Monday, July 8, 2019

လျှပ်စစ်မီတာခ သက်သာအောင်ချွေတာနည်းများ (ယူနီကုဒ်)

လျှပ်စစ်မီတာခ သက်သာအောင်ချွေတာနည်းများ

လျှပ်စစ်မီတာခ သက်သာအောင် လျှပ်စစ် အသုံးကိုဘယ်လိုလျှော့ချကြမလဲ။

အချက်အလက်စုံအောင်ရေးထားလို့စာရှည်ပါတယ်၊ မိမိနဲ့ ဆိုင်တဲ့အပိုင်းကိုရွေးဖတ်ပါ။
ကျနော်တို့တတွေ သတိမထားမိဘဲ လေလွင့်နေတဲ့လျှပ်စစ်တွေ အိမ်တိုင်းနီးပါးမှာရှိပါတယ်။

ဘာတွေကြောင့်လျှပ်စစ် အလေအလွင့်ဖြစ်နေလဲ

က. ကိုယ်ဘာတွေသုံးနေလဲဆိုတာကိုကြည့်ပြီးမှ
ခ. ကိုယ်သုံးနေတဲ့ ပစ္စည်းတွေထဲက ဘာတွေ ကိုဘယ်လိုလုပ်ရင် လျှပ်စစ်ကုန်တာသက်သာမလဲလို့သိနိုင်မှာပါ။



အသုံးများတဲ့ အိမ်သုံး လျှပ်စစ်ပစ္စည်းများ

၁။ မီးလုံး၊ မီးချောင်းများ
၂။ လျှပ်စစ်မီးပူ
၃။ လျှပ်စစ်ထမင်းအိုး
၄။ ရေခဲသေတ္တာ
၅။ လျှပ်စစ်ရေနွေးဓါတ်ဘူး airpot / ကော်ဖီမိတ်ကာ coffee maker
၆။ လျှပ်စစ်မီးဖို
၇။ ပန်ကာ
၈။ အဲယားကွန်း လေအေးပေးစက်
၉။ အဝတ်လျှော်စက်၊ အဝတ်အခြောက်ခံစက်
၁၀။ တီဗွီ၊ အောက်စက်၊ စကိုင်းနက်၊ အန်တန်နာ၊ ဘူစတာ၊ တီဗွီဂိမ်း
၁၁။ ရေမော်တာ
၁၂။ ရေပန်း ရေနွေးစက် water heater
၁၃။ ဆံပင်အခြောက်ခံစက် hair drier
၁၄။ ကွန်ပြူတာ၊
၁၅။ ဝိုင်ဖိုင်ရောက်တာ
၁၆။ ဖုန်းချာဂျာ
၁၇။ လေစုပ်ပန်ကာ
၁၈။ ရေခဲသေတ္တာ၊ အဲယားကွန်းသုံး ဆေ့ဖ်ဂတ်

၁။ မီးလုံးမီးချောင်းများ (၅-၁၀၀ ဝပ်)

  • မလိုအပ်တဲ့ မီးများကိုပိတ်ပါ။
  • သိပ်လင်းဖို့ မလိုတဲ့နေရာမှာ ( ဥပမာ အိမ်သာ၊ အခန်းကျဉ်း၊ ညအိပ်မီး စသည်တို့ကို ဝပ်အားနည်းတဲ့ မီးလုံးသုံးပါ။ LED 5-10 Watts မီးလောက်ဆို လုံလောက်ပါတယ်။
  • နေ့ဖက်မှာ မှန်ပြူတင်းက အလင်းရောင်းကိုသုံးပါ။ မှန်အနောက်တွေတပ်ပြီး လိုက်ကာဖွင့်ထားခြင်းဖြင့် အပြင်ကအိမ်ထဲကို မမြင်ရဘဲ အပြင် အလင်းရောင်နဲ့ အိမ်ထဲ လင်းစေပါ။
  • အခန်းအရောင်ကို အဖြူ (သို့) လင်းတဲ့ အရောင်သုတ်ထားလျင် မီးလုံးနည်းနည်းနဲ့လုံလောက်တဲ့အလင်းရောင်ရပါတယ်။
  • လျှပ်စစ်အားအစား တဝက်မကသက်သာတဲ့ LED မီးလုံးများ energy Star မီးများကိုသုံးပါ။
  • မီးလုံး များအတွဲလိုက်ကို ခလုပ်တခုထားမည့်အစား တလုံးချင်း လိုသလို ဖွင့်ပိတ်လို့ရလျင် မလိုတဲ့မီးးကို ပိတ်လို့ရလို့ ပိုသက်သာပါတယ်၊
  • အမြဲမလိုတဲ့ မီး၊ ( ဥပမာ လှေကား၊ ဖိနပ်ချွတ်) တို့ကို ပြန်ပိတ်ပါ (သို့) motion sensor လို လှုပ်ရှားမှုရှိမှဖွင့်တဲ့ ခလုပ်တပ်ထားပါ။ ဒီခလုပ်တွေကာ လူနီးလာလျှင် ဖွင့်ပေးပြီး ခဏနေလျင် အလိုလျှောက်ပြန်ပိတ်ပေးပါတယ်။
  • အိမ်အပြင်ကမီးတွေကို ၂ ဆင့်လင်းတဲ့ မီးများတပ်လျင် မီးအစားသက်သာပါတယ်၊ သာမန် အခြေအနေမှာ မီးမှိန်မှိန်ပဲလင်းပြီး အနားမှာ လှုပ်ရှားမှု ( လူချဉ်းကပ်လာတာ) ရှိမှ motion sensor က နောက်တဆင့်ပိုလင်းပေးတဲ့ မီးတွေ ဝယ်လို့ရပါတယ်။
  • မကြာခဏခရီးထွက်လို့ ခြံမီး၊ အိမ်ရှေ့ နောက်မီးတွေကို မနက်မှာ ပိတ်ပြီးညတိုင်းဖွင့်ချင်သူ ၊ ညဘက် အပြန် နောက်ကျတတ်လို့ မှောင်လာတာနဲ့ ခြံမီး ၊ အိမ်ရှေ့မီး ကိုဖွင့်ချင်သူများ၊ မီးကို ဖွင့်ပိတ်ပေးသူမရှိလို့ တနေကုန်ဖွင့်ထားခဲ့ရပြီးမီတာတက်နေတာကိုကာကွယ်ရအောင်၊ မနက်ဖက် အပြင်မီးတွေပိတ်ဖို့ မေ့တတ်လို့ မလိုပဲ မီတာမတက်အောင်၊  အလင်းအမှောင်အလိုက် ဖွင့်ပိတ်တဲ့ light sensor switch / photo-sensor switch ခံထားလို့ရပါတယ်။ ပတ်ဝန်းကျင်က လင်းလာလျင် မီးပိတ်ပေးပြီး ညမှောင်လာလျင်ဖွင့်ပေးပါတယ်။ ဒီမီးခလုပ်တွေရဲ့ပြသနာကတော့ မိုးတွင်းမိုးအုံရင်လည်းမီးဖွင့်ပေးပါတယ်။
လှုပ်ရှားမှုကို အာရုံခံပြီး မီးဖွင့်ပိတ်ပေးတဲ့ခလုပ်များ




အလင်းအမှောင်ကို အာရုံခံပြီး မီးဖွင့်ပိတ်ပေးတဲ့ခလုပ်

၂။ လျှပ်စစ်မီးပူ ( ဝပ် ၁၀၀၀ ကနေ ၂၅၀၀)

  • မီးအားအစားများတဲ့ပစ္စည်းဖြစ်လို့ မီးပူတိုက်နေစဉ် မကြာခဏ ရပ်ပြီး တခြားအလုပ် ထလုပ်တာမကောင်းပါ။ ဖြစ်နိုင်လျင် တိုက်စရာတွေကို စုပြီးတဆက်တည်းတိုက်ပါ။
  • မကြာခဏပိတ်ပြီးပြန်ဖွင့်လျှင် အေးနေရာက ပြန်ပူလာအောင် စောင့်ရတဲ့အတွက် လျှပ်စစ်ကုန်ပါတယ်။
  • မီးပူတိုက်ဖို့ လိုအပ်တာတွေကိုပဲတိုက်ပါ။
  • ထသွားစရာရှိလျင် မီးပိတ်ခဲ့ပါ။
  • ဝပ်အားနည်းတဲ့ မီးပူတွေက မီတာအစားသက်သာပေမယ့် အဝတ်တွေ သေချာမဆန့်လို့ကြာကြာတိုက်ရတော့ မီတာခတက်ပါတယ်။ ဝပ်အားများတဲ့မီးပူတွေက မြန်မြန်ပူပြီး တိုက်ရတာ မြန်မြန်ပြီးတော့ အချိန်ကုန်သက်သာသလို မီတာ အစားလည်းသက်သာနိုင်ပါတယ်။ ဘယ်လို အဝတ်ကိုတိုက်တာများတယ် ကိုယ်ကအပူချိန်ကိုသုံးတာများတယ်ပေါ်မှာလည်းတည်ပါတယ်။
  • အဲယားကွန်းဖွင့်ထားတဲ့အခန်းထဲမှ မီးပူတိုက်လျင် မီးပူက အလွယ်တကူ အပူလျော့သွားလို့ မကြာခဏ အပူကွိုင်က အလုပ်လုပ်ရသလို  မီးပူနဲ့ အဝတ်ပူတွေကြောင့် အခန်း အပူချိန် တက်လို့ အဲယားကွန်းကလည်း အလုပ်ပိုလုပ်ရပါတယ်။ မီးပူတိုက်ချိန်မှာ ပန်ကာဖွင့်တိုက်တာ ပိုသင့်လျော်ပါတယ်။ 

၃။ လျှပ်စစ်ထမင်းအိုး 

အခုနောက်ပိုင်းပေါ်တဲ့ ထမင်းအိုးအများစုမှာ ထမင်းကျက်လို့ခလုပ်တက်လျင် လုံးဝပိတ်မသွားဘဲ နွေးနေအောင်ထိန်းထားတဲ့ keep warm မှာဆက်ရှိနေလို့ လျှပ်စစ်နည်းနည်းစားပါတယ်။ ထမင်းနပ်တာနဲ့ မီးခလုပ်ကို ပိတ်သင့်ပါတယ်။ နပ်မယ့်အချိန်ကိုမှန်းပြီး ပလပ်မှာ timer ခံပြီးပိတ်လည်းရပါတယ်။

မီးခလုပ်ပိတ်လျင် ပလပ်ဖြုတ်စရာမလိုပါ။ ပလပ်ဖြုတ်တဲ့ အကြောင်း https://share-knwge.blogspot.com/2019/07/standby-power.html မှာရှင်းပြထားပါတယ်။

၄။ ရေခဲသေတ္တာ

  • ရေခဲသေတ္တာတွေက ကိုယ်ချိန်ထားတဲ့ ဆက်တင်ပေါ်လိုက်ပြီး အထဲမှာ အပူချိန် တသမတ်ထဲရှိအောင် ထိန်းပေးပါတယ်။ ပူလာတာနဲ့ ကွန်ပရက်စာ ထမောင်းပြီး လိုအပ်တဲ့အပူချိန်ရောက်လျင်တော့ စက်လည်တာရပ်နားပါတယ်။
  • အထဲမှာ အေးနေလျင် စက်မောင်းတာ သက်သာပြီး မကြာခဏ ပြန်ပူလာလျင် စက်ခဏခဏမောင်းရပါတယ်။
  • တံခါးလိုင်နာတွေလေသေချာလုံပါစေ၊ မလုံလျင် လဲပါ။ လေအေး ဆုံးရှုံးလျင် ရေခဲသေတ္တာထဲမှာပြန်အေးအောင် စက်ကမကာာမကြာပြန်လည်ပတ်ရလို့ မီးစားပါတယ်။
  • တံခါးကို မလိုပဲ မကြာခဏ မဖွင့်ပါနဲ့ ။ တံခါးကို အကြာကြီးဖွင့်ထားလျင် အထဲမှာ အအေးလျှော့သွားလို့ စက်ပြန်မောင်းရပါတယ်။ ကိုယ်လိုတာယူပြီး ချက်ချင်း လုံအောင်ပြန်ပိတ်ပါ။
  • အစားအစာတွေကို အအေးခံပြီးမှ ရေခဲသေတ္တာထဲထည့်ပါ။ ပူနေတုန်းထည့်လျင် ရေခဲသေတ္တာ အပူချိန်တက်လို့ စက် ပိုမောင်းရပါတယ်။
  • ရေခဲခန်းမှာ ရေခဲထူနေလျင် ပြန်ဖျော်ပေးပါ။ ရေခဲတွေခံနေလို့ အခန်းထဲမှာ သိပ်မအေးနိုင်ဘဲ စက်ကြာကြာမောင်းရပါတယ်။
  • ရေခဲသေတ္တောအနောက်ဘက်ရှိ ကွိုင်တွေမှာ ချေးတွေထူနေလျင် အပူကိုသိတ်မထုတ်နိုင်လို့ စက် ကပိုလည်ရပါတယ်။ သန့်ရှင်းရေးပုံမှန် လုပ်သင့်ပါတယ်။ ဆားဗစ်ခေါ်လုပ်ပါ။
သတိ။
  • ရေခဲသေတ္တာကို မီတာခချွေတာဖို့ ဆိုပြီး မကြာခဏ မီးပိတ်လိုက်ဖွင့်လိုက်မလုပ်ရပါ။ အထဲကအစားစားတွေ အပူချိန် မကြာခဏပြောင်းလျင် ဘက်တီးရီးယားတွေပေါက်ဖွားလွယ်ပြီး ပုပ်သိုးပျက်တတ်ပါတယ်။ စားမိလျင် ဝမ်းပျက်တတ်ပါတယ်။

၅။ လျှပ်စစ်ရေနွေးဓါတ်ဘူး airpot / ကော်ဖီမိတ်ကာ coffee maker

airpot က နွေးနေအာငိ ထိန်းဖို့တချိန်လုံး ဖွင့်နေလို့ မီတာစားပါတယ်။ လိုမှသုံးပါ။ ရေနွေးအတွက် ဖန်ဓါတ်ဘူးက ပိုတွက်ခြေကိုက်ပါတယ်။
ကော်ဖီစက်ကလည်း အများစုက မီးပိတ်မထားလျှင် အပူကွိုင်ကတောက်လျှောက် အလုပ်လုပ်ပါတယ်။ ကြာကြာဖွင့်မထားသင့်ပါ။

၆။ လျှပ်စစ်မီးဖို

  • ဂတ်စ်မီးဖိုကပိုအကုန် အကျသက်သာပါတယ်။
  • အိုးကို အဖုံးလုံအောင်ပိတ်ချက်တာက အိုးထဲက အပူပိုများကိုထိန်းထားစေလို့ မီးအကုန် သက်သာပါတယ်။ (ချက်နည်း အကြိုက်ချင်းတော့ မတူကြပါ။)
  • အိုးအရွယ်နဲ့သင့်လျှော်တဲ့ မီးဖိုးအရွယ်ကို ရွေးသုံးပါ။ ( တချို့မီးဖိုတွေက အရွယ်မတူတဲ့ မီးဖိုမျက်နှာပြင် လေးခုလောက်ပါပါတယ်)
  • မကြာခဏ ဖွင့်ပိတ် လုပ်လျှင် ဖိုရဲ့အပူဆုံးရှုံးလို့ ပြန်ပူအောင် မီးထပ်လိုပါတယ်။
  • တခွက်ပြီး တခွက် ဆက်တိုက်ချက်လျင် ဖိုက အပူရှိန် လက်ကျန် မလေလွင့်လို့ လျှပ်စစ် အသုံး သက်သာပါတယ်။ ချက်စရာတွေ အားလုံး အဆင့်သင့်ပြင်ထားပြီ ဆက်ထိုက်ချက်နိုင်လျှင် လျှပ်စစ်သက်သာပါတယ်.
  • ထမင်းအိုး ဟင်းရည်အိုးအပေါ်တွင် ပေါင်းဆင့်ခံပြီး ထမင်းဟင်းနွှေးခြင်းဖြင့် မီးဖိုအသုံးကို လျှော့နိုင်ပါတယ်။
  • အကင်ဖို Oven သုံးနေစဉ် မလိုဘဲ တံခါးအကြာကြီး မဖွင့်ပါနဲ့ အပူဆုံးရှုံးတာများလျင် မီးပိုသုံးရပါတယ်။

၇။ ပန်ကာ

မလိုလျင် ပိတ်ပါ။ လေအားကို လိုအပ်သလောက်ပဲထားပါ။
ပန်ကာတိုင်မာတွေက သံပတ်ကိုသုံးတာများလို့ လျှပ်စစ်မစားကြပါ။

၈။ အဲယားကွန်း

  • Air conditioner ဆိုတာ ရေခဲသေတ္တာလိုပဲ အခန်းထဲက အပူချိန်ကို ကိုယ်သတ်မှတ်ထားတဲ့ အတိုင်းဖြစ်အောင် ထိန်ညှိပေးတာပါ။
  • အခန်းထဲကလေကို ပြန်စုပ်ပြီး အပူကိုအပြင်ထုတ် လေအေးကို အခန်းထဲပြန်မှုတ်နဲ့ အခန်းထဲမှာ လိုတဲ့ အပူချိန်ရောက်မှာ အာရုံခံပစ္စည်းလေးက ကွန်ပရက်ဆာ စက်ကို ရပ်ပေးပါတယ်။ အခန်းထဲကလေပြန်ပူလာရင် စက်ကို ပြန်မောင်းပါတယ်။
  • အဲယားကွန်းဘယ်လောက်အလုပ်လုပ်ရသလဲဆိုတာ ကိုယ်က အခန်းအပူချိန် ဘယ်လောက်ကိုထားချင်တာလဲဆိုတာနဲ့ အခန်းထဲကလေ ဘယ်လောက်မြန်မြန် ပြန်ပူလဲပေါ်တည်ပါတယ်။
  • အပူချိန် ၁၈ ဒီဂရီ စင်တီဂရိတ်လောက်မှာထားရင်တော့ စက်ကတော်တော် အလုပ်လုပ်ရပါတယ်။ အပြင်မှာ ၃၆ ဒီဂရီ ရှိတုန်း ၁၈ ဒီဂရီကိုချဖို့ ဆို တော်တော် ကြာကြာမောင်းရတာပါ။ ပြီးတော့ အပြင်က အပူကြောင့် အခန်းအပူချိန်က ၁၈ အထက် ကို ခဏကလေးနဲ့ ပြန်တက်သွားတော့ စက်ကို ထပ်ကာထပ်ကာ မောင်းရပါတယ်။
  • အခန်းအပူချိန်ကို နေသာရုံ ၂၄ -၂၅ ဒီဂရီလောက်မှာ ထားရင်တော့ စစချင်းအပူချိန် ချရတာ သက်သာသလို အပူချိန် ပြန်တက်တာ နည်းနည်းနှေးပြီး ပြန်ချရတာလည်း မြန်လို့ စက်လည်ရတဲ့ အချိန် သက်သာပါတယ်။
  • ကျနေ ထိုးတဲ့အခန်းဆို နေရောင်ကာဖို့ sun shade တို့ ယင်းလိပ်လို့တပ်ထားပါ။ နံရံကပူနေလျင် အခန်းထဲကလေလဲပြန်ပူလာလို့ စက်က တောက်လျှောက်မောင်းရပါတယ်။
  • မျက်နှာကျက်မှာ အပူခံပြားတွေ ထည့်ထားခြင်းဖြင့် အခန်းအပူချိန် မြင့်တက်တာကိုထိန်းပြီး အဲယားကွန်း အလုပ်သက်သာပါတယ်။

လူတွေ သိပ်သတိမထားတဲ့ အချက်များ
  • အဲယားကွန်း အခန်းကလေမလုံလျင် လေအေးတွေက အပြင်ထွက်ပြီး ပြန်စုပ်တဲ့လေထဲကို အပြင်ကလေပူပါလာတော့ အခန်းအပူချိန်တက်ကာ အဲယားကွန်းပိုမောင်းရပါတယ်။
  • အခန်းတံခါးကို မကြာခဏ ဖွင့်ပိတ်လုပ်လျင် လည်း ထို့အတူပါပဲ၊ စက်ပိုမောင်းရပါတယ်။
  • အဲယားကွန်း လေစစ်တွေမှာ ဖုံတွေပိတ်နေလျင် ပန်ကာက အရမ်းစုပ်မှ လေနည်းနည်းလည်လို့ အပူချိန်ချဖို့ အချိန်ကြာသလို့ စက်လည်ပတ်ချိန်တက်ပါတယ်။ လေစစ်တွေကို မကြာမကြာစစ်ပြီး ဆေးပေးပါ။
  • ကွိုင်တွေချေးကပ်လျင် အပူစွန့်ထုတ်အားနည်းလို့ ကြာကြာလည်ရပြီး မီတာတက်ပါတယ်။ ဖုန်ပေါတဲ့ ဒေသမှာပိုဆိုးပါတယ်။ မကြာမကြာ ဆားဗစ်လုပ်သင့်ပါတယ်.
  • split type အဲယားကွန်းတွေကို အများစုက ရီမုဒ်နဲ့ ပိတ်/ဖွင့်လုပ်ကြပါတယ်။ ရီမုဒ်နဲ့ ပိတ်ထားတဲ့ အဲယားကွန်း လျှပ်စစ် အနည်းငယ်ကို တောက်လျှောက်သုံးနေပါတယ်။ Standby power လို့ခေါ်ပါတယ်။ အဲဒီ အကြောင်း ဒီမှာ ဖတ်နိုင်ပါတယ်။ အဲဒီ ပါဝါ မဆုံးရှံးအောင် အဲယားကွန်းတွေကို မသုံးလျင် မီးခလုပ်ပိတ်ပါ
  • အဲယားကွန် အခန်းမှာပူတဲ့ပစ္စည်းများသုံးခြင်း
  • ဥပမာ မီးပူတိုက်တာ ဆံပင် အခြောက်ခံတာ တွေက အခန်းအပူချိန်ကို မြင့်တက်စေလို့ အဲယားကွန်း အလုပ်ပိုပါတယ်။ မီးပူတိုက်လျင် အဲယားကွန်းအစား ပန်ကာသုံးတာက လေပူကိုဖယ်ပေးလို့ပိုကောင်းပါတယ်။
  • ကွန်ပြူတာ၊ TV, Game console charger စတာတွေက စက်ထဲကလေပူကို အခန်းထဲကို ထုတ်လို့ အခန်းအပူချိန်ကို မြင့်တက်ပြီး အဲယားကွန်း အလုပ်ပိုပါတယ်။ မသုံးလျင် ပိတ်ထားပါ။

၉။ အဝတ်လျှော်စက်၊ အဝတ်အခြောက်ခံစက်

  • အဝတ်လျှော်စက်က အချိန်ကြာကြာလည်တဲ့ စက်တွေဖြစ်လို့မီတာတက်ပါတယ်။
  • စက် နိုင်သလောက် အဝတ်တွေ တခါပြည့်မှ တခါ စုပြီး လျှော်ပါ။ ရေအကုန်လည်းသက်သာလို့ ရေမီတာခ သာမက ရေတင်ရတဲ့ မော်တာအတွက် လျှပ်စစ်မီတာခလည်းသက်သာပါတယ်။ လျှော်တဲ့ အကြိမ်နည်းသွားတော့ မီတာခ သက်သာပါတယ်။
  • အဝတ်အခြောက်ခံစက် ကို လိုမှ သုံးပါ။ အပူပေးတဲ့ ကွိုင်က မီတာစားပါတယ်။
  • စက်ကို ရေညှစ်ဖို့ပဲ သုံးပြီး လေထဲဖြန့်လှန်း အခြောက်ခံခြင်းခြင့် လျှပ်စစ်ကိုချွေတာနိုင်ပါတယ်။

၁၀။ တီဗွီ၊ အောက်စက်၊ စကိုင်းနက်၊ အန်တန်နာ ဘူစတာ၊ တီဗွီဂိမ်း

ဒီပစ္စည်းတွေကို မသုံးလျင် မီးခလုပ်ကို ပိတ်ပါ။
ရီမုဒ်နဲ့ ပိတ်ထားပါက Standby power လျှပ်စစ်နည်းနည်း ကို မြဲသုံးနေလို့ မီတာတက်ပါတယ် ။

၁၁။ ရေမော်တာ

  • ခဏခဏမမောင်းရအောင် ရေအသုံးချွေတာပါ၊
  • ရေအားကောင်းချိန်မှာမောင်းလျင် ရေပြည့်မြန်လို့ မီတာသက်သာပါတယ်။
  • ရေပြည့်လျင် အလလိုလျှောက် ပိတ်ပေးတဲ့ ခလုပ်မျိုးတပ်ထားလျင် ရေလျှံတာကို ကာကွယ်သလို မီးလဲ မလေတော့ပါ။
  • ပရက်ရှာပန့် ဆိုတဲ့ ရေဖွင့်တာနဲ့ လည်တဲ့ ပန့်တွေက ရေဖွင့်တိုင်းလည်လို့ မီတာစားပါတယ်။ မလိုလျင် မသုံးပါနဲ့

၁၂။ ရေပန်း ရေနွေးစက် water heater

အပူချိန်ကို လိုသလောက်ပဲထားပါ။ အရမ်းပူလျင် လျှပ်စစ်ပိုကုန်ပါတယ်။ သုံးပြီးတာနဲ့ပြန်ပိတ်ပါ။

၁၃။ ဆံပင်အခြောက်ခံစက် hair drier

ဆံပင်ကို ခြောက်နိုင်သမျှခြောက်အောင်သုတ်ပြီးမှ အခြောက်ခံစက်နဲ့ မှုတ်ခြင်းဖြင့် အခြောက်ခံစက်သုံးတဲ့ အချိန်ကို လျှော့ချနိုင်လို့ မီတာခကိုချွေတာနိုင်ပါတယ်။

၁၄။ ကွန်ပြူတာ၊ ပရင်တာ

  • ကွန်ပြူတာတွေကို မသုံးပဲ ဖွင့်ထားလျင် LCD စကရင်က မီးသုံးသလို CPU ကလည်းသုံးပါတယ်။
  • ပါဝါဆက်တင်မှာ စကရင်နဲ့ ကွန်ပြူတာကို အလိုလျှောက် sleep လုပ်ဖို့ အချိန်တိုတိုထားပေးခြင်းဖြင့် လျှပ်စစ်ကိုချွေတာနိုင်ပါတယ်။
  • Sleep mode မှာထားလျင် လျှပ်စစ် အသုံးသက်သာသော်လည်း နည်းနည်းတော့ စားနေလို့ Standby power ကုန်ကျပါတယ်။ မသုံးတော့လျင် ပါဝါကိုပိတ်ပါ။
  • ပရင်တာတချို့က မသုံးလျင် အလိုလို Sleep mode ပြောင်းသွားပြီး Standby power သုံးကာနေတတ်ပါတယ်၊ ပရင်တာကို မသုံးလျင် မီးခလုပ်ကိုပိတ်ပါ။

၁၅။ ဝိုင်ဖိုင်ရောက်တာ

အသုံးနည်းပစ္စည်းဖြစ်ပြီး အိမ်မှာ လူရှိနေသရွေ့ (သို့) စီစီတီဗွီ ကို ချိတ်ပြီး မော်နီတာလုပ်နေလျင် ၂၄ နာရီလုံးသုံးရတာဖြစ်လို့ ပိတ်လို့မရပါ. လျှပ်စစ် အစားနည်းတဲ့ Energy Star မော်ဒယ်ကိုတော့ရွေးလို့ရပါတယ်။

၁၆။ ဖုန်းချာဂျာ

မသုံးသော်လည်း Standby power ကုန်နိုင်လို့ မသုံးလျင် ဖြုတ်ထားပါ ( သို့) မီးပိတ်ပါလို့ ဆိုကြပါတယ်။

၁၇။ လေစုပ်ပန်ကာ

  • လေစုပ်ပန်ကာတွေကို ဖွင့်ထားစဉ်မှာ လေစုပ်ပန်ကာရှိတဲ့ အခန်း ( ဥပမာ၊ အိမ်သာ၊ မီးဖိုလချောင်) တိုနဲ့ အဲယားကွန်းသုံးနေတဲ့ အခန်းတွေ ကြားက တံခါးတွေကို သေချာပိတ်ထားပါ။ 
  • အဝင်အထွက်လုပ်လျင်လည်း မြန်မြန် ပြန်ပိတ်ပါ၊ အဲယားကွန်းသုံးနေတဲ့ အခန်းကလေအေးတွေကို လေစုပ်ပန်ကာကစုပ်ထုတ် ပစ်လိုက်လျင် အပြင်ကလေပူတွေက အစားထိုးဝင်လာတာဖြစ်လို့ အဲယားကွန်း အလုပ်ပိုပါတယ်၊
  • အဲဒီပန်ကာတွေကိုလည်း မလိုအပ်လျင် ပိတ်ထားပါ။

၁၈။ ရေခဲသေတ္တာ၊ အဲယားကွန်းသုံး ဆေ့ဖ်ဂတ်

၂၄ နာရီလည်တဲ့ ရေခဲသေတ္တာရဲ့  ဆေ့ဖ်ဂတ်ကိုတော့ ဘာမှ လုပ်လို့မရပေမယ့် အဲယားကွန်းဆေ့ဖ်ဂတ်ကိုတော့  မလိုလျင် ပိတ်ထားပါ။ သူလည်း standby power  ဆွဲပါတယ်။



ဖိုးသုည

ဆဲဗင်းဂျူလိုင် ၂၀၁၉
https://www.energy.gov/articles/resolve-save-energy-year

No comments:

Post a Comment