယ်လေးခုကမဲရလာဒ်တွေကို အတည်မပြုဖို့ ဆိုင်းငံ့ခိုင်းနိုင်ပါတယ်။ 

  • အဲဒီမှာမဲပေးတာတွေကို ပြည်လည်စစ်ဆေးတာတွေ ပြန်လည်ရေတွက်တာတွေလုပ်ခိုင်းပြီး ရလာဒ်အသစ်အတိုင်း အတည်ပြုခိုင်းနိုင်ပါတယ်။ 
  • ဒါမှမဟုတ် ပြည်နယ်ရွေးကော်ရွေးထားတဲ့  ပြည်နယ်ကိုယ်စားမဲပေးသူ  electors အစား  ပြည်နယ်ထဲက အမတ်တွေက electors တွေကိုခန့်ပြီး၊ မဲပေးခိုင်းပါမယ်။ သူတို့ကထရမ့်ကိုမဲပေးသူတွေကိုရွေးမှာပါ။ 
  • ဒါမှမှဟုတ် ရွေးကောက်ပွဲကိုကွန်ဂရက်အမတ်တွေလက်ထဲကို လုံးဝလွှဲအပ်ကာ အမတ်တွေက မဲပေးပြီး သမတကိုရွေးဖို့ပါ။   ဒီလိုလုပ်လျင်  ရီပါဘလစ်ကန်အများစု ဖြစ်တာကြောင့် ထရမ့်သမတဖြစ်နိုင်ပါတယ်။ 

သို့သော် 

ထရမ့်ကိုယ်တိုင်ရွေးထားပေးထဲ့ တရားသူကြီးသုံးယောက်အပါဝင် ရီပါလစ်ကန်သမတတွေ ရွေးထားတဲ့တရားသူကြီး ၆ ယောက်,နဲ့ ဒီမိုကရက်တွေတင်ထားတဲ့တရားသူကြီး က သုံးယောက်ပဲရှိတဲ့ တရားရုံးချုပ်က ထရမ့်ထင်သလို မျက်နှာမလိုက်ဘဲ ဥပဒေကိုပဲကြည့်ပြီး အဲဒီလိုတရားစွဲဖို့လျှောက်ထားတာက ဥပဒေကြောင်းအရ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘူးဆိုပြီး တရားရုံးချုပ်မှာ ကြားနာဖို့တောင်လက်မခံဘဲ ၁၁-၁၂-၂၀၂၀ သောကြာနေ့ မှာ ပယ်ချလိုက်ပါတယ်။ 

ထရမ့်ရဲ့ တိုက်ကွက်အကြီးကြီးလည်းပျက်သွားပါတယ်။ 


 ရီပါဘလစ်ကန်တွေရဲ့ မဆုတ်မနစ်ဇွဲ 


ဒီလိုနဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ပြည်နယ်အာလုံးရဲ့ electors  တွေသတ်မှတ်နေရာတွေမှာမဲပေးကြပါတယ်။ မူလကအတည်ပြုထားတဲ့အတိုင်းမဲထည့်ကြတော့ ဘိုင်ဒင်က ၃၀၆ မဲ၊ ထရမ့်က ၂၃၂ မဲရပါတယ်။ ဒါပေမယ့် ပြသနာဖြစ်နေတဲ့ ပြည်နယ်တွေက ရီပါဘလစ်ကန်ပါတီအမတ်တွေက သူတို့ စွဲဆိုထားတဲ့ တရားတဘောင်ကိစ္စတွေမကုန်သေးဘူး. သူတို့နိုင်လျင်  သူတို့ electors တွေက ထရမ့်ကိုမဲပေးမှာဖြစ်တယ်၊ ဒါကြောင့်  ၁၄ ရက်နေ့ တရားဝင် electors တွေမဲပေးတဲ့အခါ သူတို့ရဲ့ electors တွေက ထရမ့်ကို စင်ပြိုင်မဲပေးမယ်။ အရံအနေနဲ့သိမ်းထားရမယ်။  အတကယ်လို့ တရားနိုင်လျင် သူတို့မဲတွေကို အခုတရားဝင်ပေးထားတဲ့ ဘိုင်ဒင်အနိုင်ရတဲ့မဲတွေနဲ့ ပြန်လဲမယ်ဆိုပြီး မဲပေးထားတယ်ဆိုပါတယ်။ 


နောက်ဆုံးတိုက်ကွက်  (သို့) Electoral college စနစ်နဲ့ ပေးတဲ့မဲတွေကို ပူးတွဲကွန်ဂရက်က လက်ခံအတည်ပြုရန်ငြင်းဆိုခြင်း။ 

Electoral college စနစ်အရ ပြည်နယ်အလိုက်ရွေးထားတဲ့ ကိုယ်စားလှယ် electors တွေက သမတလောင်းတွေကို မဲပေးပြီးတဲ့အခါ  ပြည်နယ်ထဲက မဲဆန္ဒရှင်တွေပေးတဲ့ မဲစာရင်းရလာဒ်၊ elector မဲပေးသူကိုယ်စားလှယ်စာရင်း၊ နဲ့ သူတို့မဲတွေကို ရွေးကောက်ပွဲပြီးရောက်လာတဲ့ ဇန္နဝါရီလ ရဲ့ ဒုတိယ ဗုဒ္ဓဟူးနေ့ ( ၂၀၂၁ ဇ္နဝါရီ ၆ ရက်) မှာပြုလုပ်တဲ့ပူးတွဲကွန်ဂရက်  (အောက်လွှတ်တော်နဲ့ ဆီးနိတ်လွှတ်တော် ၂ ရပ်ပေါင်း) မှာဖွင့်ဖေါက်ရေတွက်ပါတယ်။ 
ရတဲ့မဲတွေမှာ ၂၇၀ ရတဲ့ သမတလောင်းနဲ့ ဒုသမတလောင်းတို့ကို  လာမည့်သက်တန်းအတွက် သတမတနဲ့ ဒုသမတ တွေအဖြစ်ကြေငြာပြီးအတည်ပြုရပါတယ်။ 
အဲဒီအချိန်မှာ လွှတ်တော်တရပ်ရပ်က ကိုယ်စားလှယ်တွေက ပြည်နယ်တခုခုက Electoral college မဲတွေကိုဖြစ်စေ မဲတခုချင်းကိုဖြစ်စေ ကန့်ကွက်လို့ရပါတယ်။
ဒီလိုကန့်ကွက်တဲ့အခါ ကန့်ကွက်သူအမတ်က သူကိုယ်စားပြုမထားတဲ့တခြားပြည်နယ်ရဲ့ Electoral college မဲတွေကိုလည်းကန့်ကွက်နိုင်ပါတယ်၊ 
အရှုံးကိုလက်မခံနိုင်တဲ့ သတမကြီးထရမ့်ရဲ့ နောင်ဆုံးတိုက်ကွက်ကတော့ အဲဒီမှာပါ။  ဥပမာ အလာဘားမားပြည်နယ် ရီပါဘလစ်ကန်အမတ် က ဂျော်ဂျီယာနဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ် မဲရလာဒ်တွေကိုကန့်ကွက်မယ်လို့ ထုတ်ပြောထားပြီးပါပြီ။ ဒီလိုကန့်ကွက်တာဟာ ရူးသွပ်မှူတခုသာဖြစ်တယ်လို့ ယူတာပြည်နယ် ရီပါဘလစ်ကန် ဆီးနိတ် အမတ် Mitt Romney ကဆိုပါတယ်။

ဒီလိုကန့်ကွက်တဲ့အခါ ကန့်ကွက်တိုင်း အရေးယူ လက်ခံပေးတာတော့မဟုတ်ပါ။ 
စာရေးပြီး ကန့်ကွက်ရမှာဖြစ်ပြီး အနည်းဆုံး အောက်လွှတ်တော်အမတ်တယောက်နဲ့ ဆီးနိတ်အမတ်တယောက် လက်မှတ်ထိုးပြီးမှ ကန့်ကွက်လို့ရပါတယ်။ 
 Missouri  ပြည်နယ် Republican  ဆီးနိတ်အမတ် Josh Hawley က အဲလိုကန့်ကွက်မယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ လူသိရှင်ကြားထုတ်ပြောလိုက်ပါတယ်။ သူတို့ရီပါဘလစ်ကန်ပါတီထဲမှာလည်း ဒီလိုလုပ်တာ ကို ထောက်ခံသူရှိသလို သဘောမကျသူ ဝေဘန်သူတွေလည်းရှိပါတယ်။
 

ကန့်ကွက်မှု တရားဝင်လျင် ကွန်ဂရက်ကဘာလုပ်ကြမလဲ 

အဲလို စနစ်တကျ ကန့်ကွက်လာလျင်တော့ပူးတွဲ ကွန်ဂရက်ခေတ္တနားပြီး လွှတ်တော် ၂ ရပ်သီးသန့်စီ ပြန်ဆွေးနွေးပါမယ်။ အဲလိုဆွေးနွေးတဲ့အခါ ဆွေးနွေးသူအမတ်တယောက်ကို ၅ မိနစ်ထက်မပိုရဘဲ၊ ပြည်နယ်တခုကိုကန့်ကွက်မှုအတွက်စုစုပေါင်း ၂ နာရီ သာအချိန်ပေးပါတယ်။ 
လွှတ်တော်တရပ်စီမှာ သီးခြားစီဆွေးနွေးအပြီးမှာတော့ အဲဒီကန့်ကွက်မှုကို လက်ခံ မခံ မဲခွဲပါတယ်။  လွတ်တော် ၂ ရပ်လုံးက ကန့်ကွက်မှုကို လက်ခံလျင်တော့ ကန့်ကွက်ခံပြည်နယ် ကို Electoral college မဲရေတွက်မှုကနေထုတ်ပယ်လိုက်ပါမယ်။ အဲဒီအခါ စုစုပေါင်း Electoral college မဲတွေလည်းလျော့သွားလို့  သမတနဲ့ ဒုသမတဖြစ်ဖို့ အနည်းဆုံးလိုအပ်တဲ့ မဲအရေအတွက် လည်း ၂၇၀ ကနေအချိုးကျ လျော့သွားမှာဖြစ်ပါတယ်။ 
ဥပမာ လောလောဆယ် ပစ်မှတ်ထားတဲ့ပင်ဆယ်ဗေးနီးယား Electoral college မဲတွေကိုပယ်လိုက်လျင် စုစုပေါင်း ၅၃၈ ကနေ ၅၁၈ မဲပဲကျန်လို့  မဲ၂၆၀ ရတဲ့သူက သမတဖြစ်ပါမယ်။ 
 လက်တွေ့မှာတော့ အဲလိုကန့်ကွက်မှုတွေကိုလွှတ်တော်၂ ရပ်လုံးကသဘောတူလက်ခံဖို့ဆိုတာအတော်ကိုမဖြစ်နိုင်တဲ့ကိစ္စပါ။ 
ကန့်ကွက်သူတွေကလည်း နိုင်ငံရေးကစားကွက်အနေနဲ့သာလုပ်ကြတာလို့ဆိုပါတယ်။ 
အောက်လွှတ်တော်မှာ ဒီမိုကရက်က အများစုဖြစ်လို့ ဘယ်လိုပဲဖြစ်ဖြစ် ကန့်ကွက်သူဘက်ကရှုံးမှာပါ။  ဆီးနိတ်မှာ လက်ရှိအထိက ရီပါဘလစ်ကန် အများစုပါ။ ဒါပေမယ့် ဆီးနိတ် ရီပါလစ်ကန်
လူများစုခေါင်းဆောင် Mitch McConnell က သူ့လူတွေကို အဲလိုမကန့်ကွက်ဖို့  ပြောထားပြီးပြီဆိုပါတယ်။
ဆီးနိတ်က လက်ခံလျင်တောင် အောက်လွှတ်တော်က လက်မခံလျင်ကန့်ကွက်မှုအထမမြောက်ပါ။ 
 ၂၀၁၆ တုန်းက ထရမ့်ရတဲ့ electoral college မဲတချို့ကို ဒီလို ပူးတွဲကွန်ဂရက်မှာ ကန့်ကွက်မှုတွေရှိပါတယ်။ 
ကန့်ကွက်သူတွေက တဦးချင်းအနေနဲ့သာကန့်ကွက်ပြီး လက်တွဲမည့်သူမရှိလို့  မအောင်မြင်ခဲ့ပါ၊ အဲဒီတုန်းက ထရမ့်ကိုကန့်ကွက်မှု အထမမြောက်ကြောင်းကြေညာသူကတော့ အခုသမတလောင်း ဂျိုးဘိုင်ဒင်ပါ။ 


ထရမ့်နဲ့ လက်တွဲဖြုတ်လာကြတဲ့ ရီပါဘလစ်ကန်အမတ်များကြောင့်မျှော်လင့်ချက်ပျက်

ဆီးနိတ်လွှတ်တော် လူများစုခေါင်းဆောင်  ရီပါဘလစ်ကန်အမ် Mitch McConnell က electoral college  မဲတွေပေးပြီးနောက်နေ့  ဒီဇင် ဘာ ၁၅ ရက်နေ့မှာ ဂျိုးဘိုင်ဒင်ကို အနိုင်ရသမတအဖြစ်တရားဝင် အသိအမှတ်ပြုကာ သူ့ရဲ့ ရီပါဘလစ်ကန် အမတ်တွေကို လည်း သူ့လိုပဲ အရှိတရားကိုလက်ခံဖို့နဲ့ ဇန္နဝါရီလ ၆ ရက်နေ့ electoral  college မဲတွေကိုရေတွက်တဲ့အခါ မကန့်ကွက်ဖို့ ပြောလိုက်ပါတယ်။ 
ထရမ့်အတွက်တော့ အရှိုက်ကိုအထိုးခံလိုက်ရတာပါ။ 
 ဇန္နဝါရီလ ၆ ရက်မှာ ထရမ့်ရဲ့ရဲဘော်တွေက သူရှုံးတဲ့ ပြည်နယ်တချို့ရဲ့ electoral college မဲတွေကိုဘယ်လိုပဲ ကန့်ကွက်နိုင်ပါစေ နောက်ဆုံးမဲပြန်ခွဲကြတဲ့အခါ ဆီးနိတ်မှာလည်း Mitch McConnell သဘောထားနဲ့ တိုက်တွန်းချက်ကြောင့် အောင်မြင်ဖို့မရှိတော့ပါဘူး။ 


လက်မလျှော့နိုင်တဲ့ထရမ့် 

ထရမ့်ကတော့ လက်မလျှော့ပါ။ ဇန္နဝါရီ လ ၆ ရက်မှာ လူထုဆန္ဒပြပွဲအကြီးလုပ်ဖို့ဆော်သြထားပါတယ်။ ဆူပူခိုက်ရန်ဖြစ်ပွားမှုတွေပါရှိနိုင်ပါတယ်။

 အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲရလာဒ်ကို ဇန္နဝါရီ ၂၀ အထိ အတည်မပြုခဲ့သော် 

ဒါကတော့ မဖြစ်နိုင်တဲ့အကြောင်းအရာတခုကို ဖြစ်ခဲ့သည်ရှိသော်လို့ တွေးပြီး လေ့လာတဲ့သဘောပါ။ 
တရားတဘောင်တွေဆက်ဖြစ်လို့ ၊ တရားရုံးချုပ်က ကြားဝင်လာလို့၊ ကွန်ဂရက် က သဘောတူညီမှုမရလို့ စသည်ဖြင့် အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲရလာဒ်ကို ဇန္နဝါရီ ၂၀ အထိ အတည်မပြုခဲ့သော် 
ထရမ့်ကတော့ ရာထူးမှာ ဆက်နေလို့မရတော့ပါ။ 
ယာယီသမတတယောက်ကို ကွန်ဂရက်က တင်မြှောက်ရပါမယ်။ 
လက်ရှိအနေအထားအရ အောက်လွှတ်တော်ခေါင်းဆောင် နန်စီပလိုစီ ဖြစ်ရမယ်ဆိုပါတယ်။ 
ရွေးကောက်ပွဲရလာဒ်ကို နောက်ဆုံး တရားဝင် အတည်ပြုလို့ သမတအသစ်တရားဝင် ကျမ်းကျိန်တဲ့ သူက အထိတာဝန်ယူရပါမယ်။

စစ်အုပ်ချုပ်ရေး  Martial Law  ကြေညာပြီး ရွေးကောက်ပွဲပြန်လုပ်ဖို့အကြံ

ဒီအကြံကိုတော့ ထရမ့်ကလွတ်ငြိမ်းချမ်းသာခွင့်ပေးလို့လွတ်လာတဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်း မိုက်ကယ် ဖလင်းနဲ့ တချို့ရီပါဘလစ်ကန်အမတ်တွေရဲ့အကြံပါ။ 
မာရှယ်လောထုတ်လိုက်တော့ ဇန္နဝါရီ လ ၆ ရက်မှာခေါ်ရမယ့် ကွန်ဂရက်တရားမဝင်ဖြစ်သွားပြီး electoral college မဲတွေကိုရေတွက်အတည်ပြုလို့မရဖြစ်သွားတယ်။  စစ်တပ်က ဦးဆောင်ပြီးပြည်နယ်တွေမှာရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတာမျိုးပါ။
အမရိကန်သမိုင်းမှာ ပြည်တွင်းစစ်ကာကတကြိမ်ပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ မာရှယ်လောထုတ်ဖို့ သမတ လင်ကွန်းက ကြိုးစားခဲ့ဖူးပါတယ်။ တရားရုံးချုပ်က သမတက နယ်ကျော်တယ်ဆိုပြီး ပယ်ချပါတယ် မာရှယ်လောထုတ်ဖို့ ဆိုတာ ပုံမှန်အရပ်ဖက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးစနစ် အလုပ်မလုပ်နိုင်တဲ့အနေအထားရောက်မှသာ စစ်တပ်က ဝင်ရောက်နေရာယူဖို့ မာရှယ်လောထုတ်ရမယ်လို့ဆိုပါတယ်။ 
၁၉၄၁  ပုလဲဆိပ်ကမ်းဗုံးကြဲခံရချိန်တုန်းက ဟာဝိုင်အီပြည်နယ်မှာ မာရှယ်လောတခါထုတ်ဖူးပါတယ်။ 
ထရမ့်ကတော့  Martial Law = Fake news လို့တွိထားပါတယ်။ 
 

အိမ်ဖြူတော်ကနေမဖယ်ဘူးကွာဘာဖြစ်လဲ 


ဒီလိုနည်းမျိုးစုံနဲ့ ကန့်ကွက်တာမအောင်မြင်လျင် ဂျိုးဘိုင်ဒင်က ဇန္နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမတအဖြစ်ကျမ်းကျိန်ပါမယ်။ 
ပြီးလျင် အိမ်ဖြူတော်ကိုရောက်လာတော့မှာပါ။ 
အဲဒီအချိန်မှာ ဒေါ်နယ်ထရမ့်က သမတမဟုတ်တော့ဘဲ သာမန်နိုင်ငံသားတယောက်ဖြစ်သွားပြီဖြစ်လို့ သူနေခွင့်မရှိတော့တဲ့ အိမ်ဖြူတော်ကမဖယ်လျင် လုံခြုံရေးတပ်ဖွဲ့တွေက အတင်းဖယ်ခိုင်းပြီး နိုင်ငံပိုင်အဆောက်အဦ အသုံးဆောင်တွေကိုမတရားသုံးစွဲမှုနဲ့ အရေးယူခံရမယ်လို့ဆိုပါတယ်။ 

အိမ်ဖြူတော်ကဆင်းပြီးနောက် 


အိမ်ဖြူတော်ကဆင်းပြီးနောက်သမတလူထွက် ထရမ့်တယောက် ရင်ဆိုင်စရာ တရားစွဲဆိုထားမှူတွေအများကြီးရှိပါတယ်။ 
ဒါပေမယ့်သူ့ကိုယ်သူ ရာထူးကမဆင်းမီ ကြိုတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးထားလို့ရတယ်လို့ဆိုနေပါတယ်။ 
တွီတာကတော့ ထရမ့်ရဲ့တွီတာအကောင့်ကနေ အရင်ကလို့မဟုတ်တာတွေ သတင်းမှားတွေ တင်တာရှဲတာလုပ်လျင် သမတရာထူးကြောင့်ပေးထားတဲ့ ချှင်းချက်မရှိတော့လို့ သတိပေးမယ်၊ အဲဒါမှ ဖြုတ်မချလျင် အကောင့်ကို သာမန်သူတွေအကောင့်တွေလိုပဲ ယာယီပိတ်မယ်ဆိုပါတယ်။ 
တွီတာတို့ ဖေ့ဘုတ်တို့လည်းထရမ့်ဒါဏ်ခံရတာ များပြီကိုး
လူတွေစိတ်ဝင်စားအောင် အတော် ဆွဲဆောင်နိုင်တဲ့ Real Donald Trump ပါပဲ။၊

ဖိုးသုည
၃၁-၁၂-၂၀၂၀

 
 
ကိုးကား

Together, two Trump allies from separate houses, such as Congressman Matt Gaetz and Senator Ted Cruz, could object, for instance.