Tuesday, October 12, 2021

Windows 11 ကိုဘယ်လိုရကြ၊ တင်ကြမလဲ

 Windows 11  ကိုဘယ်လိုရကြ၊ တင်ကြမလဲ

Microsoft   က ၂၀၂၁ ခု အောက်တိုဘာ ၅ရက်နေ့မှာ Windows Operating System အသစ် Windows 11  ကိုသုံးစွဲသူတွေလက်ထဲ စထည့်ပေးပါပြီ။ 



Windows 11 ကိုဘယ်လိုရနိုင်မလဲ 

  1. နောက်ပိုင်းထုတ်တဲ့ကွန်ပြူတာအသစ်တွေမှာ  Windows 11 နဲ့ compatible  ဖြစ်တယ်ဆိုလျင် ထုတ်လုပ်သူက OEM version ကိုတခါတည်းထည့်ပေးမှာပါ။ 
  2. ဒါမှမဟုတ် မိမိဘာသာ တပ်ဆင်တဲ့ကွန်ပြူတာမှာ Windows 11 installation DVD  ကိုဝယ်ပြီးဖြစ်စေ၊ အွန်လိုင်းကနေ  produce key ဝယ်ပြီးဒေါင်းလုပ်လုပ်လို့ဖြစ်စေ တင်လို့ရပါတယ်။ 
  3. လက်ရှိသုံးနေတဲ့ ကွန်ပြူတာတွေမှာ 64 bit  Windows 10  တင်ထားပြီး Windows 11 အတွက် လိုအပ်တဲ့  requirements တွေ ပြည့်မှီလို့  compatible  ဖြစ်တယ်ဆိုလျင်  Windows update  ကနေ Free Upgrade  ပေးပါမယ်။ ကိုယ့်အလှည့်ကိုတော့စောင့်ရပါမယ်။ ၂၀၂၂ နှစ်လယ်ပိုင်းအထိကြာကောင်းကြာနိုင်ပါတယ်။ 
  4. အဲဒီလို Windows 11 compatible  ကွန်ပြူတာတွေမှာ Windows update  ကနေပေးတာကိုမစောင့်ချင်လျင်တော့ Microsoft Windows 11 download page  ကနေ တရားဝင် Windows installation media  ကို Download  လုပ်ပြီး မိမိဘာသာတင်လို့ရပါတယ်။ အခမဲ့ပါ။ မိမိရဲ့လက်ရှိဝင်းဒိုးကိုတော့ တရားဝင်  Activate လုပ်ထားဖို့လိုပါတယ်။ 
  5. Windows 11 compatible  မဖြစ်တဲ့ကွန်ပြူတာတွေမှာလည်း   နည်းနည်းပါပါး အပြောင်းလွဲလုပ်ပြီးတင်လို့ရပါတယ်။ 
    1. windows Registry  ပြင်ပြီးတင်နည်း 
    2. Hybrid windows installation media လုပ်ပြီးတင်နည်းတွေက အဆင်ပြေပါတယ်။ 

Windows 11  တင်လို့ရမရ compatibility  ကို ဘယ်လိုစစ်မလဲ 

မိုက်ခရိုဆော့ဖ်ရဲ့ Windows 11 page မှာ Windows 11 အတွက် လိုအပ်တဲ့  requirements တွေ တင်ထားပေးပါတယ်။ ဒီလင့်ကနေသွားကြည့်လို့ရပါတယ်။ 
မိမိကွန်ပြူတာက ဒီလိုအပ်ချက်တွေပြည့်စုံမစုံတိုက်ကြည့်ပါ။ 
အခုနောက်ပိုင်း Windows update မှာတခါတည်းထည့်ပေးလိုက်လို့  update  လုပ်ထားလျင် အလိုလျှောက်စစ်ပြီး တင်လို့ရမရ ပြပါတယ်။ 



အသေးစိပ်ကိုနားမလည်လို့ အလွယ်တကူစစ်ချင်လျင်တော့  PC Health Check App ဆိုတဲ့ app ကလေးပေးထားပါတယ်။ အဲဒါကလေးကို ဒီကနေ ဒေါင်းပြီး  install  လုပ်ပါ။ Run ပြီး  Check  ဆိုတာကိုနှိပ်လိုက်လျင်  ကိုယ် အခု app  ကို run  နေတဲ့ ကွန်ပြူတာမှာ  Windows 11 တင်လို့ရမရပြပါတယ်။ 

ရလျင်  "  ဒီကွန်ပြူတာမှာ  Windows 11 တင်လို့ရပါတယ်။ လိုအပ်ချက်တွေပြည့်စုံပါတယ်။ အခမဲ့ပါ။ တင်ဖို့အဆင်သင့်ဖြစ်လျင် အသိပေးပါမယ်" လို့ ပြပါတယ်။ 
အဲဒီကွန်ပြူတာတွေ အထက်ပါနည်းလမ်း ၃ နဲ့ ၄ ကနေ Windows 11 ရနိုင်ပါတယ်။ 




အဆင်မပြေလျင်တော့ ဘာလိုအပ်ချက်တွေရှိတယ်ဆိုတာပြပါတယ်။ 


ဒါဆို  PC Health Check app  က ဒီကွန်ပြူတာမှာ  Windows 11 တင်လို့မရပါလို့ပြောတာနဲ့ တသက်လုံးဝေးတော့မှာလား 

သူကလိုအပ်ချက်မပြည့်မီဘူးလို့ပြောတာနဲ့ တင်လို့မရတော့ဘူးလို့မဆိုလိုပါ။ မမှီလျင် တုံးခုလို့လှမ်းပါ 

၁. သူက ဘာကြောင့် တင်လို့မရဘူးဆိုတာပြပါတယ်။ အဲဒီအပိုင်းကို ပြောင်းပေးလို့ ၊ ပစ္စည်းလဲပေးလို့ရလျင်  Windows 11 compatible computer ဖြစ်လာနိုင်ပါတယ်။ ဥပမာ Boot system ကို Secure Boot ပြောင်းပေးတာ။  TPM 2.0 enable  ဖြစ်အောင် ပြောင်းပေးတာမျိုးလုပ်ဖို့ဆိုလျင်တော့ အဆင်ပြေမှာပါ။ ဒါပေမယ့် Processor  ဒိတ်အောက်နေလို့အသစ်လဲမယ်ဆိုလျင် အသစ်က ကိုယ့်လက်ရှိ Motherboard နဲ့ အဆင်ပြေမှပါ။ မဟုတ်လို့   နှစ်ခုလုံးလဲနေရလျင်ဟန်မကျတော့ပါ။ ရှိထားတဲ့ windows 10 လည်း inactive ဖြစ်သွားနိုင်ပါတယ်။ အဲလိုအခြေအနေဆိုလျင်တော့ အသစ်တလုံးဝယ်တာကမှ ပိုအဆင်ပြေပါလိမ့်မယ်။ 

၂။ ဒီတော့ကွန်ပြူတာကို မပြောင်းဘဲ  windows 11 ကိုရအောင်တင်မယ်။ ဆိုလည်းရပါတယ်။ Windows 10 Installation media ထဲမှာ Windows 11 image ထည့်ပြီး  Windows 10 တင်တယ်လို့ လှည့်စားပြီးတင်လိုက်၊ ပြီးသွားလို့တက်လာတော့ Windows 11 ဖြစ်သွားပါတယ်။  Hybrid Installation media လုပ်တယ်လို့သုံးပါတယ်။ 
ဒီလိုလုပ်နည်းကိုပို့စ်ရေးပေးထားပါတယ်။ ဒီလင့်မှာကြည့်ပါ။ 

၃။ မိုက်ရိုဆော့ဖ်ကလည်း သူ support  မလုပ်တဲ့  CPU သုံးနေပြီး TPM ဗားရှင်းနိမ့်လို့ အဆင်မပြေတဲ့ ကွန်ပြူတာတွေမှာ  Registry  ကိုပြင်ပြီး တင်လို့ရတယ်လို့နည်းပေးထားပါတယ်။ လင့်က ဒီမှာပါ။ 
မြန်မာလိုပြန်ရေးပြထားတာ ဒီမှာပါ https://share-knwge.blogspot.com/2021/10/unsupported-cpu-tpm-windows-11-upgrade.html

၄. လိုအပ်ချက်တွေများလို့ အဲဒီလိုအပ်ချက်တွေကိုမစစ်ဘဲတင်လို့ရအောင် registry  ပြင်ပြီး  
CPU, TPM, RAM, SecureBoot  စတာတွေကို မစစ်တော့ဘဲ bypass  လုပ်တင်နည်းကဒီမှာပါ 


သူ့ဟာသူ update  ပေးမှာပဲ၊ ဒီလိုစစ်ဖို့လို့လို့လား ? 

တကယ် Windows 11 သုံးချင်လျင်တော့ စစ်သင့်ပါတယ်။ 
  • မိမိကွန်ပြူတာက Compatible ဖြစ်တယ်ဆိုလျင်  Update  ကိုစိတ်ချလက်ချ စောင့်လို့ရသလို မစောင့်ဘဲ  Windows 11 installation Media ကိုဆွဲချပြီး စောစောတင်လို့လည်းရပါတယ်။ 
  • မိမိကွန်ပြူတာက Compatible မဖြစ်လို့  Update  ကနေ  Windows 11 မရနိုင်ဘူးလို့သိလျင်လည်း တခြားနည်းနဲ့  Windows 11  တင်ဖို့ကျိုးစားနိုင်ပါတယ်။ 
  • အများအားဖြင့် သက်တမ်းလေးနှစ်အောက်ကွန်ပြူတာတွေ Windows 11 upgrade  ရနိုင်တယ်လို့ဆိုပေမယ့် တနှစ်တောင်မရှိသေးတဲ့ကွန်ပြူတာတွေတောင်  Processor   7th generation နဲ့ ရှေးပိုကျတာသုံးထားလို့ မပေးတာတွေအများကြီးပါ။ ကိုယ်က တနှစ်သားလေးပဲ ရမှာပါဆိုပြီး အပ်ဒီတ်ကို ထိုင်စောင့်နေရင်း တနှစ်သာကျော်တယ် ဘယ်ကမှပေါ်မလာဘူးဆိုပြီးစောင့်မောကြီးမဖြစ်ရအောင် စောစောစစ်၊ အပ်ဒိတ်ကမရနိုင်လျင်  Hybrid  နဲ့ဖြစ်ဖြစ်  Registry tweak နဲ့ဖြစ်ဖြစ် တင်လို့ရနိုင်အောင်ပါ။ 
  • အခုနောက်ပိုင်း Windows 10 updates တွေမှာ windows 11 တင်လို့မရနိုင်တဲ့ကွန်ပြုတာတွေကို မရနိုင်ကြောင်း ပြပါတယ်။ ဒါပေမယ့် ဘာတွေကြောင့်တင်လို့မရနိုင်တာလဲသိဖို့က  PC Health Check app နဲ့စစ်ရပါတယ်။  ဒီလိုစစ်တဲ့အခါ တချို့ကွန်ပြုတာတွေမှာလိုအပ်ချက်ကို ပြည့်မီအောင် အခက်အခဲမရှိဘဲပြင်ပေးလိုက်လို့လည်းရနိုင်ပါတယ်။ ဥပမာ  Secure Boot တို့  TPM တို့ကို ရအောင်လုပ်ရုံနဲ့  Windows 11 တင်လို့ရသွားနိုင်ပါတယ်။ တချို့ Motherboard တွေမှာ TPM ရနိုင်ပါလျက် ထည့်မထားတာမျိုးရှိပါတယ်။ 
Compatible ဖြစ်တဲ့ကွန်ပြူတာတွေမှာ Windows 11  ကိုဘယ်လိုတင်မယ် ဆိုတာ အဆင့်ဆင့်ကိုတော့ ဒီပိုစ့်မှာတင်ထားပါတယ်။ ။ 
Compatible မဖြစ်တဲ့ကွန်ပြူတာတွေမှာ Windows 11  ကိုတရားဝင် သုံးလို့ရအောင် ဘယ်လိုတင်မယ်။ ဆိုတာနောက်ပို့စ်တွေမှာ တင်ပေးထားပါတယ်။ အောက်မှာလင့်ပေးထားပါတယ်။ 

ဖိုးသုည 
၁၂-၁၀-၂၀၂၁



လင့်များ 
လက်ရှိပို့စ်

Windows 11

Windows 11 Specs and System Requirements 

PC Health Check App

Microsoft Windows 11 download page

Compatible ဖြစ်တဲ့ကွန်ပြူတာတွေမှာ Windows 11  ကိုဘယ်လိုတင်မယ်။ 


 Windows 11 နဲ့  compatible  မဖြစ်လို့  တင်လို့မရဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ  Windows 11 တရားဝင်သုံးလို့ရအောင်တင်နည်း အပိုင်း (၁) 
Hybrid Windows Installation Media  ပြုလုပ်ခြင်

Windows 11 နဲ့  compatible  မဖြစ်လို့  တင်လို့မရဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ  Windows 11 တရားဝင်သုံးလို့ရအောင်တင်နည်း။ အပိုင်း (၂)  
Hybrid Installer သုံးပြီး Upgrade  လုပ်ခြင်း 


Hybrid Installer သုံးပြီး  custom install  လုပ်ခြင်း 


unsupported CPU သုံးထားတဲ့ သို့မဟုတ်  TPM  ရှိပေမယ့်ဗားရှင်းနိမ်နေတဲ့ ကွန်ပြူတာတွေမှာ  Registry  ကိုပြင်ပြီး တင်နည်း


လိုအပ်ချက်တွေများလို့ အဲဒီလိုအပ်ချက်တွေကိုမစစ်ဘဲတင်လို့ရအောင် registry  ပြင်ပြီး  
CPU, TPM, RAM, Secure Boot  စတာတွေကို မစစ်တော့ဘဲ bypass  လုပ်တင်နည်းကဒီမှာပါ 








Sunday, October 10, 2021

Windows 11 နဲ့ compatible မဖြစ်ဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ Windows 11 တင်လို့ရအောင်တင်နည်း။ အပိုင်း (၁) Hybrid Installer လုပ်နည်း

 Windows 11 နဲ့  compatible  မဖြစ်ဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ  Windows 11 တင်လို့ရအောင်တင်နည်း အပိုင်း (၁) 

Hybrid Windows Installation Media  ပြုလုပ်ခြင်း 


Windows 11 နဲ့  compatible  မဖြစ်လို့  တင်လို့မရဘူးဆိုတဲ့ ကွန်ပြူတာအဟောင်းတွေမှာ compatible  ဖြစ်မဖြစ် စစ်ဆေးတဲ့အဆင့်ကို ကျော်ဖြတ်လိုက်လျင် တော့ Windows 11 ကိုတင်လို့ရပါတယ်။ 

လိုအပ်သည်များ (ဒေါင်းလုပ်လင့်များကိုအောက်မှာပေးထားပါတယ်)

၁. Windows 10 installation ISO (သို့) Installation Media USB
၂. Windows 11 installation ISO
၃. Rufus Bootable USB maker app ( ဒုတိယနည်းအတွက်) 
၄. USB flash  drive 8 GB 

လုပ်ဆောင်ပုံအကျဉ်း၊ 

၁. Windows 10 Download page ကနေ Windows 10 installation Media ကို  UBS flash drive တခါတည်းလုပ်လို့ရပါတယ်။ 
(သို့မဟုတ် ) Windows 10 installation ISO ဖိုင်ကို သိမ်းထားပြီးသားရှိလျင် Rufus app ကိုသုံးပြီး Windows 10 installation ISO နဲ့   USB pen drive ကို Bootable USB Windows Installation media USB drive ဖြစ်အောင်လုပ်ပါတယ် ။ 
၂. အဲဒီ USB drive ထဲက  Sources Folder ထဲမှာရှိတဲ့  install.esd ဆိုတဲ့ Windows 10 image ဖိုင်ကို  Delete လုပ်ပါတယ်၊။ 
၃. Windows 11 installation ISO ကို File Explorer  မှာဖွင့်ပါတယ်။ Virtual DVD drive တခုမှာ Mount လုပ်တယ်လို့ပြပြီး အဲဒီ DVD drive ထဲက  Sources Folder ထဲမှာရှိတဲ့ install.esd  ဆိုတဲ့ Windows 11 image ဖိုင်ကို copy  ကူးပြီး စောစောက ဖွင့်ထားတဲ့ အဲဒီ USB drive ထဲက  Sources Folder ထဲကိုကူးထည့်ပါတယ်။ 

ဒါဆို Windows 11 image ပါတဲ့ Windows 10 installation USB pen drive (Hybrid Windows installation media) ရပါပြီ။ 

၄. ပြီးလျင်တော့ အဲဒီ Hybrid Windows installation USB drive   ကိုသုံးပြီး  Windows  ကို Upgrade လုပ်လို့ဖြစ်စေ Custom install  လုပ်လို့ဖြစ်စေ Windows 11 ကိုဘယ်နည်းနဲ့ဖြစ်ဖြစ် တင်လို့ရပါပြီ။ 




လုပ်ဆောင်ပုံအဆင့်ဆင့်

၁. Hybrid Windows installation USB drive ပြုလုပ်ပုံအဆင့်ဆင့်။ 

Hybrid Windows installation USB drive ပြုလုပ်ဖို့ အထက်မှာဖေါ်ပြထားတဲ့ Windows image files, Rufus and USB pen drive တွေလိုပါတယ်။ 
အဲဒီလိုလုပ်ဖို့ Windows Operating system  သုံးတဲ့ ကွန်ပြူတာတလုံးနဲ့ အင်တာနက်ကွန်နက်ရှင်လည်းလိုပါတယ်။ 

ဒီနေရာမှာ နှစ်နည်းရှိပါတယ်။ 
ပထမနည်းက installation USB drive တန်းရလို့ ပိုလွယ်ပါတယ်။ 
ဒုတိယနည်းကတော့ Windows 10 installation ISO ဖိုင်ကို နောင်သုံးဖို့ သိမ်းထားလို့ရသလို၊ အရင်ကဒေါင်းထားပြီးသား Windows 10 installation ISO ဖိုင်ရှိလျင် ထပ်ဒေါင်းစရာမလိုဘဲလုပ်လို့ရပါတယ်။ 

(၁.က) Windows 10 နဲ့ 11 installation media ISO ဖိုင် နဲ့ Rufus app များရယူခြင်း။

Windows 10 နဲ့ 11 installation media ISO ဖိုင်တွေကို မလိုလားအပ်တဲ့ virus တို့ trojan တို့မပါအောင်  Microsoft website မှ တိုက်ရိုက် ဒေါင်းလုပ်လုပ်လို့ရပါတယ်။
Windows 10 အတွက် နောက်ဆုံးဗားရှင်းကိုယူဖို့ MediaCreationTool  ဆိုတဲ့ Program ကလေးတွေကို ဆိုင်ရာ Windows Download page  ကနေ ဆွဲချလို့ရပါတယ်။ 
တိုက်ရိုက်ဒေါင်းလုပ်လုပ်ဖို့လင့်က ဒီမှာပါ။ 
Windows 11 အတွက် ကတော့ Download Windows 11 (microsoft.com) ပါ။ 
တိုက်ရိုက်လင့်က ဒီမှာပါ။

ရလာတဲ့ MediaCreationTool  တွေကို  run  လိုက်တဲ့အခါ ဆိုင်ရာ Windows 10 နဲ့ 11 installation media  ဖိုင်တွေကို  Download  လုပ်ပေးပါတယ်။ 
အဲဒီထဲမှာ လိုင်စင်စည်းကမ်းတွေကို လက်ခံပြီးလျင်  "What do you want to do? " လို့မေးတဲ့အခါ "Create installation media" လို့ရွေးပေးပါမယ်။ 




ပြီးလျင် သူက ကိုယ့်ကွန်ပြူတာမှာ လောလောဆယ်တင်ထားတဲ့ ဝင်းဒိုးနဲ့သင့်လျှော်တဲ့  installation media ကိုရွေးပြပါတယ်။ 



ကိုယ်က ဘာသာစကားပြောင်းချင်ပြောင်းလို့ရပါတယ်။ 


နည်းလမ်းနှစ်ခုလုံးမှာ ဒီအဆင့်ထိတူပါတယ်။ 

၁. က.၁. ပထမနည်း (အဆင့်နည်းပြီး ပိုရှင်းပါတယ်)

Windows installation USB drive တန်းလုပ်မယ်ဆိုလျင် သုံးမည့်  USB flash drive ထဲကဒေတာတွေကိုသိမ်းပြီး ကွန်ပြူတာမှာတပ်ပါ။ 
" Choose which media to use" ဆိုတဲ့နေရာမှာတော့ "USB Flash drive " လို့ရွေးပေးပါ။ 


ပြီးတဲ့အခါ တပ်ထားတဲ့ USB flash drive ကိုပြပါမယ်။ မှန် မမှန် စစ်ပြီး  Next  ကိုနှိပ်ပါ။ 





Windows 10 installation Media ကို  UBS flash drive ထဲထည့်ပြီး UBS flash drive ကို လည်း  bootable USB installer  ဖြစ်အောင်လုပ်ပေးပါတယ်။ 

အခုဆိုလျင် bootable Windows 10 installation  UBS flash drive ရပါပြီ။ 
ပြီးလျင် ၁.က.၂ ထဲကနည်း အတိုင်း Windows 11 Installation Media ISO file  ကိုဒေါင်းလုပ်လုပ်ပါ။ ပြီးလျင် အဆင့် ၁. ခ အဆင့်ကိုကျော်ပြီး ၁.ဂ ကိုတန်းသွားပါ။ 

၁.က. ၂ . ဒုတိယနည်း 

Windows 10 installation Media ISO file ကို အရင်ဒေါင်းပြီး မှ bootable USB installer  ဖြစ်အောင် ပြန်လုပ်တာပါ။ အဆင့်ပိုပါတယ်။ Windows 10 installation Media ISO file ကိုလည်းအသုံးရှိသူတွေအတွက်တော့ အသုံးတည့်ပါတယ်။ 
" Choose which media to use" ဆိုတဲ့နေရာမှာတော့ "ISO file" လို့ရွေးပေးပါ။ 


ပြီးလျင်တော့ သူက ဖိုင်ကိုဘယ်မှာသိမ်းမယ် ၊ ဘယ်နာမည်ပေးမယ်ဆိုတာကိုရွေးခိုင်းပါတယ်။ 
ကိုယ်ကမရွေးလျင် သူက "Windows.iso" ဆိုတဲ့ဖိုင်အနေနဲ့သိမ်းပေးပါတယ်။ 




Windows  11 installation media ISO ဖိုင်ကိုလည်းဒီလိုနည်းအတိုင်း ဒေါင်းလုပ်ရယူပါ။ 

ISO file  နာမည်ကလေးတွေကို Windows 10 နဲ့  11 ကွဲပြားအောင်၊ ဘာသာစကားကိုလည်း UK  နဲ့ US English ကွဲအောင် နာမည် ခွဲပေးထားပါတယ်။ 



Rufus Bootable USB maker app  ကိုတော့သူ့ရဲ့ မူရင်းဝဘ်ဆိုဒ်ကနေ ဒေါင်းလုပ်ရယူပါ။ 
တိုက်ရိုက်ဒေါင်းလုပ်လင့်က ဒီမှာပါ။ 

(၁. ခ) Windows 10 Installation Media USB drive ပြုလုပ်ခြင်း။ 

ဒီလိုလုပ်ဖို့ 8 GB အနည်းဆုံးရှိတဲ့  USB pen drive  ကိုကွန်ပြူတာမှာတပ်ပါမယ်။ သူ့ထဲက ဖိုင်တွေအကုန် backup လုပ်ထားပါ။ သူ့ကို အကုန် ရှင်းပစ်မှာပါ။  မှားပြီးဖျက်ပစ်တာမျိုးမဖြစ်ရလေအောင် တပ်ထားတဲ့ တခြား  pen drive နဲ့  external Hard disk တွေကိုအကုန်ဖြုတ်ထားပါ။ 
သေချာအောင် အဲဒီ USB pen drive ရဲ့ drive letter  ကိုမှတ်ထားပါ။ 
Rufus app ကို run ပါမယ်။ 


ပေါ်လာတဲ့ Rufus ဝင်းဒိုးထဲက Device  ရဲ့အောက် မှာ  ကိုယ်သုံးမည့်  USB pen drive ကိုရွေးပေးပါ။ 
  • Boot selection မှာတော့ကိုယ်က အခွံအနေနဲ့သုံးမည့် Windows 10 installation ISO  ကိုရွေးဖို့ ယာဘက်က "SELECT" ဆိုတာကိုနှိပ်ပြီး ကိုယ်သိမ်းထားတဲ့ ဖိုင်ကိုသွားရွေးပေးပါ။ 
  • image option ကတော့ Standard Windows installation ပါပဲ။
  • Partition scheme ရွေးတာက ကတော့ အရေးကြီးပါတယ်။  ကိုယ့်ကွန်ပြူတာရဲ့ BIOS system က ဘယ်  Booting စနစ်သုံးလဲဆိုတာပေါ်တည်ပြီးရွေးရတာဖြစ်ဖို့ အဲဒါကိုသိဖို့ search box ထဲမှာ msinfo  လို့ရိုက်ပါ။  system information  ပေါ်လာပါမယ်။ အဲဒီထဲမှာ BIOS Mode ကိုရှာပါ။ 
    • Legacy လို့ပြလျင် MBR Partition ကိုရွေးပါ။ 
    • UEFI ဆိုလျင် GPT Partition ကိုရွေးပါ။ 

  • Volume label  ဆိုတာကတော့ ကိုယ်လုပ်ပြီးသွားတဲ့ Pen drive ကို ပေးမည့်နာမည်ပါ။ ကိုယ်ကဘာမှမရွေးလျင် သူက  ESD-ISO လို့နာမည်ပေးပါတယ်။ ကျနော်ကတော့  Hybrid_Windows_10_11 လို့နာမည်ပေးလိုက်ပါတယ်။ 
  • အားလုံးအဆင်သင့်ဖြစ်လျင် START ကိုနှိပ်လို့ရပါပြီ။ 
  • သူက  USB drive ထဲကဖိုင်တွေမဖျက်ခင် လုပ်မလုပ်မေးပါမယ်။ 


  • လုပ်ငန်းလုပ်နေစဉ် Status ကိုပြပါတယ်။ 





  • အားလုံးပြီးသွားလျင် အဲဒီ Status က READY  ဖြစ်သွားပါတယ်။ 
  • ဒါဆိုလျင်တော့ Windows 10 Installation Media ပါတဲ့ USB drive တခုရပါပြီ။ 
  • Rufus  ကို Close  ဆိုပြီးပိတ်လို့ရပါပြီ။ 

(၁. ဂ) ပြုလုပ်ပြီးသော  Windows 10 Installation Media USB drive ထဲမှ Windows 10 image file ကို  Windows 11 image file ဖြင့်အစားထိုးခြင်း ။ (သို့)  Installation Media  ကို မျိုးစပ်  Hybrid  ပြုလုပ်ခြင်း 

  1. ပြုလုပ်ပြီးသော  Windows 10 Installation Media USB drive ကို File Explorer ထဲမှာဖွင့်ပြီး Sources Folder ထဲမှာ install.esd  ဆိုတဲ့ဖိုင်ကိုရှာပါ။ တချို့ ISO တွေမှာ  install.wim  ဆိုပြီးပါတတ်ပါတယ်။ အဲဒီဖိုင်က Windows 10 OS image ဖိုင်ပါ။ အဲဒီဖိုင်ကို  Delete ပါမယ်။ 




  1. ဒေါင်းလုပ်လုပ်ထားတဲ့ Windows 11 installation medial ISO file double click လုပ်ပြီးဖြစ်စေ right click နှိပ်ပြီး Mount လို့ရွေးလို့ဖြစ်စေ  Virtual DVD drive ထဲမှာ အဲဒီ ISO ဖွင့်ပြီး Sources Folder ထဲမှာ install.esd  ဆိုတဲ့ဖိုင်ကိုရှာပါ။




  1. ရလာတဲ့   install.esd  ဆိုတဲ့  Windows 11 OS image ဖိုင်ကို ကော်ပီကူးပြီး နံပတ် ၁ မှာ  delete လုပ်လိုက်တဲ့ ဖိုင်နေရာ၊  USB drive ထဲက  Sources folder ထဲမှာ paste လုပ်ပါ။ 


  1. ဒါဆို USB drive က Windows 10 Installation Media ဖြစ်နေပြီး အထဲမှာတော့ Windows 11 OS image ဖိုင် ပါနေတဲ့   Hybrid  Installation Media  ဖြစ်သွားပါပြီ။ 


အဲဒီ Hybrid  Installation Media ကို သုံးပြီး Windows  ကို Install/ upgrade  လုပ်တဲ့ အခါ Windows 10 Installation  အနေနဲ့ အလုပ်လုပ်လို့ Windows 11 နဲ့  compatible  ဖြစ်မဖြစ်မစစ်ဆေးတော့ဘဲ Install လုပ်တော့မှာဖြစ်ပြီး OS image ကိုထည့်လိုက်တဲ့အခါမှာတော့ Windows 11 ကိုတင်ပြီးသွားဖြစ်သွားပါမယ်။ 

သတိ။  
Windows 10 install Image file ကို  Windows 11 install Image file နဲ့ အစားထိုးတဲ့အခါ install.esd  ကို install.esd  နဲ့ပဲ အစားလို့ရပါမယ်။ တခုက install.wim  တခုက install.esd   ဖြစ်နေလို့မရပါ။ Windows 10 install Image file အတိုင်းဖြစ်အောင် Windows 11 install Image file ကိုပြောင်းပေးဖို့လိုပါလိမ့်မယ်။ 

Hybrid  Installation Media လုပ်ဖို့  Windows 10 နဲ့ 11 Installation Media တွေကိုဒေါင်းလုပ်လုပ်ရတာ တခုကို 4 Gigabyte  ကျော်စီရှိလို့ နှစ်ခုပေါင်း 9 GB ကျော်ပါမယ်။ အင်တာနက်ဒေတာစားပါတယ်။

ဒေတာလည်းသက်သာချင်တယ်၊ အလုပ်ရှုပ်လည်းသက်သာချင်တယ်၊ ဒါမှမဟုတ် Hybrid  Installation Media မလုပ်တတ်ဘူးဆိုလျင်တော့ အဆင်သင့်လုပ်ပြီး သား Hybrid  Installation Media ကိုတင်ထားပေးပါတယ်။ အဲဒါကလေးကို ဒီလင့်မှာ    US English (en.us) နဲ့  UK English ( en.gb)   ဆိုပြီး နှစ် မျိုးလုံးတင်ထားပါတယ်။  ဒေါင်းလုပ်လုပ်ပြီး  upgrade  သို့မဟုတ် custom install လုပ်ကာ Windows 11  တင်လို့ရပါတယ်။ 
ကျနော်ကိုယ်တိုင်လုပ်ထားတာဖြစ်လို့ တခြားဘာ ဗိုင်းရပ်စ်တွေ ထရိုဂျင်တွေမပါကြောင်းစိတ်ချနိုင်ပါတယ်။ 

နောက် လုပ်ရမှာကတော့ 


၂. Hybrid Windows installation USB drive သုံးပြီး 64 bit Windows 10  တင်ထားတဲ့ကွန်ပြူတာအဟောင်းမှာ  Windows 10 မှ Windows 11 သို့ upgrade လုပ်ခြင်း။


သို့မဟုတ် 

၃. Hybrid Windows installation USB drive သုံးပြီး Windows 10  တင်ပြီး  activated လုပ်ဖူးထားတဲ့ကွန်ပြူတာအဟောင်းမှာ  Windows 11 ကို  Boot from USB  ကနေ Custom install  လုပ်ခြင်း ။ https://youtu.be/uU0z3je0bJs 


တို့ပါ။ 
အဲဒါတွေကိုအပိုင်း ၂ နဲ့ ၃ ဆိုပြီးခွဲတင်ပေးပါမယ်။ 

ဖိုးသုည
10-10-2021


ဒေါင်းလုပ်လင့်များ 
လက်ရှိပို့စ်

Windows 10 installation Media

Windows 11 installation Media

Rufus Bootable USB maker 

Hybrid Windows 10-11 Installation media ( English US) 




Sunday, July 11, 2021

ဖုန်းတွေ ခိုးနားထောင်ခြင်းရှိမရှိ *#62#နဲ့ စစ်။ *#21#နဲ့ ပိတ်လိုက်ပါ

ဖုန်းတွေ ခိုးနားထောင်ခြင်းရှိမရှိ *#62#နဲ့ စစ်၊  *#21#နဲ့ ပိတ်လိုက်ပါ ဆိုတာလုံးဝအမှားပါ၊ 

ဖေ့ဘုတ်မှာပျံ့နေတဲ့သတင်း 

ဖုန်းတွေ ခိုးနားထောင်ခြင်းရှိမရှိ *#62#နဲ့ 

စစ်လို့ အခြားနံပါတ်ပေါ်နေရင် ကိုယ့်ဖုန်း

ကို၊ခွင့်ပြုချက်မရဘဲ နားထောင်နေတာပါ။

အဲလိုဖြစ်နေရင် *#21#နဲ့ ပိတ်လိုက်ပါ။အခုပဲ 

စမ်းသပ်ပီး ပိတ်ထားရပါပီ။Ooredoo,Telenor 

Mytel ,mpt အားလုံးအတူတူပါ။

ဖုန်းခိုးနားထောင်ခြင်းမှ ကင်းဝေးကြပါစေ။

Via - Date Date Kyal



သုံးသပ်ချက် 

မှားပါတယ်။ အဲဒီကုဒ်  *#62# နဲ့  *#21# နှစ်ခုလုံးက  Call Forwarding service  ဆိုတဲ့ မိမိထံဝင်လာတဲ့ဖုန်းကို နောက်နံပတ်တခုဆီအလိုလျှောက်လွဲပေးတဲ့ ဆားဗစ် အခြေအနေကို စစ်ဆေးကြည့်တဲ့ကုဒ်ပါ။ 

မိမိဖုန်းကိုသူတပါးက ဖြတ်နားထောင်ခြင်းရှိမရှိ စစ်ကြည့်ဖို့ကုဒ်မဟုတ်ပါ။ 


ရှင်းပြချက် 

ဒီလိုမျိုးသတင်း  တချိန်ကအမေရိကားမှာလည်း ပျံ့ခဲ့ဖူးပါတယ်။ 

 *#62# နဲ့  *#21# နှစ်ခုလုံးက  Call Forwarding service  ဆိုတဲ့ မိမိထံဝင်လာတဲ့ဖုန်းကို နောက်နံပတ်တခုဆီအလိုလျှောက်လွဲပေးတဲ့ ဆားဗစ် အခြေအနေကို စစ်ဆေးကြည့်တဲ့ကုဒ်ပါ။ 

ဖုန်းခိုးနားထောင်တာနဲ့မပတ်သက်သလို *#21#  ကုဒ်နဲ့ပြန်ပိတ်တယ်ဆိုတာလည်းမဟုတ်ပါ။ 

*#62# က ကိုယ့်ဖုန်းကိုဆက်သွယ်လို့မရလျင် ဝင်လာတဲ့ကောတွေကို တခြားဖုန်းနံပတ်တခုကိုလွှဲပေးဖို့ စီစဉ်ထားတာရှိမရှိကြည့်တာပါ၊ ကိုယ်က အဲလိုလုပ်ထားလျင် ကိုယ်လွှဲခိုင်းထားတဲ့နံပတ်ကိုပြမှာပါ။

အဲဒီ ဝန်ဆောင်မှုကိုပိတ်ချင်လျင် ကုဒ်က #62# ပါ။ 

*#21#  က ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ဖုန်းကိုဝင်လာတဲ့ကောတွေကို တခြားဖုန်းနံပတ်တခုကိုလွှဲပေးဖို့ စီစဉ်ထားတာရှိမရှိကြည့်တာပါ၊ ရေးထားသလို ခိုးနားထောင်တာကိုပိတ်လိုက်ဖို့မဟုတ်ပါ။ 

အဲဒီ ဝန်ဆောင်မှုကိုပိတ်ချင်လျင် ကုဒ်က #21# ပါ။ 





Call Forwarding service ဆိုတာဘာလဲ။ 

Call Forwarding service ဆိုတာ ဝင်လာတဲ့ ဖုန်းကောတွေကို နောက်နံပတ်တခုကို လွှဲပေးတဲ့ ဝန်ဆောင်မှုပါ။ 

ကိုယ်သုံးတဲ့ လိုင်းနဲ့ပက်ကေ့ချ်ပေါ်တည်လို့ တချို့ဖုန်းတွေမှာ Call Forwarding service သုံးလို့ရပါတယ်။ ဝင်လာတဲ့ ဖုန်းကောတွေကို နောက်နံပတ်တခုကို လွှဲပေးတဲ့ ဝန်ဆောင်မှုပါ။ 

တချို့ဖုန်းလိုင်းတွေမှာတော့ မပါပါဘူး၊ 

အခုနောက်ပိုင်း လိုသလောက် ဘေလ်ထည့်သုံးတဲ့  prepaid service  တွေမှာ တခါတည်းမပါတတ်ပါ။

 သုံးသလောက် လစဉ်ဘေလ်ဆောင်တဲ့  postpaid  package  တွေ တချို့မှာ တခါတည်းပါလာတာရှိတတ်ပါတယ်။   value added service  ဆိုပြီးအပိုဆောင်း ဝန်ဆောင်မှုအနေနဲ့ သူတို့ဆီမှာလျှောက်ပြီးမှ သုံးလို့ရတာမျိုးလည်းရှိပါတယ်။ 

အများစုက ဒီဝန်ဆောင်မှုအတွက် ဝန်ဆောင်ခဖြတ်ယူပါတယ်။ 

အဲဒီ ဝန်ဆောင်မှုပါလာလျင် ကိုယ်က (၁) ဘယ်လိုအခြေအနေမှာ (၂) ဘာကို (၃) ဘယ်နံပတ်ကိုလွှဲပေးရမယ်ဆိုတာရွေးပေးရပါတယ်။ 

(၁) ဘယ်အခြေအနေတွေမှာလဲ 

ဥပမာ 

ဖုန်းမအားတဲ့အချိန်၊ 

ဘယ်နှစ်ခါမြည်ပြီးဖုန်းကိုပြန်မဖြေလျင်၊ 

ဖုန်းပိတ်ထား၍ဖြစ်စေ၊ လိုင်းမမိ၍ဖြစ်စေ ဆက်သွယ်လို့မရလျင်၊


(၂)  ဘာကိုလွှဲမှာလဲ 

ဥပမာ။ ဖုန်းခေါ်ဆိုတဲ့ အဝင်ကော voice call ကိုဘဲ လွှဲမှာလား၊ မက်ဆေ့ရော ဖုန်းကောပါ ဘာဝင်လာလာလွှဲမှာလား။   


(3) ဘယ်နံပတ်ကိုလွှဲမှာလဲ

ဒါကိုလည်းကိုယ်ကရွေးပေးထားရပါတယ်။ 

ဥပမာ (၁) ဖုန်းပိတ်ထားလျင် အဝင်ကောသာမက မက်ဆေ့တွေပါ ဘာလာလာ နောက်နံပတ်တခုကိုဝင်ပါလို့လွှဲထားတယ်။ 

 (၂) ဖုန်းမအားလျင်၊ပြန်မဖြေလျင် အိမ်ဖုန်းကိုလွှဲပါလို့ ဆက်တင်လုပ်ထားတယ်၊ စတာမျိုးပါ။ 

 အဲဒီတော့ ကိုယ့်ဖုန်းမအားလျင်၊ တဘက်မှာ လိုင်းမအားဘူးလို့မပြောတော့ဘဲ ကိုယ်လွှဲထားတဲ့ နောက်ဖုန်းဆီ အလိုလိုဝင်သွားပြီးမြည်မယ်။ 

ကိုယ်က အစည်းအဝေးတက်နေလို့ ကိုယ့်ဖုန်းပိတ်ထားလျင် တဘက်ကခေါ်တာ၊ မက်ဆေ့ပို့တာတွေ လွတ်သွားမှာ မပူရတော့ ဘဲ ကိုယ်ပေးထားတဲ့ နောက်နံပတ်တခုကို ခေါ်မယ်၊ မက်ဆေ့ပို့မယ်။ အဲဒီဖုန်းကိုင်ထားသူက ကိုယ့်ကို ပြန်အကြောင်းကြားနိုင်မယ်။ ဒီလိုမျိုးပါ

ဒါဖြင့် Call Forwarding service  လုပ်ထားလျင် အဲဒီသူက ကိုယ့်ဖုန်းကိုခိုးနားထောင်လို့ရသွားမှလား၊ 

ဒီလိုတော့လည်းပြောလို့မရပါ။ 

ဘာကြောင့်လည်းဆိုတော့ Call Forwarding  လုပ်ထားလျင် ကိုယ့်ဖုန်းကနေပြန်ဖြေလို့ကိုမရတော့ဘဲ ကိုယ်  register  လုပ်ထားတဲ့ လက်ခံဖုန်းကနေပဲဖြေရတော့မှာဖြစ်လို့ပါ။ ဒီတော့ကိုယ့်မှာအဲဒီဖုန်းရှိမနေလျင်ကိုယ်ကပြန်မဖြေတော့ပါဘူး။ အဲဒီဖုန်းရှိသူက ခိုးနားထောင်လို့မရတော့ပေမယ့် ဖုန်းကိုကိုယ့်ကိုယ်စား လက်ခံဖြေလို့တော့ရပါတယ်။ 

ဘာပြသနာရှိနိုင်လဲ။

Call Forwarding service ဆိုတာ သုံးစွဲသူက ရွေးပေးရတဲ့ဝန်ဆောင်မှုဖြစ်ပြီးကိုယ်ပေးတဲ့နံပတ်ကိုပဲလွှဲပေးတာဖြစ်လို့ ကိုယ့်ရဲ့ထိန်းချုပ်မှုအောင်မှာအပြည့်ရှိပါတယ်။ 

သို့သော်၊ 
စစ်အစိုးရလိုအာဏာရှင်တွေက ဖုန်းအော်ပရေတာတွေကိုအကြပ်ကိုင်ပြီး ကိုယ်မသိဘဲ ကိုယ့်ဖုန်းကို သူတို့နံပတ်တခုကို လွှဲပေးဖို့ပြောင်းခဲ့သည်ရှိသော်၊ ကိုယ့်ကို ဆက်သွယ်လာသူတွေ ခေါ်သမျှ သူတို့ဆီတန်းရောက်သွားမယ်၊ ပို့တဲ့မက်ဆေ့တွေ သူတို့ဖုန်းထဲဝင်သွားမယ်ဆို တဲ့အန္တရာယ်တော့ရှိပါတယ်။ 
အဲဒီအခါ သူတို့က ကိုယ့်ဟန်ဆောင်ဖုန်းဖြေပြီး သတင်းနှိုက်တာတွေဘာတွေလုပ်ကောင်းလုပ်နိုင်ပါတယ်။ 
ဒီလို forward လုပ်တဲ့နံပတ်က ကိုယ်ရွေးထားတာမဟုတ်လျင်တော့ ပိတ်လိုက်ပါ။ 

*#62# မှာတွေ့တဲ့ ဝန်ဆောင်မှုကိုပိတ်ချင်လျင် ကုဒ်က #62# ပါ။ 

*#21# မှာတွေ့တဲ့ဝန်ဆောင်မှုကိုပိတ်ချင်လျင် ကုဒ်က #21# ပါ။ 

 


အချုပ်ဆိုရလျင် 

  • ဖုန်းတွေ ခိုးနားထောင်ခြင်းရှိမရှိ *#62#နဲ့ စစ်၊  *#21#နဲ့ ပိတ်လိုက်ပါ ဆိုတာလုံးဝအမှားပါ၊ 
  • *#62#နဲ့ စစ်၊  *#21# နှစ်ခုလုံးက Call Forwarding service ဝန်ဆောင်မှု ရယူထားခြင်းရှိမရှိနဲ့ ဘယ်နံပတ်ကိုလွှဲခိုင်းထားတယ်ဆိုတာကိုသိဖို့ကြည့်တာပါ။ 
  • အကယ်၍ ကိုယ်မသိတဲ့နံပတ်တခုခုကို  Call Forward လုပ်ထားတာတွေ့ပါက  ပြန်ပိတ်လို့ရပါတယ်။ 



အခြေခံအားဖြင့်တော့ ကိုယ်က တကယ့်တက်ကြွလှုပ်ရှားသူ နာမည်ကြီးမဟုတ်လျင် သူတို့စိတ်မဝင်စားပါ။ လူ ၁၀သန်းလောက်ရဲ့ဖုန်းတွေကို သူတို့ဖြတ်နားမထောင်နိုင်ပါ။  လူရွေးပြီးပဲလုပ်ပါတယ်။ 

ဖိုးသုည 
၁၂-၀၇-၂၀၂၁

Wednesday, June 16, 2021

အဆုံးသတ်အောင်ပွဲအတွက် တိုက်ပွဲခေါ်တဲ့ဒီဒေး ဘယ်တော့လဲ

 အဆုံးသတ်အောင်ပွဲအတွက် တိုက်ပွဲခေါ်တဲ့ ဒီဒေး ဘယ်တော့လဲ

“အဘ၊ တောင်ပိုင်းမှာ ထိုးစစ်စနေပြီအဘ ဒီဒေးဆိုတာကြီး စပြီ၊ မြောက်ပိုင်းကတပ်ကူတွေ တောင်ပိုင်းကိုရွှေ့ခွင့်ပြုပါ။”

“ဟေ့ကောင်တွေ၊ အဲဒါဟန်ပြတိုက်တာကွ၊ တကယ့်ထိုးစစ်က မြောက်ပိုင်းကိုလာမှာ တပ်တွေကို မရွှေ့နဲ့။ “

“အဘ Führer  စခန်းတွေလည်း ကျကုန်ပြီ၊ ခံစစ်စည်းတွေလည်းကျိုးကုန်ပြီ၊ တပ်တွေဆုတ်ပြီးပြန်စုစည်းပြီးမှပြန်တိုက်ခွင့်”

“ဟေ့၊ ဒါတကယ့်ထိုးစစ်ကြီးမဟုတ်ဘူး၊ ထိုးစစ်ကြီးကမြောက်ပိုင်းကလာမှာ၊  ရှိတဲ့တပ်တွေမဆုတ်ရဘူး၊ ခံချ။ငါက ကာချုပ် (commander in chief)  ငါပြောသလိုလုပ်  “

“ထိုးစစ်စတာလည်း၂ လကျော်ပြီ၊ စခန်းတွေလည်းကျ၊ ရန်သူလည်းခြေကုတ်စခန်းတွေရကုန်ပြီ၊ သူကတော့  ဒီဒေးအစစ်က မြောက်ပိုင်းကိုတိုက်မှာ အခုထိမလာသေးဘူးလို့ပြောနေတုန်းပဲ။ ဒီ ငါသိ ငါတတ် အာဏာရူးကာချုပ်နဲ့ ဗိုလ်ချုပ်ကြီးတွေလုပ်နေတာနဲ့ ငါတို့စစ်တပ်တော့ ပြုတ်ပြုတ်ပြုန်းတော့မှာပဲ။”

ထိုးစစ်အစမှာ ရန်သူကို  လှည့်ဖြား အငိုက်ဖမ်းပြီး လက်ဦးမှုရယူတိုက်ခိုက်နိုင်ခြင်းက အဆုံးသတ်တိုက်ပွဲကြီး အောင်နိုင်ရေးရဲ့  အလွန်အရေးပါတဲ့ ဗျူဟာပဲဖြစ်ပါတယ်။ 

စနစ်တကျပြင်ဆင်ခြင်း

သတင်းလုံခြုံမှု၊ လျှို့ဝှက်ထားနိုင်မှု၊

မထင်မှတ်တဲ့နေရာကို မထင်မှတ်တဲ့အချိန်ဝင်တိုက် အငိုက်ဖမ်းနိုင်ခြင်း၊

တခြားတနေရာကို ပင်မထိုးစစ်ဆင်မည်ဟု ဟန်ပြ၍ ရန်သူကို လှည့်ဖြားနိုင်ခြင်း၊

တပ်ဖွဲ့ပေါင်းစုံရဲ့ စနစ်တကျ အချိတ်ဆက်မိမိ လုပ်ဆောင်နိုင်ခြင်း၊

စတာတွေက

ဒီဒေးအစပြုတဲ့ ဆုံးသတ်တိုက်ပွဲကြီးရဲ့အောင်ပွဲအတွက် မရှိမဖြစ်အရေးပါတဲ့အချက်တွေပါ။

***************

 ၁၉၄၄ ခုဇွန်လ ၆ ရက်မှာ ဒီဒေးဆိုပြီး စခဲ့တဲ့ ဥရောပလွတ်မြောက်ရေးတိုက်ပွဲ Operation 'Overlord'

အကြောင်းတစိတ်တဒေသပါ။

 

အဲဒီတိုက်ပွဲက တကယ့်စစ်ဆင်ရေးသတင်းတွေကိုလျှို့ဝှက်ထားနိုင်ခဲ့လို့ ရန်သူကကြိုမသိရုံမက ဂျာမန်တွေမျှော်လင့်မထားတဲ့နေရာကို မျှော်လင့်မထားတဲ့အချိန်နဲ့ရာသီဥတုခပ်ဆိုးဆိုးအခြေနေမှာ  စတိုက်တာပါ။

ဒီလိုတိုက်မယ်လို့မျှောင်လင့်မထားအောင် ဂျာမန်စစ်ခေါင်းဆောင်ပိုင်းကို လှည့်စားခဲ့တဲ့

Operation Bodyguard က ဒီဒေးကမ်းတက်စစ်ဆင်ရေးအောင်မြင်မှုအတွက် အလွန်အရေးပါခဲ့ပါတယ်။

အဲဒီအော်ပရေးရှင်းမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း Operation Fortitude ဆိုပြီးထပ်ခွဲထားကာ တောင်ပိုင်းအဖွဲ့က ပြင်သစ်မြောက်ပိုင်း Pas de Calais ကိုဝင်တိုက်မယ့်ပုံ ပြင်ထားပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန်အကြားအကျဉ်းဆုံးရေလက်ကြားနေရာဖြစ်ရုံမက နာမည်ကြီး အမေရိကန်ဗိုလ်ချုပ်ဂျော့ပက်တန် ရဲ့ the First United States Army Group (FUSAG) အမှတ်(၁) တပ်မကြီးနဲ့ တဘက်ကမ်းက Doverဘက်မှာ အယောင်ပြထားလို့ ဂျာမန်ဘက်က Pas de Calais ဘက်မှာ အတော်ကိုအားဖြည့်ပြီးခံစစ်ပြင်ထားပါတယ်။

အင်္ဂလန်ဘက်အခြမ်းမှာ လုပ်ထားတဲ့ အယောင်ပြစစ်တပ်အတုတွေကို ဂျာမန် ကင်းထောက်လေယာဉ်တွေဓါတ်ပုံရိုက်လျင် တကယ်ထင်ရအောင်သာဆောက်ထားတဲ့  စစ်တန်းလျားအတုတွေ၊ အဆောက်အဦအတုတွေ၊ လေထိုးတင့်ကား၊ ကမ်းတက်ရေယာဉ်၊ လေယာဉ်၊ စစ်လက်ယန္တယားအတုတွေထားရှိပြီး တကယ့်တပ်ဖွဲ့ဝင် အနည်းငယ်က ပါဝင်လှုပ်ရှားကာ တပ်မကြီးတွေလှုပ်ရှားနေသယောင် ပုံဖေါ်ခဲ့တာပါ။ လေထိုးတင့်ကားအတွက်တင့်ကားဘီးရာတွေကိုဒလိမ့်တုံးတွေနဲ့ ဆွဲတာလို အသေးစိပ်ကအစ၊ မရှိတဲ့စစ်တပ်တွေရဲ့ ဘောလုံး ပြိုင်ပွဲသတင်းကို အရပ်ဘက်ရေဒီယိုကလွှင့်တာတို့ သာမက မကယ်မရှိတဲ့ ဟန်ဆောင် စစ်ဘက်တွေရေဒီယို အပြန်လှန်ဆက်သွယ်မှုတွေကိုပါ သဘာဝကျကျလုပ်ပါတယ်၊။ တခါ နှစ်ဘက်သူလျှိုတွေကနေပြီး စစ်ဆင်ရေးကြီးကို အဲဒီဘက်မှာစမယ်ဆိုတဲ့သတင်းတချို့ကို တမင်လွှတ်ပေးပါတယ်။ သဘာဝကျကျဖန်တီးထားလို့ဂျာမန်စစ်ထောက်လှမ်းရေးက တကယ့် စစ်အင်အားတွေ Pas de Calais  ကိုလာမယ် နော်ဝေကိုလည်းလာတိုက်မယ် လို့ ယူဆသွားပြီး တောင်ဘက်ပိုကျတဲ့ နော်မန်ဒီကမ်းခြေဘက်မှာခံစစ်အားနည်းသွားပါတယ်။

အဲဒီဟန်ဆောင်တပ်မတွေနဲ့ ဟန်ပြစစ်ဆင်ရေးတွေကို ဒီဒေးကမ်းတက်ပြီးတာတောင် ဆက်လုပ်ပါတယ်။ အရုပ်လေထီးတပ်တွေနဲ့ စစ်သားတချို့ကို မြောက်ပိုင်းမှာ ချပေးပြီး တကယ်လေထီးတပ်ဆင်းလာသလို သေနတ်သံ၊ ဗုံးသံ အမိန့်ပေးသံတွေကိုဆောင်းဘောက်တွေနဲ့ ချဖွင့်ပေးတာ၊ အလူမီနီယံပြားတွေလေယာဉ်ကနေကြဲချပြီး ဂျာမန်ရေဒါထဲမှာ တကယ်လာတာထက်ကြီးမားတဲ့ တပ်တွေလာပြီထင်အောင် လှည့်စားတာတွေလုပ်ကြပါတယ်။

အီဒင်ဘာရာအခြေစိုက် Operation Fortitude မြောက်ပိုင်းအဖွဲ့ကဂျာမန်သိမ်းထားတဲ့ နော်ဝေကို ပြန်တိုက်မယ့်ပုံဖေါ်ထားပါတယ်။ ဂျာမန်ကင်းထောက်လေယာဉ်တွေမရောက်နိုင်လို့ အရုပ်တွေ တပ်အတုတွေပြထားစရာမလိုတော့ ရေဒီယို ဆက်သွယ်ရေးအတုတွေလုပ်၊ နှစ်ဘက်ချွန်သူလျှိုတွေကတွေသတင်းဖြန့်တာမျိုးတွေလုပ်ပြီး  ၁၉၄၃ ကတည်းက တကယ်ရှိသယောင်ဖွဲ့စည်းထားတဲ့ ‘British 4th Army’  ဗြိတိသျှအမှတ် ၄ တပ်မကြီးနဲ့ အယောင်ပြထားပါတယ်။  သရုပ်တူအောင် ၁၉၄၄  နွေဦးမှာ နော်ဝေက သင်္ဘောကျင်း၊ ဓါတ်အားပေးစက်ရုံတို့လို စက်မှုဇုံ နဲ့ စစ်စခန်းတွေကို တိုက်ခိုက်ပြပြီး မြောက်ပင်လယ်ထဲမှာ ရေတပ် လှုပ်ရှားမှုတွေလုပ်ပြပါတယ်။ အဲဒါကြောင့် စကင်ဒီနေဗီးယန်းဒေသမှာရှိတဲ့ဂျာမန်တပ်တွေကို ပြင်သစ်ကိုပြန်ခေါ်ပြီးကမ်းတက်လာတဲ့မဟာမိတ်တွေကိုပြန်မောင်းမထုတ်ဖြစ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။

ဒီလိုလှည့်စားမှုတွေကြောင့် မဟာမိတ်တပ်တွေကမ်းတက်ပြီး အရေးပါတဲ့နေရာတွေခြေကုပ်ယူ၊ လမ်းတွေပွင့်ပြီး အရေးပေါ်လေယာဉ်ကွင်းတွေဖွင့်နိုင်တဲ့အထိ အဲဒီတပ်တွေကို တကယ့်ထိုးစစ်လို့ ဂျာမန်ထိပ်ပိုင်းက မထင်သေးဘဲ မြောက်ပိုင်းမှာတကယ်လာဖို့ တောင်ဘက်ကနေဟန်ပြတိုက်နေတယ်ထင်ကာ တပ်တွေကိုမရွှေ့ခဲ့ပါ။ တန်ဖိုးရှိတဲ့ အချိန် ၂ လ လောက်အကြာ ၁၉၄၄ ဩဂုတ်လလောက်အထိ ဂျာမန်တပ်တွေကို လှည့်စားနိုင်လိုက်လို့ ပြင်သစ်ကိုခြေချလာတဲ့ မဟာမိတ်တွေအတွက်  အသေအပျောက်အများကြီးသက်သာသွားသလို စစ်ဆင်ရေးတိုးတက်မှုလည်း အရှိန်အတော်ကောင်းကောင်းရသွားပါတယ်။

အယောင်ပြထားတဲ့ Pas de Calais ကိုတကယ်ထိုးစစ်ကြီးမလာတော့ဘူးလို့ဂျာမန်တွေသိသွားချိန်မှာ မဟာမိတ်တွေက လမ်းတံတားတွေလေယာဉ်ကွင်းတွေ အများကြီးကို အုပ်စီးထားပြီးသားဖြစ်နေသလို့ဂျာမန်ခံစစ်ကြောင်းကစစ်တပ်တွေလည်းတော်တော်ကြေသွားပါပြီ။

ဒီဒေးစစ်ဆင်ရေးအောင်မြင်ဖို့က Operation Bodyguard  ဆိုတဲ့လှည့်ဖြားမှုစီမံချက်ကြီးပေါ်အများကြီးတည်ခဲ့ပါတယ်။ လူပေါင်းထောင်သောင်းချီပြီး ပါဝင်လှုပ်ရှားရတဲ့ စစ်ဆင်ရေးကြီးတခုလုံးကို သတင်းမပေေါက်ကြားအောင် သတင်းလုံခြုံအောင် ထိမ်းသိမ်းနိုင်ဖို့ဆိုတာ အတော်မလွယ်တာပါ။ ပါဝင်သူတဦးချင်းရဲ့ တာဝန်သိမှုစောင့်စည်းမှုတွေက မရှိမဖြစ်ပါ။ ဂျာမန်တွေသာ ဒီဒေးစစ်ဆင်ရေးအစီအစဉ်ကို အချိန်မှီကြိုသိခဲ့လို့ကတော့ လူ့အသက် သိန်းနဲ့ချီပြီး ပိုသေကြရုံမက စစ်ကြီး ရဲ့ ရလာဒ်လည်းအပြောင်းအလွဲဖြစ်နိုင်ပါသေးတယ်။ 

အဲဒီလို စနစ်ကျကျ အချိတ်ဆက်မိမိ နဲ့ရန်သူကို လှည့်ဖြား အငိုက်ဖမ်း ပြီး အနိုင်ယူမယ့် စစ်ဆင်ရေးကြီးစရမယ့် ဒီဒေးကို ဘယ်တော့လဲ၊ ဘယ်ကစမလဲလို့ မေးသင့်ပါသလား ပြောသင့်ပါသလား။

ဖတ်ဖူးသမျှသမိုင်းအချက်လက်များကိုအကျဉ်းချုပ်တင်ပြထားလို့အမှားပါလျင်ခွင့်လွှတ်ပါ၊ ပြင်စရာတွေ့လျင်လည်းထောက်ပြပေးပါ။

ကျေးဇူးတင်လျက်

 

ဖိုးသုည

၁၆-၆-၂၀၂၁

https://share-knwge.blogspot.com/2021/06/blog-post.html



https://en.wikipedia.org/wiki/Operation_Bodyguard#/media/File:German_depositions_in_France_-_June_1944.jpg



လေထိုးထားသောလေယာဉ်တု

လေထိုးတင့်ကား

ကမ်းတက်ရေယာဉ်လေထိုးအရုပ်များ


 

ကိုးကား 

https://www.archives.gov/education/lessons/d-day

https://www.iwm.org.uk/history/d-days-parachuting-dummies-and-inflatable-tanks

https://en.wikipedia.org/wiki/Operation_Bodyguard

https://www.english-heritage.org.uk/visit/places/dover-castle/history-and-stories/d-day-deception/

https://www.iwm.org.uk/history/why-d-day-was-so-important-to-allied-victory 

https://obamawhitehouse.archives.gov/the-press-office/2014/06/06/fact-sheet-normandy-landings 



 



Friday, April 9, 2021

ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ နဲ့ မြန်မာ့အရေး

 ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ နဲ့  မြန်မာ့အရေး

ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ကိုမတားဆီးနိုင်ခဲ့တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations)  ကို အစားထိုးဖို့ ကုလသမဂ္ဂအဖွဲ့ကြီးကိုဖွဲ့ပါတယ်။

 အဖွဲ့ဝင်နိုင်ငံ ၅၁ နိုင်ငံနဲ့စပြီး ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း United Nations Charter  က ၁၉၄၉ အောက်တိုဘာ ၂၄ ရက်မှာစတင်အသက်ဝင်ပါတယ်။

 အဓိက အစိပ်အပိုင်း ၆ခုနဲ့ဖွဲ့ထားပါတယ်။

 ၁. General Assembly (အထွေထွေညီလာခံ)

၂. Security Council (လုံခြုံရေးကောင်စီ)

၃. The Economic and Social Council ( စီးပွားရေးနှင့် လူမှုရေးကောင်စီ)

၄. Trusteeship Council ( ၁၉၉၄ နိုဝင်ဘာ ၁ ရက်မှစ ရပ်နားထား)

၅. International Court of Justice ( အပြည်ပြည်ဆိုင်ရာတရားရုံး)

၆. Secretariat ( အတွင်းရေးမှုးချုပ်ရုံး)

 

 ၁. General Assembly (အထွေထွေညီလာခံ)

အဖွဲ့ဝင်နိုင်ငံတိုင်းတက်ရပါတယ်။

ဖွဲ့စမှာ ၅၁ နိုင်ငံရှိပြီး  ၂၀၂၁ခုနှစ် မှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိပါတယ်။

 ဆုံးဖြတ်ချက်များအတွက် အဖွဲ့ဝင် နိုင်ငံတိုင်းတူညီတဲ့ မဲတမဲပေးခွင့်ရှိပါတယ်။

ဆုံးဖြတ်ချက်များ အတည်ပြုရန် မဲအားလုံးရဲ့ သုံးပုံ နှစ်ပုံရှိဖို့လိုအပ်ပါတယ်။ (Article 18)

လုံခြုံရေးကောင်စီက ကိုင်တွယ်ဖြေရှင်းနေသောပြသနာများကို အဆိုပါကောင်စီက တောင်းဆိုခြင်းမပြုပါက အထွေထွေညီလာခံက ဝင်ရောက်စွက်ဖက်ခြင်းမပြုပါ၊ (Article 12)

  ခေါ်ယူတဲ့ ညီလာခံသုံးမျိုးရှိပါတယ်။

 

၁။ ပုံမှန်ညီလာခံ Regular Sessions

နှစ်စဉ်ခေါ်ယူပြီး စက်တင်ဘာလမှ ဒီဇင်ဘာလ အထိကျင်းပပါတယ်။ ဆွေးနွေးစရာကိစ္စများမပြီးပြတ်ပါကနောက်နှစ် ဇန္နဝါရီလကစပြီးဆက်လက်ဆွေးနွေး လုပ်ဆောင်ကြပါတယ်။

 ၇၅ကြိမ်မြောက်ညီလာခံ ၂၀၂၀ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ကစတင်ပါတယ်။ မပြီးပြတ်သေးတဲ့ကိစ္စတွေအတွက်  ၂၀၂၁ ဧပြီ ၉ ရက်ကနေ ဇူလိုင်လလယ်အထိ အွန်လိုင်းညီလာခံ တွေရှိပါမယ်၊

 ၂။ အထူးညီလာခံ Special Sessions

ပဋိဉာဉ် အခန်း ၇၊ စာပုဒ် ၂၀  (Chapter IV, article 20)  အရ လုံခြုံရေးကောင်စီ (သို့) အဖွဲ့ဝင်နိုင်ငံအများစု၏ တောင်းဆိုချက်ဖြင့် အထွေထွေအတွင်းရေးမှူးချုပ်က အထူးညီလာခံ Special Sessions ကိုခေါ်ဆိုနိုင်ပါတယ်။

၂၀၂၁ ဇွန်လ ၂-၄ ရက်မှာခေါ်ထားတဲ့အထူးညီလာခံကတော့ အမှတ် ၃၂ ပါ။

 

၃။ အရေးပေါ်အထူးညီလာခံ  Emergency Special sessions

 မြန်မာပြည်အတွက်ခေါ်ပေးမယ်လို့မျှော်လင့်ပြီး မြန်မာပြည်သူတွေ စိတ်ဝင်စားနေတဲ့ ညီလာခံအမျိုးစားပါ

ကုလသမဂ္ဂရဲ့ ၁၉၅၀ ခုနိုဝင်ဘာသုံးရက် နေ့ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် 377A(V)  အရ အရေးပေါ်အထူးညီလာခံ ကို ၂၄ နာရီအတွင်းခေါ်ဆိုနိုင်ပါတယ်။

ခေါ်ဆိုဖို့တောင်းဆိုနိုင်သူတွေကတော့

၁. လုံခြုံရေးကောင်စီ ( အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၇ နိုင်ငံသဘောတူလျင်)

၂. ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစု။ 

 

တောင်းဆိုနိုင်တဲ့အခြေအနေတွေကတော့

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုကို မထိမ်းသိမ်းနိုင်သဖြင့် ငြိမ်းချမ်းရေးကို ထိပါးခြိမ်းခြောက်၊ ထိခိုက်လာနေသာ်လည်း (သို့) အကြမ်းဖက်မှုများ ဖြစ်နေသော်လည်း အဆိုပါပြသနာတွေကို အဓိကတာဝန်ယူဖြေရှင်းရတဲ့ လုံခြုံရေးကောင်စီက အမြဲတန်းအဖွဲ့ဝင်နိုင်ငံတခုခုကသဘောမတူသဖြင့် ဖြေရှင်းဆုံးဖြတ်ချက်ကို တညီတညာတည်း မဆုံးဖြတ်နိုင်သောအခါ အထွေထွေညီလာခံက တာဝန်ယူဆွေးနွေးဆုံးဖြတ်ကာ ဖြေရှင်းရန်ဖြစ်ပါတယ်။

 ဖြေရှင်းနည်းထဲမှာ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးကို ကိုဖေါ်ဆောင်ထိမ်းသိမ်းရန် လိုအပ်လျင် စစ်ရေးအရ ဆောင်ရွက်တာပါပါတယ်။

 အဲလို လိုအပ်လာချိန်မှာ ကျင်းပနေဆဲ အထွေထွေညီလာခံမရှိပါက အရေးပေါ်အထူးညီလာခံ  Emergency Special sessions ကို ၂၄ နာရီအတွင်းခေါ်ယူကာ ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်တာဖြစ်ပါတယ်။

 အဲဒီညီလာခံရဲ့ ဆုံးဖြတ်ချက်ကလည်း ထုံးစံအတိုင်း မဲအရေအတွက် သုံးပုံ နှစ်ပုံရဖို့လိုပါတယ်။

 နောက်ဆုံးခေါ်ခဲ့တဲ့  ဆယ်ကြိမ်မြောက်အရေးပေါ်အထူးညီလာခံကတော့ ၁၉၉၇ ခု ဧပြီလမှာပါ။

ESS ဆယ်ခုမှာ ၇ ခုက အရှေ့အလယ်ပိုင်း ပြသနာတွေပါ။

အရေးပေါ်အထူးညီလာခံ ခေါ်ရတဲ့ ပြသနာအားလုံးမှာ ကိုးခုက နိုင်ငံတခုအတွင်းကပြသနာမဟုတ်ဘဲ နိုင်ငံ နှစ်ခုနဲ့ အထက် ပါဝင်ကြတဲ့ ပြသနာပါ။ ( ပါလက်စတိုင်းနဲ့ အစ္စရေးကို သီးခြားစီလို့ ယူဆထားပါတယ်)

ကွန်ဂိုပြသနာတခုကတော့ပြည်တွင်းစစ်နဲ့ပတ်သက်တာဖြစ်ပြီး နိုင်ငံတကာကစွက်ဖက်မှုတော့ မကင်းပါ။

  

၂. Security Council (လုံခြုံရေးကောင်စီ)

အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီရဲ့ အဓိကတာဝန်ကတော့   နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိမ်းသိမ်းဖို့ပါ။

 ယူအက်စ်၊ ယူကေ၊ ပြင်သစ်၊ ရုရှားနဲ့ တရုပ် ဆိုပြီး ဗီတိုအာဏာရှိတဲ့အမြဲတမ်းအဖွဲ့ဝင် ကငါးနိင်ငံပါ။

အလှည့်ကျ အဖွဲ့ဝင် ဆယ်နိုင်ငံက သက်တမ်း ၂ နှစ်စီရှိပြီး နှစ်စဉ် အထွေထွေညီလာခံမှာ ငါးနိုင်ငံကိုတခါ ပြန်ရွေးပါတယ်။ ဒီတော့ အလှည့်ကျအဖွဲ့ဝင် ၅ နိုင်ငံက အသစ်၊ ၅ နိုင်ငံက အဟောင်း တလှည့်စီဖြစ်နေပါတယ်။

ဆုံးဖြတ်ချက်တွေချရာမှာ အဖွဲ့ဝင်အားလုံးသဘောတူဖို့ကြိုးစားပါတယ်။  မဲခွဲဆုံးဖြတ်ရလျင်တော့ အနည်းဆုံးအဖွဲ့ဝင် ကိုးနိုင်ငံထောက်ခံရပါတယ်။

 

ဆုံးဖြတ်ချက်ကို နှစ်မျိုးခွဲထားပါတယ်။

၁. လုပ်ငန်းဆောင်တာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်  Procedural decision တွေမှာ ဘယ်အဖွဲ့ဝင်ပေးတဲ့မဲဖြစ်ဖြစ် စုစုပေါင်းကိုးမဲရလျင် အတည်ဖြစ်ပါတယ်၊

၂. ကျန်တဲ့ ဆုံးဖြတ်ချက်တွေမှာတော့ စုစုပေါင်းကိုးမဲရသော်လည်း ဗီတိုအာဏာရှိ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတခုခုက ကန့်ကွက်ရုံနဲ့ ဆုံးဖြတ်ချက် အတည်ပြုလို့မရတော့ပါ။

 

လက်ရှိအလှည့်ကျအဖွဲ့ဝင်နိုင်ငံဆယ်ခုနဲ့ သက်တမ်းတွေကတော့

Estonia (2021)

India (2022)

Ireland (2022)

Kenya (2022)

Mexico (2022)

Niger (2021)

Norway (2022)

Saint Vincent and the Grenadines (2021)

Tunisia (2021)

Viet Nam (2021)

ဒီအထဲမှာ အိန္ဒိယ၊ နဲ့ဗီယက်နမ်က မတ် ၂၇ စစ်ရေးပြပွဲတက်ခဲ့တဲ့နိုင်ငံတွေပါ။

 လုံခြုံရေးကောင်စီရဲ့ဆောင်ရွက်ချက်တွေကို အထွေထွေညီလာခံမှာ နှစ်စဉ် အစီရင်ခံရပါတယ်။ ကြားထဲမှာလည်း လိုအပ်သလို အစီရင်ခံစာ တင်သွင်းရတာတွေ ရှိပါတယ်။

 

လုံခြုံရေးကောင်စီက ဘာတွေလုပ်လည်း

အခြေအနေခု၊ ပြသနာတခုက နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေးကိုထိပါးလာတယ်လို့ လုံခြုံရေးကောင်စီက ယူဆလျင် ငြိမ်းချမ်းသောနည်းနဲ့ဖြေရှင်းဖို့ အရင်ကြိုးစားရပါတယ်။

 

ကိုယ်စားလှယ်အဖွဲ့စေလွှတ်၊ အထူးသံတမန်ခန့်ထား၊ စုံစမ်းစစ်ဆေး၊ ညှိနှိုင်းဆွေးနွေး ၊ အထွေထွေ အတွင်းရေးမှူးချုပ်ကို ငြိမ်းချမ်းစွာဖြေရှင်းဖို့အကူညီတောင်း။

စစ်မက်ဖြစ်နေသောဒေသတွေမှာ အပစ်အခတ်ရပ်စဲဖို့ညှိ၊  ငြိမ်းချမ်းရေးတပ်တွေချတား။

မရလျင် လက်နက်ကုန်သွယ်မှုပိတ်၊ ငွေကြေး၊ ကုန်သွယ်၊ ခရီးသွား ပိတ်၊ သံတမန်အဆက်သွယ်ဖြတ်၊ ပိတ်ဆို့မှူတွေလုပ်၊  စသည်ဖြင့် အဆင့်ဆင့်လုပ်ပါတယ်။

ငြိမ်းချမ်းသောနည်းနဲ့ဖြေရှင်းလို့မရလျင်တော့ နောက်ဆုံးနည်းအဖြစ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပါတယ်၊။

ကုလသမဂ္ဂတပ်များဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်ကိုတားဆီးတာမျိုးလုပ်နိုင်ပါတယ်။ ကောင်စီအဖွဲ့ဝင်နိုင်ငံများမှ တပ်များဖြစ်စေ၊ ဒေသတွင်းနိုင်ငံများမှ တပ်များကို ဖြစ်စေ စုစည်းပြီး ဆောင်ရွက်နိုင်ပါတယ်။

 

စစ်မက်ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ အခြေအနေတွေမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ နိုင်ငံတကာခုံရုံးကိုပါဖွဲ့စည်းပြီး လူ့အခွင့်အရေးချိုးဖေါက်သူ၊ လူမျိုးတုန်း သတ်ဖြစ်မှုကျူးလွတ်သူတွေကို စစ်ဆေး အရေးယူပါတယ်။

 

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လက်ခံရသည်။ ဆုံးဖြတ်သည့်အတိုင်းအကောင်ထည်ဖေါ်ရန်တာဝန်ရှိသည်။ (ပဋိဉာဉ်စာပုဒ် ၂၅)


လုံခြုံရေးကောင်စီဆွေးနွေးပွဲ အမျိုးအစားများ

 လေးမျိုးရှိပါတယ်.

1) Public meetings (တံခါးဖွင့်ဆွေးနွေးပွဲ)

 2) Private meetings (တံခါးပိတ်ဆွေးနွေးပွဲ)

3) Informal consultations ( အလွတ်သဘော တိုင်ပင်ဆွေးနွေးခြင်း)

4) Informal interactive dialogues ( အလွတ်သဘော အပြန်အလှန်ဆွေးနွေးခြင်း)

 

Public meetings (တံခါးဖွင့်ဆွေးနွေးပွဲ)

ပုံမှန်အားဖြင့် ကောင်စီအစည်းဝေးတွေက တံခါးဖွင့်အစည်းဝေးပါ။

ဆွေးနွေးနေတာကို သတင်းထောက်တွေ သတင်းယူလို့ ရပါတယ်။

အဲဒီထဲမှာမှာ လေးမျိုးရှိပါတယ်။

ဒီလိုဆွေးနွေးပွဲအပြီးတိုင်းမှာ သတင်းထုတ်ပြန်ချက်လုပ်ရပါတယ်။

 

(က) Open Debate: ( အခြေတင် ဆွေးနွေးပွဲ)

ဒီဆွေးနွေးပွဲက ကျယ်ပြန့်ပါတယ်။ သတ်မှတ်ထားတဲ့ အကြောင်းအရာ ခေါင်းစဉ် (ဥပမာ ကလေးစစ်သားပပျောက်ရေး) တခုကို ဦးတည်ပြီး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေသာမက  ကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေ၊ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း၊ အကြောင်းအရာနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်တွေ ပေးနိုင်သူတွေကိုပါဖိတ်ကြား ဆွေးနွေးနိုင်ပါတယ်။

 (ခ) Debate:

ဒီ အခြေတင် ဆွေးနွေးပွဲမျိုးကတော့ နိုင်ငံတခုအတွင်းမှာဖြစ်ပျက်နေတဲ့ပြသနာ၊ အငြင်းပွားမှုတွေကိုပဲဦးတည်ဆွေးနွေးတာပါ။ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေအပြင် အဖွဲ့ဝင် မဟုတ်သော်လည်း ပြသနာနဲ့ တိုက်ရိုက်ပတ်သက်တဲ့ နိုင်ငံ (သို့) အထူးစိတ်ဝင်စားတဲ့နိုင်ငံတွေက ခွင့်တောင်းပြီး တက်နိုင်ပါတယ်။

 (ဂ) Briefings:

ကောင်စီမှာ ဆွေးနွေးထားတဲ့ ပြသနာ၊ အခြေအနေတခုရဲ့ တိုးတက်ဆုတ်ယုတ်မှုကို အစီရင်ခံတာမျိုးပါ၊  Debate တွေလုပ်ရင်း Briefings တင်တာမျိုးရှိသလို Briefings သတ်သတ်လုပ်တာလည်းရှိပါတယ်၊ အဲလို Briefings မျိုးမှာ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သာမှတ်ချက်ပြုနိုင်ပါတယ်။  Briefings တွေပြီးလျင် informal consultations of the whole ဆိုတဲ့ တံခါးပိတ် ညှိနှိုင်းဆွေးနွေးမှုမျိုး ဆက်လုပ်တတ်ပါတယ်။ 

 (ဃ) Adoption:

ဒါကတော့ သဘောတူပြီးတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြု အကောင်အထည်ဖေါ်ဖို့ လုပ်တဲ့ အစည်းဝေးမျိုးပါ၊ မဲမခွဲခင်နဲ့ မဲခွဲအပြီးမှာ အဖွဲ့ဝင်နိုင်ငံတွေက မှတ်ချက်ပြုဆွေးနွေးနိုင်ပါတယ်။  ဒီလိုဆွေးနွေးပွဲတွေမှာ Briefing မရှိပါ။

 

Private meetings (တံခါးပိတ်ဆွေးနွေးပွဲ)

နှစ်မျိုးရှိပါတယ်။

(က) Private meetings

တံခါးဖွင့်အစည်းဝေးနဲ့ လုပ်ထုံးအများစုကတူပါတယ်။ ကောင်စီဝင်မဟုတ်တဲ့ နိုင်ငံတွေကလည်း ခွင့်တောင်းတက်ရောက်နိုင်ပါတယ်။ ကွာခြားတာက အစည်းအဝေးမှတ်တမ်းကို ထုတ်ပြန်ခြင်းမပြုပါ။ ဆွေးနွေးချက်အသံသွင်းမှတ်တမ်းကို အထွေထွေအတွင်းရေးမှုးချုပ်ရုံးကိုပို့ပြီးမှတ်တမ်းတင်ထားပါတယ်။ တံခါးပိတ် အစည်းဝေးတွေအပြီးမှာ communiqué ဆိုတဲ့ မီဒီယာ ထုတ်ပြန်ချက်မျိုးတော့ လုပ်ပါတယ်။

(ခ) Troop contributing countries (TCC)

ကုလသမဂ္ဂတပ်တွေထည့်ဝင်ပေးထားတဲ့ နိုင်ငံတွေရဲ့အစည်းဝေးပါ။  ဘယ်အချိန်မှာ လုပ်မယ် ဘယ်သူတွေကိုဖိတ်မယ်ဆိုတာ ၂၀၀၁ ခုနှစ်က ဆုံးဖြတ်ချက်အမှတ် ၁၃၅၃ အရ ဆုံးဖြန်ပါတယ်။

 

အဆိုပါ အစည်းအဝေးတွေအပြင် အလွတ်သဘော အစည်းအဝေး တွေကိုလည်းလုပ်ပါတယ်။

(က) Informal consultations of the whole:

တံခါးပိတ် အစည်းဝေးပါ။ ကောင်စီဝင် ၁၅ နိုင်ငံလုံးတက်ရပြီး ကုလသမဂ္ဂ Security Council Consultations Room ခန်းမမှာလုပ်ပါတယ်။ ဆွေးနွေးပွဲ့အကြောင်းအရာတွေကိုကြိုတင်သတ်မှတ်ထားပြီး ကိုယ်စားလှယ်တယောက်မက တင်ပြဆွေးနွေးနိုင်ပါတယ်။ ကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံကိုယ်စားလှယ်တွေ တက်လို့မရပါ။  တရားဝင် အစည်းအဝေးမှတ်တမ်းမထားပါ။

 (ခ) Informal interactive dialogues:

မှတ်တမ်းမတင်တဲ့ ကောင်စီအဖွဲ့ဝင်နိုင်ငံများ နဲ့ ကောင်စီအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံများအကြား အလွတ် တံခါးပိတ်အစည်းအဝေးပါ။ ကောင်စီဥက္ကဌက သဘာပတိလုပ်ပြီး Security Council Consultations Room (သို့) ကောင်စီ ခန်းမ Council Chamber မဟုတ် တဲ့ အစည်းဝေးခန်းကိုသုံးရပါတယ်။  ဖိတ်ကြားခံရသူပဲတက်ရောက်နိုင်ပါတယ်။ ပြသနာဖြစ်နေတဲ့ နိုင်ငံ/  အဖွဲ့အစည်းများရဲ့ ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိင်းဖို့ ကောင်စီက ကမကထလုပ်ပေးတဲ့ အစည်းအဝေးလို့ဆိုနိုင်ပါတယ်။

 (ဂ) “Arria-formula” meetings:

လုံခြုံရေးကောင်စီ ရဲ့လုပ်ပိုင်ခွင့်အရ အဖွဲ့ဝင်တွေအလွတ်သဘော တံခါးပိတ်ဆွေးနွေးကြတာပါ။

၁၉၉၂ ခုမှာ ကောင်စီဥက္ကဌ Diego Arria ကစတင်လုပ်ခဲ့ တဲ့ အစည်းအဝေးကိုအကြောင်းပြုပြီး အလားတူအစည်းအဝေးတွေခေါ်ကြလို့ ဒီနာမည်ကိုပေးတာပါ။

အဖွဲ့ဝင်နိုင်ငံများသာမက ဖိတ်ကြားထားတဲ့ ကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံကိုယ်စားလှယ်များ၊ အစိုးရ နဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက ကိုယ်စားလှယ်များ အကြားလွတ်လပ်ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြတာပါ။ 

လုံခြုံရေးကောင်စီက သူ့ရဲ့ လုပ်ငန်းအနေတဲ့လုပ်တာမဟုတ်တာကြောင့် အစည်းအဝေးကို ကောင်စီဥက္ကဌက သဘာပတိမလုပ်ဘဲ လည်းလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတခုခုက နိုင်ငံကကမကထလုပ်နိုင်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကလည်းအစည်းဝေးတက်၊ မတက် ဆုံးဖြတ်နိုင်ပါတယ်။  

ကောင်စီက ကိုင်တွယ်ဖြေရှင်းဖို့လိုနိုင်တဲ့ပြသနာတွေမှာ စိတ်ဝင်စားတဲ့ ကောင်စီဝင်နိုင်ငံတွေက ကမကထလုပ်ပြီး အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ နဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းက ကိုယ်စားလှယ်များ နဲ့ တိုက်ရိုက် ဆွေးတွေးတာပါ။ ဆွေးနွေးချက်တွေကို ကြားသိသင့်သင့်သူ၊ ကြားသdစေချင်သူ အဖွဲ့များရဲ့ ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားပါတယ်။

အလွတ်ဆွေးနွေးပွဲဖြစ်တာကြောင့် တရားဝင် အစည်းအဝေးဆုံးဖြတ်ချက် ထုတ်ပြန်တာမျိုးမရှိပါ။

“Arria-formula” meetings: မြန်မာနိုင်ငံတဲ့ပတ်သက်တဲ့ အစည်းအဝေးတွေမှာ CRPH  ကိုယ်စားလှယ်တွေနဲ့ တခြားပုဂ္ဂိုူလ်များကို ဖိတ်ကြားနိုင်ပါတယ်။ 


လုံခြုံရေးကောင်စီက ထုတ်ပြန်ချက်များ

လေးမျိုးရှိပါတယ်။

Resolution ကလွဲပြီးကျန်ထုတ်ပြန်ချက်များအတွက် ကောင်စီအဖွဲ့ဝင်အားလုံးသဘောတူဖို့လိုပါတယ်။

 

Elements to the Press:

ဒီစာမှာတော့ ကောင်စီဥက္ကဌက မီဒီယာတွေကိုထုတ်ပြောဖို့အချက်အလက်တွေကို ဘူလက်ပွိုင့်ခံထည့်ပေးတားပါတယ်၊ တကယ်မီဒီယာကိုဘာပြောတယ်ဆိုတာကတော့ ဥက္ကဌ ရဲ့သဘောပါ။

 Press Statement:

တံခါးဖွင့်ဆွေးနွေးပွဲတိုင်းအပြီးမှာ ဆွေးနွေးတဲ့အကြောင်းအရာအကျဉ်းချုပ်ကို Press Release အနေနဲ့ထုတ်ပေးပါတယ်။

 Presidential Statement (PRST):

ဒီစာက ကောင်စီရဲ့ဆုံးဖြတ်ချက်ပေမယ့် ယေဘူယျဆန်ပါတယ်။ ပြသနာနဲ့ပတ်သက်ပြီး အထွေထွေ အတွင်းရေးမှုးချုပ်ထံက အစီရင်ခံစာတောင်းတာ၊ ကောင်စီရဲ့ စိုးရိမ်မှုကိုဖေါ်ပြတာ၊ စတာတွေပါပါတယ်။ Resolution လောက် မတိကျ မပြင်းထန်ပါ၊

 Resolution:

ဒီဖြေရှင်းဆုံးဖြတ်ချက်ကိုတော့ ကောင်စီအဖွဲ့ဝင်တွေ မဲခွဲဆုံးဖြတ်ပါတယ်။  မဲမပေးဘဲနေလို့လည်းရပြီး အမြဲတန်းအဖွဲ့ဝင်နိုင်ငံတခုခုက ကန့်ကွက်လျင် ပျက်ပါတယ်။  အနည်းဆုံး ကိုးမဲရဖို့လိုပြီး ဒီဆုံးဖြတ်ချက်ကိုတော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းက လက်ခံ၊ အကောင်ထည်ဖေါ်ရပါတယ်။

 

 

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီတွင်လုပ်သော ဆွေးနွေးပွဲများနဲ့ထုတ်ပြန်ချက်များ။

 

(၁)  ဖေဖေါ်ဝါရီ  ၂ ရက် မနက်မှာ  Consultation   အစည်းဝေးလုပ်ပါတယ်။ 

ဖေဖေါ်ဝါရီ ၄ ရက်မှာ Press Statement SC/14430 ထုတ်ပြန်ပါတယ်။

 

(၂) မတ်လ ၁၀ ရက် ညနေ မှာတော့  Adoption   အစည်းဝေးလုပ်ပါတယ်။ အဲဒီနေ့မှာပဲ  Presidential press statement S/PRST/2021/5 ထုတ်ပြန်ပါတယ်။

 

(၃) မတ်လ ၃၁ ရက်မှာ  Consultation  ထပ်လုပ်ပါတယ်၊ မပြီးပြတ်လို့ ဧပြီတရက်ကိုကူးသွားပါတယ်။ အဲဒီနေ့မှာ UN Security Council Press Elements on Myanmar ကိုထုတ်ပြန်ပါတယ်။

 

(၄) ဒီကနေ့ ဧပြီ ကိုးရက်  ( မြန်မာစံတော်ချိန် ည ၈နာရီခွဲမှာလုပ်မယ့်အစည်းအဝေးကတော့  Arria-Formula meeting  အလွတ်အစည်းအဝေးပါ။  Press Conference by Security CouncilPresident on Programme of Work for April မှာ ထည့်ပြောသွားပါတယ်။ Program list ထဲမပါပါ။

 


ဒီကနေ့ ဧပြီ ကိုးရက်  ( မြန်မာစံတော်ချိန် ည ၈နာရီခွဲမှာလုပ်မယ့်အစည်းအဝေး

အစည်းအဝေးမှာ UNSC က ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပါတ်သက်ပြီး ဆွေးနွေးတင်ပြမယ့်သူတွေကတော့

 ၁) ဒေါ်ဇင်မာအောင် - CRPH ခေတ္တနိုင်ငံခြားရေးဝန်ကြီး

 ၂) ဦးစိုင်းစမ်ခမ်း - နယ်သာလန်နိုင်ငံက Institute of Social Studies (The Hague)မှာ ပါရဂူဘွဲ့ကို လေလာသင်ယူနေသူ၊ မေတ္တာဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာဟောင်း

၃) Mr. Richard Horsey - International Crisis Group ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ်

အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီ link တွေကနေ ဝင်ကြည့်လို့ရပါတယ်။

UN Web TV: https://bit.ly/3s3PYie

YouTube: http://y2u.be/iSS9xddxCm0

Concept note PDF: https://bit.ly/3t1qlju

 

ဖိုးသုည

၀၉ ဧပြီ ၂၀၂၁



အကိုးအကားများ 

 https://www.un.org/en/

https://www.un.org/en/about-us/history-of-the-un/predecessor

https://www.un.org/en/ga/

https://www.un.org/en/ga/info/meetings/75schedule.shtml

https://www.un.org/en/about-us/un-charter

https://www.un.org/securitycouncil/content/background-note

http://undocs.org/S/PRST/2021/5

https://www.un.org/en/model-united-nations/security-council

https://www.un.org/securitycouncil/content/what-security-council 

ထုတ်ပြန်ချက်များ

https://myanmar.un.org/en/110643-un-security-council-press-statement-situation-myanmar

https://myanmar.un.org/en/111490-un-secretary-general-myanmar-myanmar-version-follows-english

https://myanmar.un.org/en/115791-statement-president-un-security-council-myanmar

https://myanmar.un.org/en/123792-un-security-council-press-elements-myanmar