Wednesday, November 6, 2019
အညှောက်ထွက်အာလူး၊ အခွံစိမ်းအာလူး နဲ့အဆိပ်သင့်ခြင်း
အညှောက်ထွက်အာလူး၊ အခွံစိမ်းအာလူး နဲ့အဆိပ်သင့်ခြင်း
အညှောက်ထွက်အာလူးတွေက အဆိပ် သင့်နိုင်တယ်ဆိုတာ အများကြားဖူးကြပါလိမ့်မယ်။
အတိုင်းအတာတခုအထိမှန်ကန်ပါတယ်။ 
ဖြစ်တာအလွန်နည်းပါတယ်။
ဘာကြောင့်ဖြစ်တယ်.၊ ဘယ်လိုဖြစ်တယ် ဆိုတာကိုလည်း သေသေချာချာမသိကြတာများပါတယ်။
https://www.dailymail.co.uk/health/
https://indianapublicmedia.org/amomentofscience/green-potatoes-2.php
အဆိပ်သင့်လက္ခဏာများ
  • အများစုကတော့ ဘိုက်ရစ်နာ၊ ပြို့၊ အန်၊ ဝမ်းလျှော၊ စတဲ့လက္ခဏာတွေ့ရတတ်ပါတယ်။
  • ပိုဆိုးသူတွေမှာတော့ မူးဝေ၊ ပျော့ခွေ၊ ခြေလက်တုန်၊ ဂဏှာမငြိမ်၊ ငေါင်စင်း၊ မျက်စိမှုန်ဝါး၊ ကယောင် ကတန်းဖြစ်တာကနေ ရှားရှားပါးပါးသေဆုံးမှုတချို့တော့ရှိခဲ့ဖူးတယ်ဆိုပါတယ်။
အာလူးမှာ အဲလို အဆိပ်သင့်စေတဲ့ဓါတ်တွေနည်းအောင် ဘယ်လိုလုပ်မလဲ
  • အာလူးကိုအကြားကြီးသိုလှောင်မထားပါနဲ့။
  • ပိုနေတဲ့အာလူးတွေကိုသိမ်းလျင် အေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။
  • အပူချိန် ၇ ဒီကရီစင်တီဂရိတ် ( ရေခဲသေတ္တာ ပုံမှန် အခန်းအပူချိန်) မှာထားပါ.
  • အလင်းရောင်နဲ့ မထိတွေ့အောင် အနက်ရောင်အိတ်ထဲထည့်သိမ်းပါ။
အာလူးကိုမီးဖုတ်ခြင်း၊ ချက်ပြုတ်ခြင်းတို့က အဲဒီဓါတ်တွေကို ပျက်ပြယ် မသွားစေနိင်တဲ့အတွက် အဲဒီဓါတ်တွေများတဲ့အပိုင်းတွေကိုမစားပါနဲ့
  • အခွံနွှာစားပါ။
  • စိမ်းနေသောအပိုင်း၊ အညှောက်၊ မျက်ကွင်း၊ ပွန်းပဲ့ထားသေားအပိုင်း၊ ပုပ်နေသောအပိုင်း များကိုဖြတ်ထုတ်ပစ်ပါ၊ သိပ်ဆိုးလျင် တော့ တလုံးလုံးကိုသာလွှင့်ပစ်ပါ။
  • အာလူးအပင်၊ အရွက်၊ အသီးတို့ကိုလုံးဝ မစားပါနဲ့ ။
  • အာလူးအရသာက ခါးနေလျင် ပအားလျင် မစားပါနဲ့၊
အာလူးထဲက အဆိပ်သင့်စေတဲ့ ဓါတ် ၂မျိုး
  • အာလူးထဲက အဆိပ်သင့်စေတဲ့ ဓါတ် ၂မျိုး က တော့  ဂလိုင်ကိုအယ်ကလွိုက် (glycoalkaloid ) တွေဖြစ်တဲ့ alpha-chaconine နဲ့ alpha-solanine တို့ဖြစ်ပါတယ်။
  • အဲဒီဓါတ်တွေ အာလူးတပင်လုံးမှာရှိနေတာပါ။ အများဆုံးရှိတာက အရွက်၊အပွင့်၊ အညှောက်၊ မျက်ကွင်းနဲ့  အာလူးဥရဲ့ စိမ်းနေတဲ့အခွံတွေမှာဖြစ်ပြီး အာလူးဥရဲ့ အသားဖြူဖြူတွေမှာတော့ အဲဒီဓါတ်ပါဝင်မှု အနည်းဆုံးပါ။ အာလူးအခွံမှာပါတဲ့ အဲဒီဓါတ်တွေက အာလူးအသားထက် သုံးဆကနေ ၁၀ ဆ အထိများနိုင်ပါတယ်။
  • အာလူးဥတွေအညှောက်ပေါက်တဲ့အခါနဲ့ အခွံတွေစိမ်းနေတဲ့အခါမှာ အဲဒီဓါတ်တွေပိုများလာတဲ့ အတွက်၊ မျက်ကွင်း၊ အညှောက်ပါတဲ့အပိုင်းတဲ့ အခွံစိမ်းတွေ အများကြီး စားတဲ့ထဲ ရောပါသွားတဲ့အခါ  အဆိပ်သင့်ခြင်း ဖြစ်ပါတယ်။
ဘယ်လောက်များရင် အဆိပ်သင့်တာလဲ
  • အစားသောက် အန္တရာယ်ကင်းရှင်းရေးသတ်မှတ်ချက်တွေမှာ  အာလူးတွေကနေ အဆိပ်မသင့်စေဖို့ အာလူးအလေးချိန် ၁၀၀ ဂရမ် မှာ အဲဒီ  solanine နဲ့  chaconine ဓါတ် ၂၀ မီလီဂရမ်ထက် မပိုရဘူးဆို့ဆိုထားတဲ့အတွက် အာလူး ၁၀၀ ဂရမ် ( ၆ကျပ်သား) မှာ အဲဒီ  solanine နဲ့  chaconine ဓါတ်  စုစုပေါင်း ၂၀ မီလီဂရမ်အထိပါသည့်တိုင်အောင် လူကိုဒုက္ခပေးနိုင်ဘူးလို့ဆိုတာပါ။ ဘာကြောင့်လည်းဆိုတော့ အများစုက အခွံမှာ စုနေတာဖြစ်လို့ အခွံနွှာပြီး သွားတဲ့ အာလူးမှာ အဲဒီဓါတ်တွေအလွန်ကိုနည်းသွားလို့ပါ။
  • သုတေသနစမ်းသပ်ချက်တွေအရ အခွံနွှာထားတဲ့ အာလူးအသား ၁၀၀ ဂရမ်မှာ အဲဒီ အဆိပ်ဖြစ်စေတဲ့ ဓါတ် ၀.၁၀ မီလီဂရမ်ကနေ ၄.၅ မီလီဂရမ်လောက်အထိပဲပါပါတယ်။ 
  • အာလူးအခွံ ၁၀၀ ဂရမ်မှာ တော့ အဲဒီ အဆိပ်ဖြစ်စေတဲ့ ဓါတ် ၃ မီလီဂရမ်ကနေ ၁၀၀  မီလီဂရမ်ကျော်အထိပါနိုင်ပါတယ်။
အန္တရာယ်ရှိနိုင်တဲ့ပမာဏ
  • လူ့ခန္ဓာကိုယ်အလေးချိန် တစ်ကီလိုဂရမ်တိုင်းမှာ အဲဒီဓါတ် တွေ ၂ မီလီဂရမ် ရှိလာတဲ့အခါ အဆိပ်သင့်လက္ခဏာတွေပြတယ်လို့ဆိုပါတယ်။
  • ကိုယ်အလေးချိန် ၈၀ ကီလို ( ပေါင်၁၇၆ ပေါင် ) ရှိသူတယောက် က အာလူးအခွံစိမ်း (သို့) အညှောက်ပေါက် တဲ့ အပိုင်း ၁၀၀ ဂရမ် ( ၆ ကျပ်သား) ကိုစားလျင် အဲလိုဖြစ်နိုင်ပါတယ်။
  • အဲလိုအပိုင်းတွေကိုဖြတ်ထုတ်ထားတဲ့ အာလူးအသားကိုပဲစားလျင်တော့ အာလူး အနည်းဆုံး သုံးကီလိုခွဲ ( နှစ်ပိသာ ၃၀ သား) စားမှ အဲလိုဖြစ်မှာပါ။၊
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးအစိမ်းမှာလည်း alpha-tomatine and dehydrotomatine ဆိုတဲ့ ဂလိုင်ကိုအယ်ကလွိုက်ပါပါတယ်။ သူတို့က အလူးမှာပါတဲ့ solanine နဲ့  chaconine ဓါတ်တွေလောက်တော့ အဆိပ်အတောက်မရှိဘူးဆိုပါတယ်။’
ဒါပေမယ့် ခရမ်းချဉ်သီးကို ရင့်မှ မှည့်မှ စားဖို့နဲ့  ခရမ်းချဉ်သီး အစိမ်းနဲ့ အစိမ်ကိုလုပ်ထားတဲ့ အစားစာတွေကို အများကြီးမစားဖို့၊ ခရမ်းချဉ် အပင် ရဲ့ အရွက်နဲ့ အရိုးလို စိမ်းတဲ့အပိုင်းတွေကို မစားဖို့ အကြံပြုထားပါတယ်။ 
သတင်းမှား
ဒါကြောင့် ဖေ့ဘုတ်မှာပြန့်နေတဲ့
“ဒီလို အာလူးမျိုးကို(၂)မီလီဂရမ်မျှ စာသုံးခြင်းဖြင့် (၁)ကီလိုမျှ ဝိတ်တက်စေပါတယ်။”
ဒီလို အာလူးမျိုးကို (၃)မီလီဂရမ်မှ (၆)မီလီဂရမ်ကြား စားသုံးလာပါက မေ့မြောနိုင်သလို အသက်ပါသေစေနိုင်ပါတယ်။ ဆိုတာကတော့တက်တက်စင်အောင်လွဲနေပါတယ်လို့ဆိုပါရစေ။
၃-၆ မီလီဂရမ်ဆိုတာချိန်မရလို့ ချိန်လို့ရတဲ့ ၂ ဂရမ် = ၂၀၀ မီလီဂရမ်ဆိုတာ ဘယ်လောက်များတယ်ဆိုတာ နှိုင်းယှဉ်လို့ရအောင်ပြထားပါတယ်။ 
ဖိုးသုည
07/11/2019
အကိုးအကားများ
Monday, November 4, 2019
Viber နဲ့ Wechat messaging app တွေမှာ တခြားဘာသာတွေနဲ့ရေးထားတဲ့ မက်ဆေ့တွေကို မြန်မာဘာသာသို့ပြန်ဆိုနည်း။
Viber နဲ့ Wechat messaging app  တွေမှာ တခြားဘာသာတွေနဲ့ရေးထားတဲ့ မက်ဆေ့တွေကို မြန်မာဘာသာသို့ပြန်ဆိုနည်း။ 
Viber နဲ့ Wechat ဆိုတဲ့ messaging app  နှစ်ခုက တခြား messaging app တွေလိုမဟုတ်ဘဲ Google Translate ကိုသူတို့ app နဲ့တွဲထားပါတယ်။ 
ဒါကြောင့် တခြားဘာသာစကားတွေနဲ့ရေးထားတဲ့ မက်ဆေ့တွေကို Viber နဲ့ Wechat  တို့ကိုသုံးပြီးပို့လိုက်လျင်  မိမိဖုန်းရဲ့ ဘာသာစကားကို ပြောင်ခိုင်းပြီးဖတ်လို့ရပါတယ်။
တခြား ဘယ် app မှ ထပ်ထည့်စရာမလိုပါ။
မိမိဖတ်ချင်တဲ့ ဘာသာစကားကို ဖုန်းရဲ့ ဘာသာစကားဖြစ်အောင်ပြောင်းထားပေးဖို့ပဲလိုပါတယ်။
မြန်မာလိုဖတ်ချင်တော့ ဖုန်းဆက်တင်ထဲက ဘာသာစကားကို ဗမာ ( မြန်မာ) လို့ပြောင်းရပါမယ်။
settings > (Additional settings)> Language &Input > Language  မှာ ဗမာ ( မြန်မာ) လို့ ပြောင်းပါ။
Viber
Viber app  ကိုဖွင့်ပြီး ကိုယ် ဘာသာပြန်စေချင်တဲ့ မက်ဆေ့ချ်ကို ခဏဖိထားပါ။
ပေါ်လာတဲ့ အကွက်ထဲမှ " ဘာသာပြန်ပါ"  ကိုရွေးပေးပါ။
ဘာသာပြန်ခြင်းကို Google နဲ့ရှဲမလားမေးတဲ့ နေရာမှာ " ဆက်လက်လုပ်ဆောင်ပြီးနောက်တကြိမ် မပြတော့ ပါ" ကိုရွေးပါ။
ပြီးလျင် ဘာသာပြန်ပြီးသားမက်ဆေ့ကို မူလမက်ဆေ့အောက်တွင်တွဲလျက်ပြပါမယ်။
ကိုယ်က ပြန်စာရေးလျင်တော့ ဘာသာပြန်ပေးစရာမလိုပါ။
ပြန်စာရသူက ကိုယ့်စာကို သူ့ရဲ့  Viber app ထဲမှာ သူဖတ်ချင်တဲ့ ဘာသာကိုပြောင်းဖတ်လို့ရပါတယ်။
သူ့မက်ဆေ့ကို ကိုယ့်ဖုန်းထဲမှာ ဘာသာပြန်ဖတ်သလို ကိုယ့်မက်ဆေ့ချ်ကိုလည်း သူ့ဖုန်းထဲမှာ သ့ဖာသာဘာသာပြန်ဖတ်ပါစေ။ ကိုယ် က ယူနီကုဒ်သုံးဖို့ပဲလိုပါတယ်။
Wechat
Wechat app  ကလောလောဆယ် ယူနီကုဒ်ကို မသုံးပဲ ဇော်ဂျီကိုသုံးနေသေးလို့  သူ့ဆက်တင်မှာပြတဲ့ မြန်မာစာတွေကို ယူနီကုဒ်ဖုန်းတွေမှာ မှန်မှန်ကန်ကန်မြင်ရဦးမှာ မဟုတ်ပါ။
ဒါပေမယ့် ဘာသာပြန်တာကိုတော့ Google Translate ကိုသုံးတာဖြစ်လို့ မြန်မာစာကိုယူနီကုဒ်နဲ့ပြပါတယ်။
Wechat app  ကိုဖွင့်ပြီး ကိုယ် ဘာသာပြန်စေချင်တဲ့ မက်ဆေ့ချ်ကို ခဏဖိထားပါ။
ပေါ်လာတဲ့ အကွက်ထဲမှ " ဘာသာပြန်မည်" "  ဘာသာျပန္မည္" ကိုရွေးပေးပါ။
ပြီးလျင် ဘာသာပြန်ပြီးသားမက်ဆေ့ကို မူလမက်ဆေ့အောက်တွင်တွဲလျက်ပြပါမယ်။
ကိုယ်က ပြန်စာရေးလျင်တော့ ဘာသာပြန်ပေးစရာမလိုပါ။
ပြန်စာရသူက ကိုယ့်စာကို သူ့ရဲ့  Viber app ထဲမှာ သူဖတ်ချင်တဲ့ ဘာသာကိုပြောင်းဖတ်လို့ရပါတယ်။
သူ့မက်ဆေ့ကို ကိုယ့်ဖုန်းထဲမှာ ဘာသာပြန်ဖတ်သလို ကိုယ့်မက်ဆေ့ချ်ကိုလည်း သူ့ဖုန်းထဲမှာ သ့ဖာသာဘာသာပြန်ဖတ်ပါစေ။ ကိုယ် က ယူနီကုဒ်သုံးဖို့ပဲလိုပါတယ်။
ဖိုးသုည
05-11-19
Sunday, November 3, 2019
တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်းနဲ့ မက်ဆေ့ပြန်ခြင်း။
တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်းနဲ့  မက်ဆေ့ပြန်ခြင်း။
တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်း
သုံးတဲ့ မက်ဆန်ဂျာ အပလီကေးရှင်း ပေါ်တည်ပြီး မတူတာတွေရှိပါတယ်။ 
Wechat နဲ့ Viber တို့မှာ Google Translate  ကိုတွဲထားပေးလို့  မက်ဆေ့တွေကိုဖုန်းရဲ့ ဘာသာစကားကိုပြန်ဆိုပေးပါတယ်။ ( Android , iOS) ( လုပ်နည်းတွေကိုဒီ မှာကြည့်ပါ 
https://share-knwge.blogspot.com/2019/11/viber-wechat-messaging-app.html
Facebook Messenger, Whatsapp, Telegram, Skype, Lines စတာတွေမှာတော့ဘာသာပြန်စနစ်နဲ့ချိတ်ဆက်ထားတာမရှိလို့ မက်ဆေ့တွေကို ဘာသာပြန်ချင်လျင်  အောက်ပါနည်းတွေနဲ့ ဘာသာပြန်လို့ရပါတယ်။ 
လေးမျိုးလုပ်လို့ရပါတယ်။ ပထမ နှစ်မျိုးကိုတော့ Android phone  တွေမှာပဲသုံးလို့ရပါတယ်။ 
Google Translate မှာပုံမှန်ဘာသာပြန်နည်းနဲ့ Chrome browser မှာသုံးတဲ့နည်းကိုတော့ iPhone iPad တွေမှာပါသုံးလို့ရပါတယ်။
(၁) Gboard keyboard ရဲ့ ဘာသာပြန် စနစ်ကိုသုံးနည်း။ (Android) ( ဘယ် messaging app နဲ့မဆိုရပါတယ်။) 
(၂) Google Translate app မှာပါတဲ့ Tap to Translate ကိုသုံးနည်း။ ( Android) ( ဘယ်messaging app နဲ့မဆိုရပါတယ်။) 
(၃) Google Translate ကိုသုံးပြီးဘာသာပြန်နည်း (အလုပ်ရှုပ်)နဲ့ ( Android , iOS)( ဘယ်messaging app နဲ့မဆိုရပါတယ်။) 
(၄) Chrome Browser မှာပါတဲ့ ဘာသာပြန်စ်နစ်ကိုသုံးနည်းပါ။  (Android, iOS) ( Facebook Messenger, ပဲရပါတယ်။ 
(၁) Gboard ကိုသုံးပြီး တခြားဘာသာနဲ့လာတဲ့ မက်ဆေ့တွေကို ဘာသာပြန်ပြီး ဖတ်ခြင်းနဲ့  မက်ဆေ့ပြန်ခြင်း။
Gboard ကိုသုံးနေသူတွေကတော့ တခြားဘာသာနဲ့ရေးထားတဲ့ မက်ဆေ့တွေကို Gboard  ရဲ့ ဘာသာပြန် စနစ်ကလေးကိုသုံးပြီး ဘာသာပြန်ဖတ်လို့၊ စာပြန်လို့ရပါတယ်။ 
Gboard အပေါ်တန်းမှာ ဘာသာပြန် ခလုပ်ကလေး ကိုတင်ထားပါ။
မရှိလျင် အပေါ်က icon bar မှာရှိတဲ့ အစက်သုံးစက်ကိုနှိပ်ပြီး ပုန်းနေတဲ့  ခလုပ်ကလေး ကို အပေါ်က ဘားပေါ်ကိုဆွဲတင်လိုက်ပါ။
ကိုဖတ်ချင်တဲ့ ဘာသာခြားစာနဲ့မက်ဆေ့ကို ဖိထားပြီးကော်ပီကူးပါ။ 
မက်ဆေ့ပြန်တဲ့ အကွက်ကိုဖိထားလျင် Gboard  တက်လာပါမယ်။ 
Gboard  ရဲ့ဘာသာပြန်ခလုပ်ကိုနှိပ်ပြီး ဘာသာပြန် ဘားတန်းကိုဖွင့်ပါ။
ဘယ်ဖက်ကဘာသာစကားကို မက်ဆေ့ရဲ့ ဘာသာစကားကိုပြောင်းပါ။ 
ညာဖက်ကဘာသာစကားကိုကိုယ်ဖတ်ချင်တဲ့ ဘာသာ( မြန်မာ) ထားပါ။
ပြီးလျင် ဘားတန်းအောက်ကစာရိုက်အကွက်မှာ ကူးထားတဲ့ မက်ဆေ့ကို paste လုပ်ပါ။ 
ဘားတန်းအပေါ်က စာပြန်တဲ့အကွက်မှာ ဘာသာပြန်ပြီးသားမြန်မာစာကိုပြပါတယ် 
ဖတ်ပြီးလို့ဖျက်ချင်လျင် ဘာသာပြန်စာကိုဖိထားပြီး ပေါ်လာတဲ့ Delete ကိုနှိပ်ပါ။
မက်ဆေ့ကိုပြန်စာရေးပြီးနောက် ဘာသာပြန်ပြီး ပို့လိုလျင်  
ကိုယ်က မြန်မာကနေ သူ့ဘာသာကိုပြန်မှာဖြစ်လို့ ဘာသာစကား၂ ခုကြားက swap languages မြှားကိုနှိပ်ပြီး ဘယ်ညာ ဘာသာစကားပြောင်းပါ။ 
ဘားအောက်ကအကွက်မှာ မြန်မာလိုရေးလျင် အပေါ်က ပြန်စာ အကွက်မှာ သူ့ဘာသာကိုပြန်ပေးပါမယ်. 
ပြီးလျင်မက်ဆေ့ပို့တဲ့ မြှားကိုနှိပ်ပြီးပို့လိုက်ပါ။ ပြန်စာက သူ့ဘာသာနဲ့ထွက်သွားပါလိမ့်မယ်။ 
(၂၊၃)  ဒုတိယနဲ့ တတိယနည်းတွေကတော့ Gboard ကီးဘုတ်မသုံးသူတွေအတွက်ပါ။ Google Translate app  ကိုသုံးပါတယ်။
(၂) Google Translate  app ကိုသုံးပြီး Tap to translate  ဖွင့်ကာ အဆင့်နည်းနည်းနဲ့ ဘာသာပြန်နည်း။
Google Translate  app ကိုဖွင့်ပါ။
ဘယ်ဖက်က Translate from ဆိုတဲ့ ဘာသာစကားကို Detect Language ကိုပြောင်းပါ။
ညာဖက်က Translate to  ဆိုတဲ့ ဘာသာစကားကို Myanmar ( Burmese) လို့ပြောင်းပါ။
ဘယ်ဖက်အပေါ်က အစင်းသုံးခုနဲ့  menu ကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက  Settings  ကိုဝင်ပါ။
Settings ထဲက အပေါ်ဆုံးမှာရှိတဲ့  Tap to Translate  ဆိုတာကို နှိပ်ပြီး   Enable ရဲ့ ညာဘက် ကခလုပ်ကိုဖွင့်ပေးပါ။
အောက်က Preferred languages မှာ Primary Language ကို မြန်မာ ဘာသာ ထားပေးပါ။ ပြီးလျင် app ရဲ့ နောက်ပြန်မြှားနဲ့ပြန်ထွက်ပါ။
Tap to Translate အလုပ်လုပ် ဖို့ Google Translate  app ကို ပိတ်လို့မရပါ။ Back ground မှာ အလုပ်လုပ်နေရပါမယ်။ ဖုန်းရဲ့ Back နဲ့ထွက်လျှင် Google Translate  app ပိတ်သွားပါမယ်။
ဒါကြောင့် ဖုန်းရဲ့ Home ခလုပ်ကိုနှိပ်ပြီးထွက်ပါ။
မက်ဆေ့ကိုဖတ်ဖို့မက်ဆန်ဂျာ app ကိုဖွင့်ပါ။
ကိုယ်ဘာသာပြန်ဖတ်ချင်တဲ့ မက်ဆေ့ကိုခဏဖိထားပါကအောက်မှာ  copy ဆိုတာပေါ်လာပါမယ်။
အဲဒီ  copy ကိုနှိပ်ပြီး စားကိုကော်ပီကူးလိုက်ပါ။
စာတွေကိုကော်ပီကူးတာနဲ့ screen  ညာဘက်မှာ Translator floating ball ကလေးပေါ်လာပြီးပြပါမယ်။
ကိုယ် ဘာသာပြန်ဖတ်ချင်တဲ့ မက်ဆေ့ကိုကော်ပီကူးတာနဲ့  Tap to Translate  ဘာသာပြန်ဘောကလေးပေါ်လာပါမယ်။
အဲဒီဘောကလေးကိုနှိပ်တာနဲ့ ကိုယ်ကော်ပီကူးထားတဲ့ မူရင်းစာကိုပြပြီး သူ့အောက်မှာ ဘာသာပြန်ပြီးသားစာကိုပါပြပါတယ်။
ပြန်စာကိုဘာသာပြန်ချင်လျှင် အဲဒီဘာသာပြန်ဝင်းဒိုးအောက်က  "New Translation"  ကိုနှိပ်ပါ။
စောစောက စာတွေပျောက်ပြီး ပြန်စာရေးဖို့ မြန်မာဘာသာကို ဘားအပေါ်မှာပြကာ စောစောက ကိုယ်ဘာသာပြန်တဲ့ဘာသာစကားကိုအောက်မှာပြပါတယ်။
ပြန်စာကို အဲဒီ မြန်မာအောက်ကနေရာမှာရေးတာနဲ့ အောက်မှာ ဘာသာပြန်စာကိုပြပြီး ကော်ပီကူးဖို့ ပါပြပါတယ်။
ဘာသာပြန်ပြီးသားစာကိုကူးပြီး ပြန်စာအကွက်မှာထည့်ပြီး send ခလုပ်ကိုနှိပ်ကာပြန်စာ ပို့လိုက်ပါ။
(၃) Google Translate  app ကိုသုံးပြီး ပုံမှန်ဘာသာပြန်နည်း။  (Android နဲ့ iOS စက် ၂မျိုးလုံးမှာ သုံးလို့ရပါတယ်။)
Google Translate  app ကိုဖွင့်ပါ
ဘယ်ဖက်က Translate from ဆိုတဲ့ ဘာသာစကားကို Detect Language ကိုပြောင်းပါ။
ညာဖက်က Translate to  ဆိုတဲ့ ဘာသာစကားကို Myanmar ( Burmese) လို့ပြောင်းပါ။
ဘာသာခြားနဲ့ရေးထားတဲ့ မက်ဆေ့တွေစာတွေကိုကော်ပီကူးယူပါ
Google Translate  app ကိုဖွင့်ပါ
ကူးလာတဲ့ မက်ဆေ့ထဲက စာတွေကို "Tap to enter text" ဆိုတဲ့ နေရာမှာ ကူးချပါ။
Google Translate  app က စာတွေကို မြန်မာလို့ပြန်ပေးပါတယ်။
ပြန်စာကိုရေးပြီး ဘာသာပြန်ဖို့ ဘာသာပြန်ထားတဲ့စာတွေရဲ့ ညာဖက်အောက်က အစက် သုံးခုကိုနှိပ်ပါ။
ပေါ်လာတဲ့ထဲက  " Reverse Translate" ကိုနှိပ်ပါ။
( အိုင်ဖုန်းအိုင်ပက်တွေထဲက  Google Translate မှာ " Reverse Translate" ဆိုတာမတွေ့ပါ။ ပြန်စာရေးပြီး ဘာသာပြန်ဖို့ Swap Languages   ဆိုတဲ့ ဘာသာစကား ၂ခုကြားက မြှားကိုနှိပ်ပြီးပြောင်းမှရပါမယ်)
 အပေါ်မှာပြနေတဲ့ ဘာသာစကား၂ခု ဘယ်ညာပြောင်းသွားပါမယ်။ ဘာသာစကား ၂ခုကြားက မြှားကိုနှိပ်ပြီး Swap Languages   လုပ်ပေးတာနဲ့ အတူတူပါပဲ ။
ရှိနေတဲ့ စာတွေကိုရှင်းဖို့ ညာဘက် အပေါ်က ကြက်ခြေခတ်ကိုနှိပ်ပါ။
ပေါ်လာတဲ့ Tap to enter text မှာ ပြန်စာကိုမြန်မာလိုရေးပါက အောက်မှာ ဘာသာပြန်ပေးပါမယ်။
ဘာသာပြန်ပြီးသားစာကို မက်ဆန်ဂျာမှာ ပြန်ထည့်ဖို့ ညာဘက် အောက်ခြေက Copy ကိုနှိပ်ပြီးစာတွေကိုကူးပါ။
ပြီးနောက် မက်ဆန်ဂျာကိုပြန်ဖွင့်ပြီး ကူးယူလာတဲ့ ဘာသာပြန်ပြီးသားစာကို ပြန်စာအကွက်မှာ ထည့်ကား send ခလုပ်ကိုနှိပ်လို့ ပြန်စာ ပို့လိုက်ပါ။
ဒီနည်းရဲ့အားနည်းချက်ကတော့  ဖတ်ချင်တဲ့မက်ဆေ့တွေကို တခုချင်း
စာတွေကို ကော်ပီကူး > Google Translate  app  ဖွင့် > စာတွေကူးချပြီး ဘာသာပြန်ဖတ် >Reverse Translate  လုပ်ပြီးပြန်စာရေး> copy ကူး> မက်ဆန်ဂျာကိုဖွင့် > ပြန်စာပို့ ဆိုတဲ့ အလုပ်ကို မက်ဆေ့တခုချင်းအတွက်လုပ်ရတော့ အလုပ်ရှုပ်ပါတယ်။
အားသာချက်ကတော့ Google Translate  app မှာ Detect Language လုပ်ထားလို့ဘာသာမတူတဲ့ မက်ဆေ့ချ်တွေကို ဘာမှ ထပ်မပြောင်းဘဲ ဘာသာပြန်လို့ရပါတယ်။
၄။ နောက်ဆုံးနည်းကတော့ Google Chrome web browser ကိုသုံးပြီ:  စာတွေကို မြန်မာဘာသာကို အလိုလျှောက်ဘာသာပြန်ပေးဖို့ ဆက်အပ်လုပ်ကာ Facebook နဲ့  messenger ကို Chrome  ထဲမှာ ဖွင့်ဖတ်တဲ့ နည်းပါ။ Android  နဲ့ iOS စက် ၂မျိုးလုံးမှာရပါတယ်။ 
အသေးစက် ကို ထပ်တင်ပေးပါမယ်။
လောလောဆယ် Youtube video  လင့်တင်ထားပါတယ်။
ဒီနည်းရဲ့ အားနည်းချက် က ပြန်စာတွေကို ဘာသာပြန်ပြီးပို့လို့မရပါ။
လာတဲ့စာတွေကိုတော့ ဘာမှ ထပ်လုပ်စရာမလိုပဲ ဘာသာပြန်ပြီးသားကိုဖတ်လို့ရပါတယ်။
Wednesday, October 16, 2019
Android phone တွေ မှာ voice typing အလုပ်မလုပ်တဲ့ပြသနာအတွက်အဖြေရှာခြင်း။
Android phone တွေ မှာ voice typing အလုပ်မလုပ်တဲ့ပြသနာအတွက်အဖြေရှာခြင်း။
ယူနီကုဒ်ကိုပြောင်းသုံးလာသူတွေ စိတ်ဝင်စားပြီး အခက်ကြုံလေ့ရှိတာ တခုကတော့ အသံနဲ့စာရေးတဲ့  Voice typing ပဲဖြစ်ပါတယ်။
voice typing ကိုသုံးမယ်ဆိုလျင် ဘာတွေ လိုအပ်သလဲ 
၁။ voice typing ကိုသုံးလို့ရတဲ့ကီးဘုတ်၊ 
၂။ သုံးမယ့် ကီးဘုတ် ရဲ့  app ထဲမှာ အသံနဲ့စာရေးတဲ့  voice typing ကိုဖွင့်ထားပေးဖို့၊
၃။ ဖုန်းထဲမှာ Google voice typing / voice input  အဆင်သင့်ရှိနေဖို့၊
၄။ Google voice typing ထဲမှာ မြန်မာဘာသာစကားကို Primary language ဖြစ်နေရပါမယ်။ 
၅။ ကိုယ်သုံးမယ့်  Keyboard app ကို microphone သုံးခွင့်ပြုဖို့  permission ၊
၆။ မြန်မာဘာသာက  Offline voice typing မရသေးလို့ မြန်မာလို voice typing လုပ်လျင် အင်တာနက်ကိုချိတ်ထားရပါမယ်။ 
၁။ Voice Typing  သုံး၍ရသော အသုံးများတဲ့ မြန်မာယူနီကုဒ်ကီးဘုတ်များ 
1. Gboard
2. Bagan Keyboard
3. K Keyboard
4. TT Keybaord
5. Manic Keyboard
6. Swiftkey 
ဖေါ်ပြပါကီးဘုတ်တွေထဲမှာ Bagan KB တခုပဲ ကိုယ်ပိုင် Bagan ASR voice typing ပါပေမယ့် သိပ်အဆင်မပြေလှသေးပါဘူး။ ပုဂံကီးဘုတ်အပါအဝင် အဆိုပါပကီးဘုတ်အားလုံးက Google Voice typing  ကိုသုံးကြပါတယ်။ 
ဒါကြောင့် အသံနဲ့စာရေးတဲ့ voice typing ကိုသုံးမယ်ဆိုလျင် Google Voice typing  service  ဖုန်းထဲမှာ ရှိထားရပါမယ်။ 
၂။ မိမိရဲ့ကီးဘုတ်မှာ  Voice typing  ဆိုတာကလေးကို ဖွင့်ထားပေးဖို့လိုအပ်ပါတယ်။ 
Voice typing  ဆိုတာကလေးကို ဖွင့်ထားပေးပုံကတော့ ကီးဘုတ် တခုနဲ့တခုမတူပါဘူး
၁. Gboard  မှာ 
app setting ထဲက Voice typing ကိုဝင်ပြီး Use voice typing ကိုဖွင့်ပေးရပါမယ်။ Gboard  ကိုစသွင်းကတည်းက  အော်တို ဖွင့်ထားပေးပါတယ်။
၂, Bagan Keybaord မှာတော့
Options ထဲကိုဝင်ပြီး Select voice keyboard ကိုနှိပ်ကာ Google Voice Keyboard ကိုရွေးပေးပါ။
၃. K Keybaord
K Keybaord  ရဲ့ Design ကိုနှိပ်ကာ ပေါ်လာတဲ့ထဲက Voice ကိုဝင်ပြီး Google Voice Typing ကို ဖွင့်ပေးပါ။
၄. TT Keyboard မှာ Preferences  ကိုဖွင့်လိုက်လျင် အောက်မှာ Voice input key ဆိုတာရှိပါတယ်။  ကီးဘုတ်မှာ   မိုက် ပုံကလေးပေါ်ဖို့အဲဒါကလေးကိုဖွင့်ရပါမယ်။
၃။ Google voice typing / voice input ရှိမရှိ စစ်ဆေးရန်
Phone ရဲ့ Settings  (သို့မဟုတ်) သူ့ထဲက Additional settings ထဲမှာ  Language & Input ကိုဝင်ပါ။ အဲဒီထဲက Keyboards & Input Methods အောက်မှာ သုံးလို့ရတဲ့ကီးဘုတ်တွေ အများကြီး တန်းစီထားပါတယ်။ 
အဲဒီကီးဘုတ် စာရင်းထဲမှာ Google Voice typing  ဆိုတာ ရှိရပါမယ်။ မရှိလျင် ထည့်ပေးရပါမယ်။ 
Google voice typing / voice input ကို ဘယ်လို့ထည့်မလဲ 
ဖုန်းထဲမှာ Play Store  ရှိလျင် Play Store  ထဲမှာ Google လို့ရိုက်ရှာပြီး ပေါ်လာတဲ့ Google app ကို install လုပ်ပေးပါ။ 
ဖုန်းထဲမှာ Play Store  မရှိလျင် တော့ Gapp installer  နဲ့ ထည့်လို့ရပါတယ်။ Gapp installer  နဲ့ပတ်သက်တာတွေကို ဒီလင့်မှာကြည့်လို့ရပါတယ်။ https://www.facebook.com/groups/myanmarxiaomifans/permalink/2613453038688746/
 Google app ကို install လုပ်ပြီးတဲ့ အခါမှာ Phone ရဲ့ Settings  (သို့မဟုတ် သူ့ထဲက Additional settings ထဲမှာ  Language & Input ကိုဝင်ပါ။ အဲဒီထဲက Keyboards & Input Methods အောက်မှာ
Google voice typing (သို့) Voice Input  ဆိုတာကလေးကိုတွေ့ရမှာဖြစ်ပြီး အသံနဲ့စာရိုက်လို့ရသွားမှာဖြစ်ပါတယ်။ 
Gboard , Bagan Keybaord, Kkeyboard, , Manic keyboard   တွေရဲ့ voice typing  က  Google app  ကို install လုပ်လိုက်တာနဲ့ ရပေမယ့် တချို့ကီးဘုတ်တွေ ဥပမာ TT keyboard ကတော့ Setting language>  inputs > keyboards and input methods ထဲမှာ  Google Voice typing  ဆိုတဲ့voice typing keyboard ကလေးမပေါ်မချင်းအလုပ်မလုပ်ပါ။ ပြသနာက အဲဒီ Google Voice typing ကလေးကို ဖွင့်ပေးဖို့ က setting ထဲမှာမ မြင်ရပါ။ အဲဒီပြသနာကိုဖြေရှင်းဖို့ နည်းနည်းကြံဖန်ရပါတယ်။
Google app ကို install  လုပ်ပြီးနောက် Google voice Typing  ကို ဘယ်လို enable လုပ်မလဲ?
ကီးဘုတ် အသစ်တခု install  လုပ်ပြီး သူ့ရဲ့ app ဖွင့်လိုက်ပါ။ ကီးဘုတ် app ကိုဖွင့်တာနဲ့ အဲဒီကီးဘုတ်ကို  enable လုပ်ပါဆိုပြီး ပုံမှန်အားဖြင့်မမြင်ရတဲ့  " enable keyboard " option  ကိုပြပါတယ်၊ အဲဒီ ကီးဘုတ် စာရင်းထဲမှာ Google Voice typing  ကို enable  လုပ်မထားတာကိုတွေ့ရမှာပါ  သူ့ကိုenable လုပ်ပေးပါ၊။
အဲဒါဆို Setting language>  inputs > keyboards and input methods ထဲမှာ  Google Voice typing  ကိုတွေ့ရပါမယ်။
ပြီးတော့မှ TT keyboard, manic keyboard app တွေ ကိုဖွင့်လျင်တော့ Voice input key  အလုပ်တာကိုတွေ့ရမှာပါ။
ကီးဘုတ်တွင်လည်း  microphone ကိုတွေ့ရပါမယ်။
TT Keyboard
Google Voice Typing မရှိ၍ TT ကီးဘုတ်၏ Voice input key  အလုပ်မလုပ်ပါ။ ကီးဘုတ်တွင်လည်း  microphone မပြပါ။
၄. Google Voice typing  မှာ မြန်မာဘာသာကိုထည့်ရန်
Setting language>  inputs > keyboards and input methods ထဲမှာ  Google Voice typing ကိုနှိပ်ပြီးဖြစ်စေ။ ကီးဘုတ်က voive typing  ကိုဖွင့်လိုက်လို့ပေါ်လာတဲ့ Google Voice typing  ရဲ့ ပင်နယံပုံ ဆက်တင်ကိုဖြစ်စေသွားပြီး Language မှာ မြန်မာကိုပဲထားပြီး ကျန်တဲ့ ဘာသာတွေကိုဖြုတ်ပါ။
ပြီးလျင် save လုပ်ပါ။
Gboard မှာတော့ voice typing ကို ဘာသာတခုမကသုံးလို့ရပါတယ်။  ကီးဘုတ်က စာတွေက မြန်မာဆို အသံနဲ့ပြောလျင် မြန်မာလိုရေးပေးပြီး ကီးဘုတ် စာလုံးတွေသုံးတဲ့ ဘာသာအတိုင်း အသံကို စာရိုက်ပေးတာဖြစ်လို့ Langauge ထဲမှာ မြန်မာဘာသာပါနေသ၍  Primary ပဲဖြစ်ဖြစ် Other langauge ပဲဖြစ်ဖြစ် ပြသနာမရှိပါ။
တခြားကီးဘုတ်တွေမှာ voice typing သုံးလျင် primary language မြန်မာဖြစ်မှ မြန်မာလိုရေးပေးပါတယ်။ တခြားဘာသာကို ထပ်ဖြည့်လျင်တောင် primary language မြန်မာ ကနေမပြောင်းပါနဲ့ ။
၅. ကိုယ်သုံးမယ့်  Keyboard app ကို microphone သုံးခွင့်ပြုဖို့  permission ပေးထားရန်၊
အများအားဖြင့်ဒီလို permission ကို app install လုပ်စဉ်ကတည်းကတောင်းတတ်ပါတယ်။ အဲဒီတုန်းကမပေးခဲ့မလျင်လည်း Voice  ကိုဖွင်တဲ့အချိန်မှာတောင်းတတ်ပါတယ်။ ဖွင့်ပေးလိုက်ပါ။
အကယ်၍ ဖုန်းထဲမှာ Google Voice typing ရှိထားပြီးပါလျက် Voice typing မရလျင် 
(1) Internet connection ရှိ မရှိစစ်ပါ။ Online ဖြစ်မှ  မြန်မာဘာသာ voice typing ရပါတယ်။
(2)  Microphone ကို သုံးဖို့ permission ပေးထား မထား စစ်ပါ၊ ဖုန်း အမျိုးအစားအလိုက် Permission ကို ကြည့်လို့ရတဲ့နည်း ကွဲနိုင်ပါတယ်။ အများစုကိုတော့ Setting > app ( installed app/ app manager) ထဲမှာ ကိုယ်စစ်ချင်တဲ့ ကီးဘုတ် app ကိုဖွင့်ပြီးကြည့်နိုင်ပါတယ်။ 
ဒီလောက်ဆို Unicode keyboard မှာ  voice typing မရတဲ့ပြသနာကိုရှင်းလို့ရပြီလို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ဖိုးသုည
16-10-19
Sunday, October 13, 2019
Facebook မှာ (2FA) 2 Factor Authentication ခေါ် နှစ်ဆင့်ခံလုံခြုံရေးလုပ်နည်း။
Facebook မှာ (2FA) 2 Factor Authentication  ခေါ် နှစ်ဆင့်ခံလုံခြုံရေးလုပ်နည်း။
Facebook မှာ Password  အပြင် လုံခြုံရေးကုဒ်နံပတ်ကိုထည့်ပေးရတဲ့ နှစ်ဆင့်ခံလုံခြုံရေး အတွက် မိမိအကောင့်နဲ့ ချိတ်ဆက်ထားတဲ့  ကုဒ်နံပတ်ရအောင်လုပ်နည်းလေးမျိုးရှိပါတယ်။
ကုဒ်နံပတ်ရအောင်လုပ်နည်းလေးမျိုး
၁. Authenticator app လိုတခြား app ထုတ်လုပ်သူတွေရဲ့  app ( 3rd party app လို့ခေါ်ပါတယ်)ထဲမှာမိမိရဲ့ Facebook account ကိုချိတ်ဆက်ပေးပြီး မိမိအကောင့်ကို log in ဝင်တဲ့အခါတောင်းတဲ့ လုံခြုံရေးကုဒ်နံပတ်ကိုထုတ်ပေးတဲ့နည်း ။
Microsoft Authenticator  https://play.google.com/store/apps/dev?id=6720847872553662727&hl=en နဲ့ အခြားအလားတူ app တွေကိုသုံးနိုင်ပါတယ်။
၂. မိမိရဲ့ ဖေ့ဘုတ် အကောင့်ဖွင့်ထားတဲ့ ဖုန်း နံပတ် သို့မဟုတ် မိမိယုံကြည်စိတ်ချရတဲ့ တခြားဖုန်း နံပတ်တခုကို ထဲမှာမိမိရဲ့ Facebook account ကိုချိတ်ဆက်ပေးပြီး မိမိအကောင့်ကို log in ဝင်တဲ့အခါတောင်းတဲ့ လုံခြုံရေးကုဒ်နံပတ်ကို မက်ဆေ့ပို့ပေးစေနဲ့နည်း။
၃. နောင်တချိန်လိုအပ်လာလျင်သုံးဖို့ လုံခြုံရေးကုဒ်ကို မိမိရဲ့ Facebook account ထဲမှာ ကြိုတင်ထုတ်ပေးစေပြီး စိတ်ချရနဲ့နေရာမှာ သိမ်းဆည်းထားကာ လိုအပ်တဲ့အချိန်မှာ ထုတ်သုံးနည်း။
၄. မိမိလက်ရှိသုံးနေတဲ့ ဖေ့ဘုတ် အကောင့်ထဲက   Code generator ကနေ လုံခြုံရေးကုဒ်ကိုထုတ်ပေးစေတဲ့နည်းတွေပဲဖြစ်ပါတယ်။
ဒီလိုကုဒ်ဖြည့်ပေးတဲ့နည်းသာမက မိမိ အကောင့်ဝင်ထားတဲ့ ဖုန်းမှာ  နိုတီတက်လာပြီး  ဘယ်အချိန်က ဘယ်နေရာ ဘာစက်အမျိုးအစားနဲ့ သင့်အကောင့်ကိုဝင်ဖို့ကြိုးစားနေပါတယ်။ အဲဒါကို အတည်ပြုပေးမလားလို့မေးတာလည်းရှိပါတယ်။ ကိုယ်က စိစစ်ကြည့်လို့ ကိုယ် သို့မဟုတ် ကိုယ့်ကိုယ်စားဝင်ထားတာဖြစ်လျင်  အတည်ပြုပေးလိုက်တာနဲ့ကုဒ်တောင်းနေတဲ့ ပေ့ခ်ျ ပျောက်သွားပြီး အကောင့်ကိုဝင်လို့ရသွားစေပါတယ်။
ဒီလို လုံခြုံရေး စနစ်ကိုသုံးဖို့  ပထမဆုံး မိမိရဲ့ ဖေ့စ်ဘုတ် အကောင့်လုံခြုံရေးစနစ်မှာ (2FA) 2 Factor Authentication  ခေါ် နှစ်ဆင့်ခံလုံခြုံရေး ကိုဖွင့်ပေးရပါတယ်။
Two Factor Authentication  ခေါ် နှစ်ဆင့်ခံလုံခြုံရေး ကိုဖွင့်ပေးရန်
၁. မိမိရဲ့ဖေ့စ်ဘုတ် စာမျက်နှာ ရဲ့ ညာဘက် အပေါ်က အစင်းသုံးချောင်းနဲ့ Menu   ကိုဖွင့်ပါ။
၂၊ Settings and Privacy  ကိုနှိပ်ပြီး Settings  ကိုသွားပါ။
၃. Settings ထဲက Security ခေါင်းစဉ်အောက်မှာ Security and login ကိုဝင်ပါ။
၄. Security and login ထဲမှာ two–factor authentication ဆိုတာရှိပါတယ်။ အဲဒီက use two –factor  authentication ထဲကိုဝင်လိုက်ပါ။
ပြီးလျင်တော့ အထက်မှာဖေါ်ပြထားသလို ကုဒ်တွေကို ရဖို့ ကုဒ်ထုတ် app  (သို့)  ဖုန်းနံပတ် ကို မိမိရဲ့ ဖေ့စ်ဘုတ် အကောင့်နဲ့ ချိတ်ဆက်ပေးရမှာပါ။ 
သူက (၁) Authentication app ( ကုဒ်ထုတ်ပေးတဲ့ app  တခုခုသုံးမှာလား), (၂)Text Message  ( မိမိ အကောင့်ဖွင့်ထားတဲ့ ဖုန်းဆီကို ကုဒ်နံပတ် မက်ဆေ့ချ် ပို့ခိုင်းမှာလား ,  Change phone number ( မိမိရဲ့ တခြားဖုန်းတလုံးထဲကို ကုဒ်ကို မက်ဆေ့အနေနဲ့ပို့ခိုင်းမှာလား ) လို့ရွေးခိုင်းပါတယ်။ 
 (၁) Authentication app (  ကုဒ်ထုတ်ပေးတဲ့ app  တခုခုသုံးနည်း) နဲ့ချိတ်နည်း။ 
Play store  ထဲက ကိုယ်သုံးချင်တဲ့ Authenticator app တခုခုကို ယူပြီး install  လုပ်ပါ။ အရင်က  Google account, Microsoft account  တို့အတွက်သုံးထားတဲ့  app တခုခုရှိနေပြီးသားဆိုလည်း အဲဒီ app ထဲမှာ ကိုယ့် Facebook account ထည့်ပေးရုံပါပဲ။ 
ကောင်းတာကတော့ ဖေ့ဘုတ်မှာ 2FA  မဖွင့်ခင် Authenticator app တခုခုကိုကြိုထည့်ထားလျင်  အလုပ်ကိုတဆက်တည်းလုပ်သွားလို့ရပါတယ်။ 
Authenticator app ဖုန်းထဲမှာရှိပြီးပြီဆိုလျင်တော့  စောစောက လုပ်လက်စ  "Choose a security method မှာ  အပေါ်ဆုံးက Authenticator app ဆိုတာကလေးရဲ့ဘေးက ခလုပ်ကိုရွေးပေးပြီး အောက်က  Continue  ကို နှိပ်ပါ။ 
Setup via third party Authenticator  ဆိုတဲ့ စာမျက်နှာမှာ ရွေးစရာသုံးခုပေးပါတယ်။ 
(က) Setup on same device ဆိုတာကတော့ Authenticator app က ကိုယ်အခု setup လုပ်နေတဲ့ FB ရှိတဲ့ ဖုန်းထဲမှာ ရှိနေလျင်ရွေးပေးဖို့ပါ။ အဲလိုရွေးပေးတဲ့ အခါ  Authenticator app က အလိုလိုတက်လာပြီး 
ကိုယ့် Facebook အကောင့်နာမည်နဲ့    save key for (ကိုယ့်အကောင့်နာမည်) လို့မေးပါတယ်။ ဆိုလိုတာက အခုနက Facebook ကို Authenticator app မှာထည့်ဖို့ Facebook ကကုဒ်တခုထုတ်ပါတယ်။ အဲဒီကုဒ်ကို Authenticator app မှာသိမ်းဖို့မေးတာပါ၊ အဲဒီမှာ  OK လို့ရွေးပေးမှ Authenticator app ထဲမှာ ကိုယ့် Facebook အကောင့်ကိုထည့်ပြီးချိတ်ဆက်ပေးမှာပါ။ 
(ခ) အကယ်၍ Authenticator app ကတခြားဖုန်းတလုံးထဲမှာရှိနေတာဆိုလျင်တော့   ဒုတိယနေရာက QR code  သို့မဟုတ် တတိယနေရာက ကုဒ်တွေကိုသုံးရပါမယ်။ 
Authenticator app ရှိတဲ့ဖုန်းထဲက Authenticator appကိုဖွင့်ပါ။ Authenticator appထဲမှာ ဘာအကောင့်မှ မရှိသေးလျင်တော့  Begin  ကိုနှိပ်ပါ။ Authenticator app ထဲမှာ တခြားအကောင့်တွေရှိပြီးသားဆိုလျင်တော့ ညာဘက်အောက်ထောင့်က အပေါင်းလက္ခဏာကိုနှိပ်ကာ add account  လုပ်ရပါမယ်။ အဲဒီမှာ စာ ၂ တန်းပေါ်လာပါတယ်။. 'Scan a barcode'  နဲ့ ' Enter a provided key'  တို့ပါ။  
 Scan a barcode  ကိုနှိပ်လျင်တော့ ကင်မရာကိုသုံးဖို့ ပါမစ်ရှင်တောင်းပါတယ်။ allow လုပ်ပေးပြီးလျင်တော့  scanner  အကွက်ကလေးပေါ်လာပါတယ်။  စောစောက setup  လုပ်နေတဲ့ FB ကပြထားတဲ့ ဒုတိယနေရာက QR code ကို barcode scanner အကွက်ထဲဝင်အောင်ချိန်ပေးလိုက်ပါ။ 
Enter a provided key  ကိုနှိပ်လျင်တော့  စောစောက setup မှာ တတိယနေရာက "Or enter this code into your authentication app"  ဆိုတဲ့ အောက်ကကုဒ်တွေကို ဖြည့်ပေးပြီးကိုယ့်အကောင့်အမည်ဖြည့်ပါ  ဥပမာ Facebook ( Phoethunya) ဆိုပါစို့ (ဒီနာမည်က ကိုယ်က Authenticator app မှာ အကောင့်တခုမကထည့်ထားလျင် ဘယ်ကုဒ်ကဘယ်အကောင့်အတွက်ဆိုတာခွဲခွဲခြားခြားသိဖို့ပါ)။ ပြီးလျင်  Add ကိုနှိပ်ပါ။ 
အဲလိုမိမိရဲ့ဖေ့စ်ဘုတ်အကောင့်ကို Authenticator app မှာ ထည့်ပြီးပါပြီ။
အဲဒီအခါ သူက ကိုယ်ဖြည့်ထားတဲ့ အကောင့်နာမယ်နဲ့ ကုဒ်နံပတ်တွေကို ဆက်တိုက်ထုတ်ပေးနေပြီး ဘေးမှာ ကုဒ်ရဲ့ သက်တန်းကိုစက်ဝိုင်းကလေးနဲ့ပြနေပါတယ်။  ကုဒ်သက်တန်းကုန်ကာနီးလျင် နောက်တခုကိုစောင့်ပါ။ မဟုတ်လျင် ကိုယ်ကလည်းကုဒ်ထည့်ပြီးရော သူ့သက်တန်းလည်းကုန်တော့  နောက်တခုထပ်တောင်းရောဖြစ်မှာစိုးလို့ပါ။ ဒီ appတွေကိုသုံးဖို့ ဖုန်းက Online ဖြစ်နေရပါမယ်၊
Authenticator app မှာ ကိုယ့်ရဲ့ Facebook အကောင့်ကိုထည့်ပြီးပေမယ့် ကိုယ့် Facebook ကိုကိုယ်သုံးတဲ့ Authenticator app ကိုပြန်စိစစ်ဖို့လိုပါသေးတယ်။ 
ဒါကြောင့် သက်တမ်များများးရှိတဲ့ ကုဒ်ကိုမှတ်ထား (သို့) ကော်ပီကူးပါ ( ကုဒ်ကိုဖိထားလျင် အလိုလိုကော်ပီကူးပါတယ်)။ ပြီးလျင် Facebook ရဲ့ Setup via third party Authenticator  ဆိုတဲ့ စာမျက်နှာအောက်က Next ကိုနှိပ်ပါ။ အဲဒီမှာ ကုဒ်ဖြည့်ဖို့ တောင်းပါတယ်။ စောစောက Authenticator app  ကပေးလို့ကူးထားတဲ့ ကုဒ်ကိုဖြည့်ပေးပြီး  Next  ကိုနှိပ်ပါ။ သူက Facebook account ရဲ့ Password ကိုတောင်းပါတယ်၊ ဖြည့်ပေးပါ။ ဒါဆိုလျင်တော့ Authenticator app  ကိုလည်းဖေ့စ်ဘုတ်က အသိအမှတ်ပြုသွားပြီဖြစ်ပါတယ်။
နောင်ကို ဒီဖေ့စ်ဘုတ်အကောင့်ကိုသုံးနေကျမဟုတ်တဲ့ စက် (သို့) Browser  မှာဝင်တိုင်း password  မှန်ကန်စွာဖြည့်ပြီးတဲ့ အခါ ကုဒ်နံပတ်တောင်းပါတော့မယ်။ 
အဲဒီအခါ အခုအကောင့်နဲ့ ချိန်ထားတဲ့ Authenticator app က ဒီအကောင့်အတွက်ပေးတဲ့ကုဒ်ကိုသက်တန်းမကုန်မီဖြည့်ပါ။ 
အကယ်၍ ကိုယ် Authenticator app  ထည့်ထားတဲ့ဖုန်း ပျောက်သွားလို့၊ ပျက်သွားလို့ ပြင်လိုက်တာ  app ပြန်မရတော့လို့ ကုဒ်ကိုထုတ်လို့မရတော့ဘူးဆိုလျင် Back up  အနေနဲ့ ကုဒ်ရနိုင်တဲ့တခြားနည်းလမ်းတွေကိုထပ်ဖြည့်ထားတာကောင်းပါတယ်။  
(၂)Text Message  ( မိမိ အကောင့်ဖွင့်ထားတဲ့ ဖုန်းဆီကို ကုဒ်နံပတ် မက်ဆေ့ချ် ပို့ခိုင်းစေသောနည်း
ဒီနည်းကတော့ မိမိရဲ့ Facebook အကောင့်ဖွင့်ထားတဲ့ ( အကောင့်မှာထည့်ထားတဲ့) ဖုန်းနံပတ် သို့မဟုတ်  မိမိသုံးနေတဲ့စိတ်ချရသောတခြားဖုန်းနံပတ်တခုကို ဒီစနစ်မှာ မှတ်ပုံတင်ထားပြီး 2FA ကုဒ်ကို အဲဒီဖုန်းကို sms နဲ့ပို့စေတဲ့နည်းပါ။ 
Two-factor authentication  ခေါင်းစဉ်အောက်က  Add a backup  အောက်မှာ Text message ကိုနှိပ်ပါ။  Choose mobile number  ဆိုတာပေါ်လာပြီး  "Your phones " နဲ့  "add a New Phone Number " ဆိုပြီး ၂ ခုပေါ်လာပါမယ်။ 
Your phones ရဲ့အောက်မှာတော့ မိမိ ရဲ့ ဖေ့စ် ဘုတ် အကောင်နဲ့ချိတ်ထားတဲ့ဖုန်းနံပတ်တွေကိုပြနေမှာဖြစ်ပါတယ်။ ကိုယ်က 2 FA code ကိုအဲဒီဖုန်းထဲကိုလာစေချင်လျင်တော့ အဲဒီ နံပတ်ကိုနှိပ်လိုက်ပါ။ 
"add a New Phone Number " 
အကယ်၍ မိမိရဲ့ဖေ့စ်ဘုတ် အကောင့်မှာ ဖုန်းနံပတ်ထည့်မထားရသေးလျင်  (သို့) မိမိသုံးနေတဲ့စိတ်ချရသောတခြားဖုန်းနံပတ်တခုဆီကို  2 FA code ကိုပို့စေချင်လျင်တော့ "add a New Phone Number "  ကိုနှိပ်ပြီးကုဒ်ကိုလက်ခံချင်တဲ့ဖုန်းနံပတ်ကိုဖြည့်ပေးပါ။  " Confirm " ကိုနှိပ်ပါ။ 
အဲဒီအခါ ကုဒ်ကို sms နဲ့  နံပတ်ပေးလိုက်တဲ့ဖုန်းဆီကို ပို့ပါတယ်၊ အဲဒီကုဒ်ကို "Enter code" အောက်မှာပေးထားတဲ့ အကွက်မှာဖြည့်ပါ။ "Next" ကိုနှိပ်ပါ။ သူက Facebook account ရဲ့ password ကိုတခါဖြည့်ခိုင်းပြီးမှ  တည်ပြုပါတယ်။ " Finish "  ကိုနှိပ်ပါ။ 
ဒါဆိုလျင် 2FA ကုဒ်ကို  sms နဲ့ပို့စေဖို့ ဖုန်းနံပတ်တခုကိုမှတ်ပုံတင်လို့ပြီးပါပြီ။ 
Recovery codes
အကယ်၍ အကြောင်းကြောင်းကြောင့် အထက်ပါနည်း ၂ခုလုံးနဲ့ ကုဒ်ကိုလက်ခံဖို့မဖြစ်နိုင်တဲ့အခါမှာသုံးဖို့ ကုဒ်တွေကိုကြိုတင်ထုတ်ထားပြီး ရေးမှတ်ကာ လုံခြုံစိတ်ချရတဲ့နေရာမှာ သိမ်းထားလို့ရပါတယ်။
Two-factor authentication  ခေါင်းစဉ်အောက်က  Add a backup  အောက်မှာ  Recovery codes  ကိုနှိပ်ပါ။  Get Codes  ကိုနှိပ်ပေးပါ။ အဆင်သင့်သုံးလိုရတဲ့ကုဒ် ၁၀ ခုကိုပြပေးပါတယ်။  သေသေချာချာလုံလုံခြုံခြုံသိမ်းထားဖို့တော့လိုပါတယ်။ 
ဒါဆို လျင်တော့ မိမိရဲ့ facebook account  ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် Password ဖြည့်ပြီး တာနဲ့ ထပ်တောင်းတဲ့ကုဒ်ကို (1) Authentication app (2) sms နဲ့ဖုန်ုကိုပို့စေဖို့ (3) အဆင်သင့်သုံးကုဒ်တွေကိုကြိုထုတ်ထားဖို့ နည်းတွေကိုသိကြပြီထင်ပါတယ်။ 
 Facebook အကောင့်ထဲမှာ ပါတဲ့ Code Generator
Two-factor authentication ကို သုံးနေတဲ့ မိမိရဲ့ Facebook account  ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် တောင်းလာတဲ့ကုဒ်ကို မိမိ အကောင့်ဝင်ထားတဲ့ ဖုန်း (သို့) ကွန်ပြူတာ ထဲက Facebook ရဲ ့ Settings and Privacy  Code Generator ကနေလည်းထုတ်ပေးလို့ရပါတယ်။ ပေးတဲ့ကုဒ်ကို လက်မခံလျင်  Code Generator အဲဒီ  Code Generator အောက်ခြေက  My code doesn't work  ကိုရွေးပေးပါ။ "reset" လို့ပြလာပါလိမ့်မယ်။ reset လုပ်ပြီး ထွက်လာတဲ့ ကုဒ်ကို ထပ်စမ်းကြည့်ပါ။ 
မိမိအကောင့် ဝင်ထားတဲ့ Facebook  ကနေ  မိမိအကောင့်ဝင်တာကို အသိအမှတ်ပြုပြီး လက်ခံပေးခြင်း ။ 
Two-factor authentication ကို သုံးနေတဲ့ မိမိရဲ့ Facebook account  ကိုသုံးနေကျ ပစ္စည်း (သို့) Browser မဟုတ်တဲ့နေရာမှာဝင်ခဲ့သော် တောင်းလာတဲ့ကုဒ်ကို မိမိ အကောင့်ဝင်ထားတဲ့ ဖုန်း (သို့) ကွန်ပြူတာ ထဲက Facebook app  က Notification  တက်လာပြီး ဘယ်နေ့ဘယ်အချိန်မှာ ဘယ်နေရာကနေ ဘယ်ပစ္စည်းမျိုးနဲ့ အကောင့်ကိုဝင်ဖို့ကြိုးစားနေတယ်။ အဲဒါကို လက်ခံမလား ငြင်းပယ်မလားလို့မေးပါတယ်။ ကိုယ်က မသိဘဲကိုယ့်အကောင့်ကိုဝင်ဖို့ကြိုးစားနေတာဆိုလျင်နေတော့ ငြင်းပယ် လိုက်ပြီးစိတ်ချရအောင် account password ကိုပါပြောင်းလိုက်ပါ၊ အဲဒီ အကောင့်ဝင်ဖို့ကြိုးစားနေတာ မိမိကိုယ်တိုင်ဖြစ်နေလျင်တော့ လက်ခံပေးလိုက်ပါ။ စောစောက တန်းလန်းဖြစ်နေတဲ့ ကုဒ်တောင်းနေတဲ့ စာမျက်နှာ ပျောက်ပြီး အကောင့်ထဲကိုတခါတည်းသွင်းပေးပါတယ်။ နောင်မှာ အဲဒီ ဖုန်း/ PC/ browser မှာ ဒီအကောင့်ပြန်ဝင်တဲ့ အခါ ကုဒ်ထပ်မတောင်းစေချင်လျင်တော့ "save browser " ဆိုတာကိုပြ တခါတည်းခြစ်ပေးလိုက်ပါ။ အများသုံးကွန်ပြူတာမှာ ဝင်တာဆိုလျင်တော့ "save browser "ကိုလုံးဝ ( လုံးဝ) မလုပ်ပါနဲ့ ။ 
ဒီလို 2 FA  လုပ်တဲ့ အခါ ကုဒ်ရနိုင်တဲ့ နည်း ဘယ်နည်းကိုရွေးရွေးရပါတယ်။ ကောင်းတာကတော့ ရနိုင်တဲ့နည်းအားလုံးကို ဖွင့်ထားဖို့ပါ။ ဒါမှ အခန့်မသင့်လို့  Authentication app   သုံးမရတာတို့  SMS ကလက်ခံတဲ့ SIM ပျောက်သွားပြီး အစားထိုးကဒ်မလျှောက်ရသေးတာတို့၊ ဖြစ်ခဲ့လျင်တောင် မိမိအကောင့်ကို အချိန်မရွေး နေရာမရွေးမှာ ဝင်နိုင်မှာပါ။ 
ဖိုးသုည
13/1019
https://share-knwge.blogspot.com/2019/10/facebook-2fa-2-factor-authentication.html